News

POST TYPE

POPULAR POST

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ကျောင်းဆရာမအတွက် တရားမျှတမှုရရှိရေးဆန္ဒပြ
01-Dec-2019


ကလေး၊ ဒီဇင်ဘာ ၁

တွန်းဇံမြို့နယ်တွင် ကျောင်းဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရမှု သေဆုံးသူအတွက် တရားမျှတမှုရရှိရေးနှင့် အမှုမှန်ပေါ်ပေါက်ရေး ဒေသခံရာချီ၍ ဒီဇင်ဘာ ၁ ရက်၊ မွန်းလွဲပိုင်းက တီးတိန်မြို့၌ စုပေါင်းဆန္ဒပြခဲ့ကြသည်။

ကျောင်းဆရာမ ဒေါ်လျာဒိမ်လွန်မန်သည် နိုဝင်ဘာ ၁၇ ရက်၊ ည ၁၀ နာရီခန့်က ၎င်းတာဝန်ကျရာ တွန်းဇံမြို့နယ်၊ ဗဲလ်ဇန်ရွာကျောင်းဝင်းအတွင်းနေအိမ်၌ရှိနေစဉ် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါရွာသည် မြန်မာ-အိန္ဒိယနယ်စပ်နှင့် နှစ်ဖာလုံခန့်သာဝေးပြီး သေနတ်သမားသည် အိန္ဒိယဘက်ခြမ်းမှဖြစ်ပြီး သေနတ်ဖြင့်ပစ်သတ်ပြီးနောက် အိန္ဒိယနိုင်ငံပိုင်နက်ထဲသို့ ပြန်သွားခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။ 

သေနတ်သမားသည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်သား ကသည်းလူမျိုး ဘိနော်ဆိုသူဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကိုကိုးကား၍ ချင်းလူမှုအရပ်ဘက်အဖွဲ့များ၏ နိုဝင်ဘာ ၁၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

ဆရာမဒေါ်လျာဒိမ်လွန်မန်အတွက် အမှုမှန်ပေါ်ပေါက်ရေး၊ ၎င်းအပေါ် ဂုဏ်သိက္ခာချပြောဆိုမှုများ အရေးယူပေးရေး၊ တရားမဝင် နိုင်ငံခြားသားမဏိပူရ်ကသည်းလက်နက်ကိုင်များကို အရေးယူပေးရေး ဆန္ဒပြသူများက တောင်းဆိုသည်။



ထို့ပြင် ချင်းပြည်နယ်နှင့် ကဘော်ဒေသအတွင်း တရားမဝင်မဏိပူရ်ကသည်းများကို အရေးယူပေးရေး၊ တွန်းဇံမြို့နယ်၊ မဏိပူရ်ကသည်းအရေး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောကြားချက်ကို ထောက်ခံကြောင်း ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဒေသတွင်း ဥပဒေစိုးမိုးရေးနှင့် တရားမဝင်လက်နက်ကိုင်များကြောင့် ပြဿနာများမဖြစ်စေရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်များကို သုံးစွဲကာကွယ်ရေး ဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒပြသူ ပေါင်ကိမ်းတွောင်က ပြောကြားသည်။ 

ဒေါ်လျာဒိမ်လွန်မန်သည် ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ဇာတိဖြစ်ပြီး ဗဲလ်ဇန်ကျေးရွာမူလတန်းကျောင်းသို့ ၂၀၁၇ ခုနှစ်မှ စတင်ကာ တာဝန်ထမ်းဆောင်နေပြီး စတုတ္ထတန်းကိုသင်ကြားနေသူဖြစ်ကြောင်း အဆိုပါကျောင်းထံမှ သိရသည်။ 

သေနတ်သမားကို အမြန်ဆုံးဖမ်းမိရေး တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များကို ဖိအားပေးဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားထားသည်။ 

သို့သော် အခင်းဖြစ်ပွားသည့် နိုဝင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၁ရက်အထိ ကျူးလွန်သူသေနတ်သမားဖမ်းမိ၊ မမိ ထူးခြားသတင်းတစ်စုံတစ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့က လူထုထံ တရားဝင်ထုတ်ပြန်အသိပေးခြင်းမရှိပေးပေ။ 

အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများပူးပေါင်း၍ ကျူးလွန်သူကိုဥပဒေနှင့်အညီ ဖမ်းဆီး၊ အရေးယူပေးရေး ချင်းအရပ်ဘက်အဖွဲ့ ၃၀ ခန့်ကလည်း နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်တောင်းဆိုထားသည်။ 

ထို့ပြင် မိသားစုနှင့်ခွဲပြီး ဝေးလံဒေသများတွင် တာဝန်ထမ်းနေကြသည့် ဆရာ၊ ဆရာမများ၊ သူနာပြုများ၏ နေ့စဉ်ဘဝလုံခြုံရေး အာမခံချက်ရှိရန် အာဏာပိုင်အဖွဲ့များ တာဝန်ယူပေးရေးကိုလည်း တောင်းဆိုခဲ့ကြသည်။ 

ကချင်ပြည်၊ ဖားကန့်နယ်၊ နမ္မဖြစ်ရွာတွင် ကျောင်းဆရာ ဦးအောင်ဇင်ထွန်း ကျောင်းသားများနှင့်တန်းစီချိန် လူသုံးဦးက ခေါ်ဆောင်သွားကာ သေနတ်ဖြင့်ပစ်သတ်ခံမှု လွန်ခဲ့သည့်သုံးနှစ်ခန့် ၂၀၁၇၊ ဇန်နဝါရီလကလည်း ဖြစ်ခဲ့သေးသည်။

ဦးအောင်ဇင်ထွန်းအသတ်ခံရမှုအတွက် အမှုမှန်ပေါ်ရေး ဆရာအဖွဲ့ချုပ်က ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း ယခုအချိန်အထိ သေနတ်သမားများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

R-20/ Photo - Lian Tuang