News

POST TYPE

POPULAR POST

ကန်ကြီးထောင့်အလုပ်သမားသပိတ် အရှိန်မြှင့်၊ လုပ်သားအင်အား ၆၀၀ ကျော်ထိ ပါဝင်လာ
12-Dec-2019


ပုသိမ်၊ ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ ရှိ တရုတ်နိုင်ငံသားပိုင် ဟွာမှုန်အထည် ချုပ်စက်ရုံ အလုပ်သမားသပိတ် စတင်ခဲ့သည့်ရက်မှ သုံးရက်အကြာ ဒီဇင်ဘာ ၁၁ ရက်တွင် အရှိန်မြင့်လာပြီး လုပ်သား ၆၀၀ ကျော်အထိ ပါဝင်သပိတ်မှောက်ကြောင်း ယင်းစက်ရုံ လုပ်သားများထံမှ သိရသည်။ 

အလုပ်သမားဥပဒေနှင့်အညီလုပ် ပေးရမည့်အချက်များ၊ အလုပ်ရှင်နှင့် အလုပ်သမားအကျိုးစီးပွားဆိုင်ရာ ညှိနှိုင်းပေးရမည့်အချက်များအပေါ် စက်ရုံပိုင်ရှင်၊ စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမားအငြင်းပွားမှုဖျန်ဖြေရေး ခုံသမာဓိအဖွဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိ၍ အလုပ်သမားများက သပိတ်မှောက်ခြင်းဖြစ်သည်။

သပိတ်မှောက် တောင်းဆိုသည်ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ကျန်အလုပ်သမားများပါ ထပ်မံပူးပေါင်း ပါဝင်လာ၍ အင်အား ၆၀၀ ကျော်ထိဖြစ်လာကြောင်း ယင်းစက်ရုံ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သန္တာကျော်က ပြောကြားသည်။ 

“တောင်းဆိုချက်တွေ သဘောတူညီမှုမရမချင်း သပိတ်ဆက်မှောက် သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြော ကြားသည်။ 

ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်စုံတို့ သပိတ်မှောက် နေသည့် စက်ရုံသို့ ရောက်ရှိလာပြီး သပိတ်မှောက်သူများကို ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ငြိမ်းစုစီပုဒ်မဖြင့် ငြိစွန်းကြောင်း၊ ငြိမ်းစုစီမတင်ပါက ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ၇ ရက်အတွင်း သပိတ်မှောက်ခွင့်ရှိ၍ ဥပဒေနှင့်ညီကြောင်း တိုင်းအလုပ်သမား ညွှန်ကြားမှုဦးစီးမှူး ဒေါ်ဌေးဌေးမြင့်က သတင်းမီဒီယာများကို ဖြေကြားပြီးဖြစ်ကြောင်း၊ အလုပ်သမားများ သပိတ်မှောက်နေခြင်းမှာ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် ညီညွတ်ကြောင်း အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့တာဝန်ခံ ဒေါ်ခခက ပြောကြားသည်။ 

သပိတ်စခန်းကို ဝန်းရံစောင့် ရှောက်နေသူ ယင်းမြို့ခံ ဦးရဲဝေအောင်က “ဒီစက်ရုံဟာ ဒီအဖြစ်အပျက် မဖြစ်ခင်က လည်း အလုပ်သမားတွေအပေါ် အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခဲ့လို့ မကြာခဏ မြို့ခံတွေက ဖျန်ဖြေပေးခဲ့ရ တယ်။ ခုကိစ္စမှာလည်း အလုပ်သမားတွေက အမှန်တကယ်ခံစားနေရတဲ့ကိစ္စပါ။ ဒါကို တာဝန်ရှိသူတွေက တရားမျှတမှု အတွက် ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ပြောကြားသည်။ 

ခုံသမာဓိအဖွဲ့၏ အငြင်းပွားမှု အမှတ် (၅/၂၀၁၉) ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသဖြင့် ယင်းစက်ရုံ အလုပ်သမားများက စက်ရုံဝင်းအတွင်း ထမင်းစားဆောင်၊ စက်ရုံအရှေ့နှင့် ဘေးပတ်လည်တွင် အလုပ်သမားအင်အား ၅၀၀ ကျော်နှင့် သပိတ်မှောက်မည်ဖြစ်ကြောင်း မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနများသို့ စာဖြင့်ကြိုတင်အသိပေးအကြောင်းကြားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

R-12