News

POST TYPE

POPULAR POST

မိုးထိ မိုးမိ မခံသူ
10-Nov-2019


ထိုနေ့က မိုးမရွာပေ။ သို့သော်လည်း မိုးသားများက ရွာဟန်ပြင်နေသည်။ ထို့အတွက် ထီးတော်မိုးများက အသင့်အနေအထားရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် မိုးရွာမှ ထီးဖွင့်လျှင် မိုးရေစို ကုန်လိမ့်မည်။ ဒီလိုဖြစ်မှာကို မလိုလား။ မိုးရေ တစ်ပေါက်မှထိလို့ မဖြစ်။ 

ဒါကြောင့် မိုးမရွာခင်ကပင် ထီးကိုဖွင့်လိုက်ကြသည်။ ထီးများကိုဖွင့်ကာ လူတစ်ယောက်ကို သယ်သွားသည်။ လေယာဉ်ပေါ်သို့...။ 

ထိုလူကား ဘယ်သူနည်း။ VIP လော၊ VVIP လော၊ VVVVVIP လော။ 

သေချာတာကတော့ ထိုလူသည် အရေးကြီးပုဂ္ဂိုလ်ပင်ဖြစ်ရမည်။ ဒီလောက် ထီးအလက်ပေါင်းများစွာ ကာကွယ်ကာ သယ်ထုတ်သွားရသူ။ နေရာကလည်း တာချီလိတ်လိုနေရာ။ အမည်းရောင်နယ်မြေမဟုတ်သော်လည်း အဖြူရောင်လည်းမဟုတ်။ ဒီတော့ အရေးကြီးပုဂ္ဂိုလ်ကို ထိခိုက်ခံလို့မဖြစ်။ အဓိကကတော့ မိုးထိလို့ မဖြစ်၊ မိုးမိလို့ မဖြစ်။ ဖျားသွားမှာစိုးရသည်။ 

အဘယ်ကြောင့်ဆိုသော် ထိုသူသည် မကြာမီကပင် လကမ္ဘာက ပြန်လာခဲ့သူ။ ဒါကို ဘယ်သူမှ မသိ။ ပြည်သူတွေ သိလို့မဖြစ်။ ပြည်သူတွေသိလျှင် အုတ်အော်သောင်းတင်း ဖြစ်ကုန်လိမ့်မည်။ ဒါကြောင့်လည်း ထိုလူကို ထီးများနှင့်ကာကွယ်ကာ ထုပ်ပိုးသွားခြင်းဖြစ်သည်။ ဒါကလည်း အကြောင်းရှိပါ၏။ 

မြန်မာနိုင်ငံမှ လူတစ်ယောက် လကမ္ဘာက ပြန်ခဲ့သည်ဆိုလျှင် ဘယ်သူယုံမည်နည်း။ သေချာတာကတော့ မြန်မာပြည်သားတွေကတော့ ကိုယ့်အခြေအနေကိုယ်သိလို့ ယုံမှာမဟုတ်။ ဒါပေမဲ့ နိုင်ငံခြားက လူတွေကတော့ ယုံကြမလားမသိ။ 

လကမ္ဘာကိုသွားဖို့က လွယ်တော့မလွယ်။ တကယ့် နိုင်ငံကြီးတွေလောက်သာ သွားနိုင်ကြသည်။ မြန်မာပြည် အနေနှင့် လကမ္ဘာကိုအခြေချဖို့ အလွန်ပင်ခက်ခဲသည်။ ဒါပေမဲ့ ထိုသူကား လကမ္ဘာကို တကယ်ပင်သွားခဲ့သည်။ 

သူများတွေလို သုတေသနလုပ်ဖို့၊ နာမည်ကြီးဖို့၊ စမ်းသတ်ဖို့ သွားခြင်းတောင်မဟုတ်။ ချစ်သူဇနီးမယားလေးဖြင့် ဟန်းနီးမွန်းအဖြစ် အလည်အပတ်သွားခဲ့ခြင်းပင်။ 

ဒီလိုဆင်းရဲစုတ်ချာသည့် မြန်မာနိုင်ငံက လူက လကမ္ဘာကိုတောင် အလည်အပတ်သွားသည်ဟုဆိုလျှင် နိုင်ငံတကာက လန့်သွားနိုင်သည်။ ဒါကြောင့်လည်း နိုင်ငံခြားသတင်းထောက်များ မသိစေရန် ကာကွယ်ထားခြင်းပင်။ အခြားသူများဆိုလျှင်တော့ ဒီလို ဘယ်ကာကွယ်မလဲ။ နားရင်းသုံးချက်လောက်တောင် ရိုက်ချင်ရိုက်နိုင်သေးသည်။ 

ဘာလို့လဲဆိုတော့ လကမ္ဘာကို သွားခဲ့သူက တရားခံပြေးဟုဆိုလည်း ဆိုနိုင်သည်။ တရားခံစစ်စစ်လို့တော့ သုံးလို့မဖြစ်။ တရားရုံးက အပြစ်ရှိသည်ဟု အမိန့်မချမချင်း တရားခံဟု မခေါ်ထိုက်ဆိုသော စကားလုံးကလည်း ရှိသေးသည်။ 

ထိုသို့သော မိုးထိမခံ၊ မိုးမိမခံဘဲ လကမ္ဘာကို သွားခဲ့သူတစ်ယောက်က ဘာလို့ တရားခံပြေးဖြစ်ရသနည်း။ စိတ်ဝင်စားဖို့ကောင်းပါသည်။ နိုင်ငံတော်ကို ရွှေတွေမပေးလို့တဲ့။ ပေးရမည့်ရွှေတွေကလည်း နည်းနည်းနောနောတော့မဟုတ်။ ပိဿာပေါင်း ၁၂၈၀။ တန်ချိန် အားဖြင့် ၂ တန်။

အစကတော့ ထိုသူသည် နိုင်ငံတော်ကို ရွှေပေးမည်ဟု ကတိခံထားဖူးသည်။ ထိုသို့ကတိခံပြီးမှ ထိုသူသည် နိုင်ငံတော်ကို ရွှေမပေးဖြစ်။ ဒါကို နိုင်ငံတော်က စိတ်ဆိုးသည်။ 

အဲ... နိုင်ငံတော်ဆိုတာ ဘယ်သူနည်း။ ထိုကိစ္စက ပြောရခက်၏။ တစ်ခါတလေတော့ အစိုးရက နိုင်ငံတော်ဖြစ်သွားသည်။ တစ်ခါတလေတော့လည်း နိုင်ငံတော်က သတ်သတ် အစိုးရက သတ်သတ်ဖြစ်သွားပြန်သည်။ 

အဲ့တော့ အစိုးရက စိတ်ဆိုးသည်ဟု ဆိုရမလား။ တကယ်တော့ နောက်ကွယ်တွင် ဒီထက်ရှုပ်ထွေးသည့် ကိစ္စများရှိသည်။ တကယ်တော့ မိုးထိမခံသူ၊ မိုးမိမခံ သူသည် ဘာသာရေးလည်း လိုက်စားသည်။ အဓိကတော့ မဘသဆိုသည့်အဖွဲ့ကို အားပေးသည်။ ထောက်ခံသည်။ ထောက်ပံ့သည်။ မျိုးချစ်တွေကို အားပေးသည်။ သူထောက်ခံသည့် သူတွေကလည်း အစိုးရကို ခဏခဏ ဆန္ဒပြကြသည်။ အပြစ်တင်ကြ။ ပုတ်ခတ်ကြသည်။ ဆဲဆိုကြသည်။ ဒီတော့ အစိုးရခမျာ သည်းမခံနိုင်တော့။ 

ဒီလိုနှင့် ရွှေ ၂ တန် ကိစ္စပေါ်လာတော့ ကျော်ထက်အောင်လို မီးလေးခဏမှိတ်ပေးပါ။ ခဏနေရင် ရွှေတွေပေးပါမည်ဟု ပြောလိုက်သေးသည်။ သို့သော်လည်း အစိုးရက စိတ်ဆိုးနေပြီ။ မရတော့။ 

အရှေ့တောင်အာရှက အကြီးဆုံးရွှေသိုက်ကြီးကို ချက်ချင်းပိတ်သည်။ လူကို တရားစွဲသည်။ ဝရမ်းထုတ်။ ချက်ချင်းပင် ဖမ်းခိုင်းလိုက်တော့သည်။ ထို့ကြောင့် ထိုလူလည်း လကမ္ဘာကို ပြေး၏။ ချစ်ဇနီးလေးနှင့်ပေါ့။ ဝန်ကြီးများရုံးမှာမှ မာဆတ်ရှိသေးသည်။ ဒါပေမဲ့ လကမ္ဘာမှာ ဘာမှမရှိ။ ကေတီဗီမရှိ၊ မာဆတ်မရှိ။ ပျင်းစရာ ကောင်းပါဘိ။ 

နေ့စဉ်နေ့တိုင်း ကမ္ဘာ့မြေကြီးကို လှမ်းကြည့်ရင်း အလွမ်းဖြေရသည်။ ပျင်းတော့ သူ့ထုံးစံအတိုင်း လကမ္ဘာမှာ ရွှေတွေရှာ၏။ တွေ့သော်လည်း ရွှေဝိုင်းပြီး ဖမ်းဖို့ ပြဒါးက မပါ။ ဒါကြောင့်လည်း ထိုသူလည်း လကမ္ဘာမှ ပြန်ဆင်းလာခြင်းပင်။ 

အကြံကတော့ လကမ္ဘာမှာ ရွှေထုတ်ဖို့ လူလာခေါ်တာ။ သို့သော်လည်း လမ်းမှားပြီး ထိုင်းနိုင်ငံတွင် ဆင်းမိသွားသည်။ မြန်မာပြည်မှာသာ ဆင်းမိလျှင် အခုလို အဖမ်းခံရမည်မဟုတ်။ အဲ့တော့ ထိုင်းရဲများ၏ နောက်ယောင်ခံမှုကို ခံလိုက်ရသည်။ ပြီးတော့ မြန်မာပြည်ကို သတင်းပို့သည်။ မြန်မာက ထိုလကမ္ဘာမှ ပြန်လာသူကို ထိုင်းတွင်သွားဖမ်းမည်ဟု ကြေညာသည်။ ထို့ကြောင့် ထိုသူလည်း မြန်မာပြည်သို့ ပြန်ပြေးရန်ကြံ၏။ လေယာဉ်ဖြင့်ပြန်လာက အဆင်မပြေ။ 

ဒါကြောင့် နယ်စပ်က ပြန်ပြေးရန်ကြံသည်။ သို့သော်လည်း ထိုင်းရဲများက မြန်မာလိုမဟုတ်။ ဒါကြောင့် လက်ဦးကာ ဖမ်းဆီးလိုက်သည်။ ပြီးတော့ မြန်မာရဲများ ကိုခေါ်ကာ အပ်လိုက်တော့သည်။ အခုတော့ မိုးထိ မခံသူ၊ မိုးမိမခံသူလည်း လုံခြုံစိတ်ချရသောနေရာသို့ ရောက်ချေပြီ။ 

မကြာမီကာလတွင်တော့ မြန်မာအစိုးရနှင့် ထိုလူတို့ ပူးပေါင်းကာ လကမ္ဘာသို့ သွားရောက်ကာ ရွှေတွေ ထုတ်တော့မည်ဖြစ်သည်။ ထိုသို့ရွှေထုတ်ရာတွင် ရလာသောရွှေများကို ယာဉ်ဖြင့် သယ်လို့မဖြစ်။ အနှောင့်အယှက်တွေ ရှိနိုင်သည်။ ဆီကုန်သည်။ ဒါကြောင့် ပိုက်လိုင်းဖြင့် လပေါ်မှ ကမ္ဘာပေါ်သို့ ရွှေများ သွန်ချမည်။ 

ထိုသို့ မြန်မာပြည်အရောက်ပို့ရန်အတွက် မြန်မာပြည်ကိုဖြတ်ကာ ရေနံပိုက်လိုင်းဖောက်သော တရုတ်ကြီးသို့ လုပ်ငန်းအပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။ 

စိုပြေ