News

POST TYPE

POPULAR POST

နယူးဇီလန် မီးတောင်ပေါက်ကွဲမှု အနည်းဆုံးလူ ၁၁ ဦး ပျောက်ဆုံးလျက်ရှိ၊ ဆက်လက်ပေါက်ကွဲမည့်အနေအထားကြောင့် ကယ်ဆယ်ရေးလုပ်ရန် ခက်ခဲ
12-Dec-2019


ဝယ်လင်တန်၊ ဒီဇင်ဘာ ၁၁ 

နယူးဇီလန်နိုင်ငံ ဝှိုက်ကျွန်းတွင် ဖြစ်ပေါ်ခဲ့သော မီးတောင်ပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူ ကိုးဦးရှိသည်ဟု နယူးဇီလန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

ပျောက်ဆုံးနေသူများအနက် ၇ ဦးမှာ သြစတြေးလျလူမျိုးများဖြစ်ပြီး နှစ်ဦးမှာ နယူးဇီလန်နိုင်ငံသားများဖြစ်သည်။

“ဒါဟာ ပျောက်ဆုံးနေတဲ့သူတွေအားလုံးပါတဲ့စာရင်းလိုတော့ မဆိုနိုင်သေးပါဘူး။ အတည်မပြုနိုင်သေးတဲ့သတင်း တွေရှိနေပါသေးတယ်”ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

တနင်္လာနေ့ကဖြစ်ပေါ်သော ဝှိုက်ကျွန်း ရှိ မီးတောင်ပေါက်ကွဲမှုတွင် အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရရှိ သွားသည်။ 

ဝှိုက်ကျွန်းရှိ ဝါကာရီဟုအမည်ရသော မီးတောင်ပေါက်ကွဲချိန်တွင် ယင်း ကျွန်းပေါ်၌ ကမ္ဘာလှည့်တိုးရစ်ဦးရေ ဒါဇင်နှင့်ချီ၍ ရောက်ရှိနေခဲ့သည်။ 

လက်ရှိအနေအထားတွင် အဆိုပါ မီးတောင်မှာ ပေါက်ကွဲမှုပိုမိုမြင့်တက်လာမည့်အနေအထားတွင်ရှိရာ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ရာတွင် အခက်ကြုံနေရသည်။ 

“ဒီနေ့ နံနက် ၄ နာရီလောက်ကစပြီး အဲဒီမီးတောင်ဟာ လှုပ်ရှားမှုတွေပိုမိုဖြစ်ပေါ်လာပါတယ်။ ရှေ့ဆက်ဘာလုပ်ကြမလဲ၊ ဘာဖြစ်မလဲဆိုတာ မသေချာပါဘူး။ နောင် ၂၄ နာရီအတွင်း ထပ်မံပေါက်ကွဲနိုင်မယ့် အနေအထားရှိပါတယ်”ဟု ဘူမိဗေဒဆိုင်ရာ အဖွဲ့တစ်ခုဖြစ်သော GeoNet မှာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“မီးတောင်က အချက်ပြတာတွေဆက်တိုက်ဖြစ်နေပါတယ်၊ လောလောဆယ်မှာပေါ့” ဟု မီးတောင်ဆိုင်ရာကျွမ်းကျင်သူ ဂရေဟမ်လီယိုနတ်က ပြောကြားသည်။ 

“မနေ့ကတော့ မီးတောင်ပေါက်မယ့် အန္တရာယ် အတော်များများရှိနေခဲ့ပါတယ်။ ဒီနေ့မှာလည်း ရှိနေဆဲပါပဲ၊ ပိုပြီးတောင် မြင့်တက်လာပါတယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။ 

ရုပ်သံသတင်းများတွင် မီးတောင်နေရာမှ အဖြူရောင်မီးခိုးများထွက်နေသည်ကို တွေ့မြင်ရသည်။ 

ဂြိုဟ်တုမှ စောင့်ကြည့်မှတ်တမ်း ယူမှုအရ ဝှိုက်ကျွန်းပေါ်တွင် လူသွားလာ လှုပ်ရှားမှုတစ်စုံတစ်ရာမတွေ့ရပေ။ သို့သော် မီးတောင်မပေါက်ကွဲမီ မိနစ်ပိုင်းအလိုတွင် ခရီးသွားအုပ်စုတစ်စု သွားလာနေပုံကို တွေ့မြင်ရသည်။ 

နယူးဇီလန်ရဲတပ်ဖွဲ့က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ ဘေးအန္တရာယ် ကင်းဝေးရေးကို ဦးစားပေးလုပ်ဆောင်လျက် ရှိကြောင်း၊ ဝှိုက်ကျွန်းပေါ်သို့ မည်သည့် အချိန်တွင် သွားရောက်ခွင့်ရမည်ဆိုသည်ကို သိရှိရန် ပညာရှင်များ၏ အကြံပေးချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း ပြောကြားသည်။

F-01