News

POST TYPE

POPULAR POST

ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၉၂၀ ကျော် တိုးတက်
12-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ယခုဘဏ္ဍာနှစ်စမှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၉၂၀ ကျော် တိုးတက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ် ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ယခင်နှစ်ကာလတူထက် သွင်းကုန်တွင် ဒေါ်လာသန်း ၁၁၀ ကျော် တိုးတက်ခဲ့ပြီး ပို့ကုန်တွင် ဒေါ်လာသန်း ၈၁၀ ကျော်အထိ တိုးတက်ခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာန၏စာရင်းများတွင် ဖော်ပြထားသည်။

ပင်လယ်ရေကြောင်းလိုင်း ကုန်သွယ်မှုမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အောက် တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့ အထိ စုစုပေါင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော်ရှိပြီး ယခင်နှစ်ကာလတူတွင် ၃ ဒသမ ၉ ဘီလီယံ ကျော်သာရှိသောကြောင့် ဒေါ်လာသန်း ၄၁၃ သန်းကျော် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာန၏ စာရင်းဇယားများအရ သိရသည်။

ယခုဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှုတွင် ယခင်နှစ်ကာလတူထက် သွင်းကုန်တွင် ဒေါ်လာ သန်း ၁၀၀ ကျော် တိုးတက်ခဲ့ ပြီး ပို့ကုန်တွင် ဒေါ်လာသန်း ၅၁၀ ကျော်အထိ တိုးတက်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

နယ်စပ်ကုန်သွယ်မှုမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အောက်တိုဘာ ၁ ရက်နေ့ မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ စုစုပေါင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံရှိပြီး ယခင် နှစ်ကာလတူတွင် ကျပ် ၁ ဒသမ ၂ သန်း ကျော်သာရှိသောကြောင့် ဒေါ်လာသန်း ၅၀၀ ကျော် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာန၏ စာရင်းဇယားများအရ သိရသည်။

မြန်မာနိုင်ငံတွင် ပို့ကုန်၊ သွင်းကုန်မှ ကုန်သွယ်မှုတန်ဖိုးတိုးတက်ခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံခန့်ရှိခဲ့ပြီး ယခင်နှစ်ကာလတူ ထက် အမေရိကန်ဒေါ်လာသန်း ၉ ဒသမ ၂ သန်းကျော်တိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ပြည့်ဖြိုးမြင့်မွန်