News

POST TYPE

POPULAR POST

ဥက္ကံမြို့တွင် အောင်လအန်ဆန်းပွဲ အားပေးနေစဉ် အမျိုးသားနှစ်ဦးသေဆုံး
14-Oct-2019
ဥက္ကံ၊ အောက်တိုဘာ ၁၄

ယမန်နေ့က ပြုလုပ်ခဲ့သည့် One Championship ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ်သော အောင်လ အန်ဆန်းနှင့် ဘရန်ဒန် ဗီရာတို့ ထိုးသတ်ပွဲကို အားပေးနေစဉ် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

သေဆုံးသူများမှာ ဥက္ကံမြို့၊ အနော်ရထာရပ်ကွက်၊ အိုးဖိုတန်းလမ်းနေ ဦးမောင်တင်စိုး (၆၀ နှစ်) နှင့် ရှမ်းစုကျေးရွာနေ ဦးလှဝင်း (၅၆ နှစ်) တို့ဖြစ်ကြောင်း သေဆုံးသူများ၏ မိသားစုဝင်များထံမှ သိရသည်။

အောင်လ အန်ဆန်းပွဲ ကြည့်နေစဉ် “အောင်လနိုင်ပြီ ဒါမြန်မာကွ”ဟု အော်၍ လက်ခုတ်တီးပြီး နောက်ကိုပက်လက်လန်ကျ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ရှမ်းစုကျေးရွာနေ သေဆုံးသူ ဦးလှဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့ပြင် အိုးဖိုတန်းလမ်းက ဦးမောင်တင်စိုးမှာလည်း ယင်းပွဲကို ကြည့်ရှုနေစဉ် “ထိုးထိုးအောင်လကွ ထိုးထိုး”ဟု လက်ခုတ်တီးအော်ဟစ်နေစဉ် ထိုင်ခုံမှပက်လက်လန်ကျ၍ ဥက္ကံမေတ္တာရေစင်လူနာတင်ယာဉ်ဖြင့် ဥက္ကံမြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၂၀၁၇ ဇွန်လ ၃၀ ရက်ကလည်း ရန်ကင်းမြို့နယ်မှ အသက် (၆၅) နှစ်အရွယ်အမျိုးသားတစ်ဦးသည် အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်ခဲ့သည့် MMA ပွဲစဉ်ကို ကြည့်ရှုနေစဉ် လဲကျသေဆုံးခဲ့ရသကဲ့သို့ ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်က ကျင်းပခဲ့သည့် အောင်လအန်ဆန်၏ MMA (One Championship) မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ကြည့်ရှုအားပေးခဲ့သည့် ငပုတောမြို့နယ် ပြင်ခရိုင်ကျေးရွာနေ ဦးဖိုးသာအောင် (ခ) ဦးဌေးဝင်း အသက် (၆၁ နှစ်) သည်လည်း နှလုံးရပ်ပြီး သေဆုံးခဲ့ရသည်။

R-19


  • VIA