News

POST TYPE

POPULAR POST

ဒေါက်တာအောင်ကျော်ဝင်းကို အမျိုးသမီးဟု ပြောဆိုနေသူများအား တရားစွဲမည်ဟု ဇနီးဖြစ်သူပြော
13-Oct-2019

ဒေါက်တာအောင်ကျော်ဝင်းနှင့် ဇနီးဖြစ်သူ ဒေါက်တာသက်သက်ခိုင်တို့ကို တွေ့ရစဉ်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရွှေတိဂုံဘုရား အထက်ပစ္စယံပေါ်သို့ တက်ခဲ့သည့် ဒေါက်တာအောင်ကျော်ဝင်းကို အမျိုးသမီးဟု စွပ်စွဲပြောဆိုနေသူများနှင့် ရွှေတိဂုံ ဂေါပကအဖွဲ့ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒေါက်အောင်ကျော်ဝင်း၏ ဇနီးဖြစ်သူ ဒေါက်တာသက်သက်ခိုင်ကပြောသည်။

“အခုကိစ္စနဲ့ပတ်သက်ပြီး Facebook မှာတင်တဲ့သူကို တရားစွဲမယ်။ ရွှေတိဂုံ ဂေါပကကိုသတင်းစာကနေ တောင်းပန်ခိုင်းမယ်။ ရှေ့နေနဲ့ ပြောနေပြီ”ဟု ၎င်းက The Voice သတင်းစာသို့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင်ပြောသည်။

ဒေါက်တာအောင်ကျော်ဝင်းမှာ အမျိုးသမီးမဟုတ်ဘဲ အမျိုးသားတစ်ဦးဖြစ်ကာ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ပတ်စ်ပို့စ်၊ ဘွဲ့လက်မှတ်၊ ဆေးမှတ်တမ်းများ တိုက်ဆိုင်စစ်ဆေး၍ ရကြောင်းလည်း ဒေါက်တာသက်သက်ခိုင်က ဆက်လက်ပြောဆိုသည်။

ထို့ပြင် ဒေါက်တာအောင်ကျော်ဝင်းကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်မှ သုဓမ္မမဏိဇောတဓရ ဘွဲ့ပေးအပ်ခဲ့ပြီး အဆိုပါဘွဲ့မှာ အမျိုးသားများကိုသာပေးအပ်သော ဘွဲ့တံဆိပ်တစ်ခုလည်းဖြစ်သည်။

ဒေါက်တာအောင်ကျော်ဝင်းမှာ ရွှေတိဂုံစေတီအပေါ်သို့ တက်ရောက်၍ ရွှေသင်္ကန်းနှစ်ခါကပ်ဖူးပြီး ယခု ပတ္တမြား မျက်ရှင်ဘုရားကို တက်ရောက်ဖူးမြှော်သည်ကို အမျိုးသမီးတက်သည်ဆိုပြီး ပြောခြင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဒေါ်သက်သက်ခိုင်က ဆိုသည်။

အောက်တိုဘာ ၃ ရက်နေ့က အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ဘုရားပေါ်သို့ ရွှေနန်းတော်ရွှေ ဆိုင်ပိုင်ရှင်ဒေါက်တာအောင်ကျော်ဝင်းနှင့် ဧည့်သည်နှစ်ဦး တက်ရောက်ဖူးမြှော်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာအောင်ကျော်ဝင်းကို အမျိုးသမီးဟုဆိုကာ အထက်ပစ္စယံသို့ တက်ခွင့်ပြုခဲ့သည့် ရွှေတိဂုံစေတီ ဂေါပကရုံးအဖွဲ့မှူးကို တာဝန်မှရပ်ဆိုင်းခဲ့ခြင်းကြောင့် ယခုပြဿနာပေါ်ပေါက်လာခြင်းဖြစ်သည်။

ယင်းကိစ္စကြောင့် တာဝန်မှ ရပ်နားခံရသည့် ရွှေတိဂုံစေတီဂေါပက ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကလည်း ရွှေတိဂုံစေတီဂေါပကအဖွဲ့အနေဖြင့် Mytel ဆက်သွယ်ရေးစက်ကို တပ်ခွင့်ပြုထားခြင်းနှင့် ဂေါပကအဖွဲ့ဝင်မှ ဆဲဆိုခြင်းအပါအဝင် အခြားသော အကြောင်းအရာများကို နိုင်ငံတော်သမ္မတနှင့် အဂတိတိုက်ဖျက်ရေးကော်မရှင်တို့ထံ တိုင်ကြားထားပြီး အရေးယူခြင်းမရှိပါက တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အေးချမ်းသူ


  • VIA