News

POST TYPE

POPULAR POST

မကွေးတွင် အသံထက်မြန်သော လေယာဉ်များ လေ့ကျင့်ပျံသန်း
05-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း တပ်မတော်လေမှ အသံထက်မြန်သည့် လေယာဉ်အမျိုးအစား Supersonic Flight များ လေ့ကျင့်ပျံသန်းခဲ့ကြောင်း တပ်မတော်(လေ)ထံမှ သိရသည်။

အဆိုပါ လေ့ကျင့်ပျံသန်းမှုများကို နိုဝင်ဘာလ ၅၊ ၆၊ ၇၊ ၈ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရာသီဥတု အနေအထားအရ အရန် နိုဝင်ဘာလ ၁၃ ၊ ၁၄၊ ၁၅ ရက်များတွင် လေ့ကျင့်ပျံသန်းရန် စီစဉ်ထားပြီး လေ့ကျင့်ပျံသန်းစဉ်အတွင်းမကွေးမြို့နယ်အတွင်း ပေါက်ကွဲသံများဖြစ်ပေါ်မည်ဖြစ်သည့်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်ခြင်းမဖြစ်စေရန်လည်း သတိပေးစာကို မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၅ ရက်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု စသည့် မြို့နယ်များ၏ ကောင်းကင်ယံတွင် တပ်မတော်(လေ) တိုက်လေယာဉ်များ စူပါဆောနစ်ဖွင့်ပြီး စတင်ပျံသန်းခဲ့သော်လည်း အမြင့်ပေမြင့်မားသည့်အတွက် အသံကျယ်လောင်မှုသိပ်မရှိခဲ့ကြောင်း တပ်မတော်လေထံမှ သိရသည်။

“စပြီးပျံသန်းတဲ့နေ့က သိပ်တော့ အသံမကျယ်ခဲ့ဘူး။ အမြင့်ပေက အတောင်လေးမြင့်တဲ့အတွက် မီးခိုးတန်းလေးပဲ မြင်ရတယ်။ မကွေးတစ်ခုတည်းမဟုတ်ဘူး၊ ချောက်၊ မင်းဘူး၊ စကု အဲဒီဘက်တွေကနေ မြင်ရတယ်” ဟု မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အသံထက်မြန်သည့် Supersonic Flight ပျံသန်းမှုစနစ်သည် လေထုထဲတွင် ဂျက်လေယာဉ်အား ပေါက်ကွဲအားဖြင့် အင်ဂျင်စနစ်မြှင့်တင်မည့် စနစ်ဖြစ်သည့်အတွက် လေထုထဲမှ ပေါက်ကွဲသံအချို့ ကြားရမည်ဖြစ်ကြောင်း လေကြောင်းကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

ယင်းပေါက်ကွဲသံများကြောင့် ပြည်သူလူထုများ စိုးရိမ်ထိတ်လန့်မှုများ မဖြစ်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေနှင့် ပြည်သူများထံ ကြိုတင်အသိပေးကြေညာရန်လည်း အဆိုပါညွှန်ကြားချက်တွင် ဖော်ပြထားသည်။

J-08