News

POST TYPE

POPULAR POST

စာသင်ကျောင်းများကို စစ်ဘက်ဆိုင်ရာအသုံးပြုမှုများမှ ကာကွယ်ပေးရေး ယူနီဆက်တောင်းဆို
12-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

တိုက်ပွဲများ၊ ပဋိပက္ခဖြစ်ရာနေရာများတွင် ကျောင်းများ၊ တက္ကသိုလ်များကို စစ်ဘက်ဆိုင်ရာ အသုံးပြုမှုများမှ ကာကွယ်ပေးရေး လမ်းညွှန်ချက်များကို မူဝါဒများနှင့် လုပ်ငန်းမူဘောင်များတွင် ထည့်ကျင့်သုံးရန် ယူနီဆက်မြန်မာက အစိုးရကို တောင်းဆိုသည်။

ထို့ပြင် ဘက်စုံဘေးကင်း လုံခြုံသောကျောင်းများ ကြေညာချက်ကိုလည်း အစိုးရအနေနှင့်အတည်ပြုကျင့်သုံး ပေးနိုင်ရန်ကိုလည်း ယူနီဆက်မြန်မာက ဒီဇင်ဘာ ၁၂ ရက်တွင် သဘောထား ထုတ်ပြန်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

ဒီဇင်ဘာ ၆ ရက်က တိုက်ပွဲဖြစ်၍ ကျောက်တော်ဒေသရှိ မူလတန်းကျောင်းမှ ကျောင်းသားတစ်ဦး ထွက်ပြေးလာစဉ် ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့မှုအပေါ် များစွာ တုန်လှုပ်မိကြောင်း ယူနီဆက်က အဓိကထား၍ ဖော်ပြထုတ်ပြန်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခနယ်မြေများတွင် တပ်မတော်နှင့် ရခိုင်တပ်ဖွဲ့တို့ကြားတိုက်ပွဲများ ပြင်းထန်လာချိန် ကလေးငယ်များ၊ ကျောင်းသားများ သေဆုံး၊ ဒဏ်ရာရမှုများ တိုးမြင့်လာသည့်အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်းကိုလည်း ဖော်ပြထားသည်။

တာဝန်ရှိအဖွဲ့များအနေနှင့် ကလေးသူငယ်အခွင့်အရေးဥပဒေ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကဲ့သို့ မူဘောင်များ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ စာသင်ကျောင်းများကို အပြည့်အဝအလေးထားပေးရန်ကိုလည်း တောင်းဆိုထားသည်။ 

ထို့ပြင် လက်နက်ကိုင်လှုပ်ရှားသူ များအနေနှင့် ပညာရေးအဆောက်အအုံများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကြား ဝင်ရောက်နှောင့်ယှက်ခြင်းမပြုရန်ကိုလည်း ယူနီဆက်မြန်မာက တောင်းဆိုထားသည်။ 

စာသင်ကျောင်းအတွင်း သို့မဟုတ် ကျောင်းတစ်ဝိုက်တွင် လက်နက်ကိုင် လှုပ်ရှားသူများ ရှိနေခြင်းသည် ကျောင်းများ ပစ်မှတ်ထားခံရမည့်အန္တရာယ် ပိုများစေနိုင်ပြီး ကျောင်းသားများ၊ ပညာရေးဝန်ထမ်းများကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။ 

ကလေးများကို စာသင်ကျောင်းများအတွင်း ဘေးကင်းလုံခြုံစွာထားပေးနိုင်ရန် တာဝန်ရှိပြီး ကလေးများကို အချိန်ပြည့် ကာကွယ်ပေးနိုင်ရန် တားဆီးထိန်းချုပ်မှုများ ပြုလုပ်ကြရန် ပဋိပက္ခဖြစ်နေသောအဖွဲ့များကို ယူနီဆက်က တောင်းဆိုထားသည်။