News

POST TYPE

POPULAR POST

တူနှစ်ကိုယ် အိပ်ရာပေါ်မှာ မလုပ်သင့်တဲ့အမှားများ
10-Nov-2019


လက်တွဲဖော်နဲ့ အိပ်ရာဝင်ခါနီး သာယာခြင်း ခြေလှမ်းလေးတွေ စနေပြီဆိုရင် အောက်မှာဖော်ပြမယ့် မကောင်းတဲ့ အလေ့အကျင့်တွေကို ရှောင်ကြဉ်ရပါမယ်။ ဒါမှသာ တူနှစ်ကိုယ် ရွှေနန်းအိပ်ခန်းဆောင်လေးဟာ သာယာပျော်ရွှင်စရာကောင်းတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာကျော်လူမှုဘဝနဲ့ ကျန်းမာရေးမဂ္ဂဇင်း Reader’s Digest က လိင်မှုရေးရာ ကျန်းမာရေးဆောင်းပါးကို ကိုးကားလို့ အကြံပြုချက်များကို ဖော်ပြပေးလိုက်ပါတယ်။

စက်ရာဆောင်ဟာ ရန်ဖြစ်တဲ့နေရာ မဟုတ်ပါဘူး

အိပ်ရာခန်းဝင်နေရာဆိုတာ နှစ်ဦးပေါင်းဖက်ခြင်းရဲ့ သာယာခြင်းကို ပေးတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာကို ဒေါသဖောက်ခွဲဖို့ နေရာမဖြစ်သင့်ပါဘူး။ မကျေလည်တာတွေ ရှိတယ်ဆိုရင် တခြားနေရာမှာ တဖြည်းဖြည်းနဲ့ ညှိနှိုင်းလို့ရပါတယ်။ ဒေါသကို လိင်မှုရေးရာ အတူနေစဉ်မှာ မထည့်လိုက်သင့်ပါဘူး။ ဒါဟာ လိင်မှုရေးရာကို အပြစ်ပေးတဲ့ အရာအဖြစ် သုံးလိုက်တာ ဖြစ်ပါတယ်။ ဒေါသထွက်ထွက်နဲ့ အိပ်ပျော် သွားတာက အကြောင်းမဟုတ်ပါဘူးတဲ့။ လိင်မှုရေး ရာထဲမှာ သင့်ရဲ့ဒေါသကို ဖောက်ခွဲမယ်ဆိုရင်တော့ ဒါက ရေရှည်လက်တွဲသာယာမှုကို ထိခိုက်စေနိုင်ပါတယ်လို့ လိင်မှုဗေဒပညာရှင် ဒေါက်တာဂလိုရီယာ ဘရိမ်းက ပြောကြားခဲ့ပါတယ်။

စိတ်ကူးအတူယဉ် အတူပြောကြတာကောင်းတယ်

တချို့က လိုရင်းပဲ ပြီးတာပဲဆိုပြီး သွားလိုက်ချင်ကြပြီး သူဘာလိုချင်တယ် ကိုယ်ဘာကြိုက်တယ်ဆိုတာကို မပြောဖြစ်ကြဘူးလို့ စိတ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်နဲ့ လိင်မှုရေးရာ နှစ်သိမ့်ပညာပေးသူ အိုင်ယန်ကာနာက ပြောကြားပါတယ်။ ကိုယ်ဘာလို ချင်တယ်ဆိုတာကို ပြောပြရာမှာ သူ့ကို ဝေဖန်ထိုးနှက် တဲ့ ပုံတော့ မဖြစ်ဖို့လိုပါသတဲ့။ “ကိုယ့်ကို အရူးအမူး ဖြစ်သွားစေမယ့် ပုံစံကတော့ကွာ” အစချီပြီး ပြောကြသင့်ပါသတဲ့။ ကိုယ်လိုလားတဲ့ ပုံစံကို ပြောဖို့ မရှက်ပါနဲ့၊ သင့်ကိုချစ်တဲ့ မိန်းမ ဒါမှမဟုတ် ယောကျာ်းက နားထောင်ချင်မှာ အသေအချာပါပဲလို့ ဒေါက်တာ ဂလိုရီယာဘရိမ်းက ဆိုပါတယ်။ စုံတွဲတွေကြားမှာ သူဒါမှမဟုတ် သူမရဲ့ နေရိုးနေစဉ်ကနေ ဖောက်ထွက် အဆန်းထွင်ချင်တဲ့အကြောင်းတွေကို ပြောကြပါတဲ့။ အသစ်အဆန်း ထွင်တယ်ဆိုရာမှာ စိတ်လှုပ်ရှားစရာ ဖြစ်သင့်ပါတယ်။ အန္တရာယ်ရှိတဲ့၊ တစ်ယောက်ယောက် က သက်သောင့်သက်သာ မဖြစ်တဲ့အနေအထားမျိုး မဖြစ်သင့်ပါဘူးတဲ့။ လိင်မှုရေးရာဘဝ သာယာပျော်ရွှင်ကြသူတွေရဲ့ အလေ့အထတွေကို ပုံတူကူးသင့်ပါတယ်နော်။

အတုအယောင် အမူအရာတွေ မလုပ်သင့်ပါဘူး

သူ့ကို မြှောက်ပင့်ပေးတဲ့ဟာမျိုး မကောင်းပါဘူး။ ရိုးသားတာပိုကောင်းပါတယ်။ ကိုယ်မကြိုက်တဲ့ဟာကို ကြိုက်ချင်ယောင်ဆောင်ပြီး နေတာမျိုးက ကိုယ့်အတွက် မကောင်းပါဘူး။ နောက်ပြီးတော့ ကိုယ့်အဖော်ကလည်း ကိုယ်တကယ် မကြိုက်တာကို သိသွားတဲ့အခါ သူ့ကိုယ်သူ ယုံကြည်မှု ကျဆင်းနိုင် ပါတယ်။ ဘယ်လိုမျိုး ကြိုက်တယ်၊ ဘယ်လိုမျိုးတော့ မကောင်းဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ပြောဆိုကြသင့်ပါတယ်။ ကြင်နာမှုကို စည်းမခြားပါနဲ့လို့ Hot Sex: How to do it ကို ရေးသားတဲ့ ထရေစီကော့စ်က ပြောကြားပါတယ်။

သူ့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဝေဖန်ချိုးဖဲ့တာ မလုပ်ပါနဲ့

မိမိကိုယ်ခန္ဓာကိုမိမိ ယုံကြည်ခြင်းဟာ လိင်မှုရေးရာပေါ် သက်ရောက်မှုရှိပါတယ်။ အိပ်ရာပေါ်မှာ ဝတ်လစ်စားလစ် ရှိနေချိန်ဟာ အကာအကွယ်မဲ့သလို ခံစားနေရချိန်မို့ ဒီအချိန်မှာ ဝေဖန်ချိုးဖဲ့တာမျိုး မပြုသင့်ပါဘူးလို့ ထရေစီကော့စ်က ဆိုပါတယ်။ မိမိ ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးခြင်းဟာ အမျိုးသမီးတွေ အတွက် လိင်မှုရေးရာ ခွန်အားကျစေသလို၊ အမျိုးသားတွေ သူတို့ကို သေးကွေးပိစိလို့ ပြောခံရတယ်ဆိုရင် သူတို့လည်း စိတ်ထဲမကောင်း ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ် ပိန်လှီမှု၊ အဝလွန်မှုတွေကို အပြစ်မဆိုသင့်ပါဘူး။ နားလည်ချစ်ခင်ပါ။ မချိုးဖဲ့ပါနဲ့။ 

ရည်းစားဟောင်းနဲ့ ယှဉ်ပြီး ဟိုပြောဒီပြောမလုပ်ပါနဲ့

လူတိုင်းရဲ့ လိင်မှုရေးရာ အရသာ ပေးစွမ်းနိုင်စွမ်းက တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တစ်ယောက်နဲ့ ကြုံခဲ့တုန်း အလုပ်ဖြစ်ခဲ့တာက နောက်တစ်ယောက်မှာ အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ အလုပ်ဖြစ်တယ် ဆိုရင်တောင် တစ်ယောက်ယောက်နဲ့လည်း ဒီလိုပဲ ဖြစ်ခဲ့တယ်ဆိုတာကို သိနေရင်တောင် မကြားချင်ကြပါဘူး။ ကိုယ့်တွဲဖက်ဟောင်းနဲ့ လိင်မှုရေးရာတွေအကြောင်း ပြောဆိုခြင်းဟာ လက်ရှိလိင်မှုရေးရာဘဝကို ထိခိုက်စေပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။ 

ပျော်ရွှင်ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ကြပါစေ။

ဆရာဆေး