News

POST TYPE

POPULAR POST

ဗိုလ်ချုပ်ပုံပါ တစ်ထောင်ကျပ်တန်ပြပါက ယာဉ်စီးခ အခမဲ့ဟု ရေနံချောင်းမြို့ ရေနံသာ သုံးဘီးယာဉ်လိုင်းက ပြောဆို
07-Jan-2020


ချောက်၊ ဇန်နဝါရီလ ၇

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် မြို့တွင်းလိုင်းပြေးဆွဲနေသော ရေနံသာသုံးဘီးယာဉ်လိုင်းက ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ ကျပ် တစ်ထောင်ကို ကြိုဆိုဂုဏ်ပြုခြင်းအနေဖြင့် ခရီးသည်များက ဗိုလ်ချုပ်အောင်ဆန်းပုံပါ  ငွေစက္ကူ တစ်ထောင်တန်ပြပြီး စီးနှင်းပါက ယာဉ်စီးခ အခမဲ့ ပို့ဆောင်ပေးမည်ဟု ယင်းမြို့ ရွှေနံသာ သုံးဘီးယာဉ်လိုင်းထံမှ သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး မြန်မာ့စီးပွားရေးဘဏ်များက ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ ကျပ်တစ်ထောင်တန်ကို ထုတ်ပေးခြင်း နှင့် ငွေလဲလှယ်မှု လုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေနံသာ သုံးဘီးယာဉ်လိုင်းမှ ကိုသက်မင်းက "ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ပိုက်ဆံကို ကျွန်တော်တို့ ကိုင်ပြီး မသုံးရတာကြာပြီလေ။ ဗိုလ်ချုပ်ပုံ နဲ့ ပိုက်ဆံပြန်မြင်ရတော့ ဝမ်းသာတာပေါ့။ အဲဒါကြောင့် ဗိုလ်ချုပ်ပုံပါ တစ်ထောင်ကျပ်တန်ကို ယာဉ်စီးခအနေဖြင့် ပေးစီးရင် အခမဲ့ စီးနှင်းခွင့် တစ်လိုင်းလုံး free ဆိုပြီး ညှီ့ပြီး လုပ်တာပါ" ဟု ပြောကြားသည်။

ယင်းသုံးဘီးယာဉ်လိုင်း မှဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူတစ်ထောင်ကျပ်တန် ပြစီးပါက ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဇန်နဝါရီလ ၉ ရက်နေ့အထိ သုံးရက်တိုင်း ယာဉ်စီးခ အခမဲ့ ပို့ဆောင်သွားမည်ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ သုံးဘီးယာဉ်လိုင်းတွင် သုံးဘီးယာဉ် အစီး ၅၀ ရှိပြီး ယင်းမြို့ မြို့မဈေးအနီးတွင် စထွက်ဂိတ်ထားရှိကာ မြို့တွင်းလိုင်းအဖြစ် ယာဉ်စီးခ ၃၀၀ ကျပ် နှင့် ၂၀၀ ကျပ် ပြေးဆွဲနေသော ယာဉ်လိုင်းဖြစ်သည်ဟု ယင်းသုံးဘီးယာဉ်လိုင်းမှ သိရှိရသည်။

နေနိုင်
ဓါတ်ပုံ- ကိုသက်မင်း


  • VIA