News

POST TYPE

POPULAR POST

မကွေးတွင် ပထမဆုံးအကြိမ် ဆိုင်ကယ်စီးဦးထုပ် ၃၀၀ အခမဲ့ပေးဝေ
12-Dec-2019


ချောက်၊ ဒီဇင်ဘာ ၁၂

ဆိုင်ကယ်စီးနင်းသူများ ဘေးကင်းလုံခြုံရေးအတွက် မကွေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဆိုင်ကယ်စီးဦးထုပ်အလုံး ၃၀၀ ကို ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက အခမဲ့ပေးဝေခဲ့ကြောင်း မကွေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဘေးကင်းလုံခြုံရေးအတွက် ယင်းသို့ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးနိုင်ရန် မျိုးသိန်းအီလက်ထရောနစ်လုပ်ငန်းနှင့် ရွှေဧရာကုမ္ပဏီတို့က ကူညီပေးခြင်းဖြစ်ကာ နယ်မြေခံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ အုပ်ချုပ်ရေးတာဝန်ရှိသူများပေါင်း၍ ပေးဝေခဲ့ကြခြင်းဖြစ်သည်။ 

ယင်းတပ်ဖွဲ့မှ ဒုရဲမှူး ထွန်းလှအောင်က “မကွေးအနေနဲ့ ဒါ ပထမဆုံးအကြိမ်ပေါ့။ ပခုက္ကူမြို့မှာ သူတို့ဝေပြီးသွားပြီ။ ဆက်ပြီး သူတို့က ပေးဝေဖို့ရှိပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းထဲမှာ ခရိုင်မြို့ကြီးတွေကို ဆက်ပြီးဝေဖို့ရှိပါတယ်” ဟု ပြောကြားသည်။

ယင်းမြို့ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်လမ်းထောင့်တို့တွင် ဖြတ်သန်းသော ဆိုင်ကယ်စီးနင်းသူများကို စနစ်တကျ သပ်သပ်ရပ်ရပ် စီတန်းပြီး ဆိုင်ကယ်စီး ဦးထုပ် ၃၀၀ ကို အခမဲ့ပေးဝေမှုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆိုင်ကယ်စီးသူများ ယာဉ်အန္တရာယ်ဖြစ်ပွားမှု၊ ထိခိုက်ဒဏ်ရာရမှု လျော့နည်းစေရန် ကုမ္ပဏီဘက်မှ တစ်တပ်တစ်အား ပါဝင်ကူညီခြင်းဖြစ်ကြောင်း မျိုးသိန်းအီလက်ထရောနစ်လုပ်ငန်းမှ တာဝန်ရှိသူ ဦးဇော်မင်းဌေးက ပြောကြားသည်။ 

“ဆိုင်ကယ်မောင်းနေရင်းနဲ့ ဦးထုပ်မပါတော့ ထိခိုက်သွားတယ်။ တချို့ဆို အရမ်းဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့အခြေအနေတွေ တွေ့ရတယ်။ မဖြစ်မနေ ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့ လိုအပ်တယ်ခင်ဗျာ”ဟု ၎င်းက ပြောကြားသည်။

မကွေးတိုင်းတွင် မင်းဘူး၊ တောင်တွင်းကြီး၊ ရှမ်းပြည်တွင် တောင်ကြီး၊ လွိုင်ကော်နှင့် ကလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ဗန်းမော်၊ မိုးညှင်း စသည့် ၁၅ မြို့တို့တွင် သွားရောက် လှူဒါန်းရန်အစီအစဉ်ရှိကြောင်း ၎င်းက ပြောကြားသည်။

ရွှေဘို၊ မုံရွာ၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး မြို့တို့တွင် ဆိုင်ကယ်စီးဦးထုပ်လှူဒါန်းပြီးကြောင်း မျိုးသိန်းအီလက်ထရောနစ်လုပ်ငန်းမှ တာဝန်ရှိသူ ဦးဇော်မင်းဌေးက ပြောကြားသည်။

နေနိုင်