News

POST TYPE

POPULAR POST

တက္ကသိုလ်ကျောင်းသူ အသတ်ခံရမှု ရည်းစားဟောင်းတပ်ကြပ်ကြီးကို အမှုဖွင့်
06-Oct-2019

ကလေး၊ အောက်တိုဘာ ၆

ကလေးတက္ကသိုလ်တွင် ရုက္ခဗေဒ(ပထမနှစ်) တက်ရောက်နေသူ မအေးချမ်းမွန် (၁၈ နှစ်) ကို သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သော ရည်းစားဟောင်း တပ်ကြပ်ကြီးကို ကလေးမြို့မရဲစခန်း၌ (ပ)၂၁၄၅/၂၀၁၉ ရာဇသတ်ကြီးဥပဒေ လူသတ်မှု ပုဒ် ၃၀၂ အလောင်းဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်လိုက်ပြီဖြစ်သည်။

ပြစ်မှုကျုးလွန်သည်ဟု ၀န်ခံသော တပ်ကြပ်ကြီးမှာ အမှတ်(၃၆၄) ခြေမြန်တပ်ရင်းတွင် တပ်ကြပ်ကြီး (စာရေး) တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ပထမပတ်က ကလေးတက္ကသိုလ်တွင် အင်္ဂလိပ်စာ(အဝေးသင်) ပထမနှစ် ဖြေဆိုရန်အတွက် တပ်မှ ခွင့်ယူပြီး ကလေးမြို့ ပင်လုံရပ်ကွက်တွင် လာရောက်နေထိုင်ခဲ့စဉ်ကာလအတွင်း စက်တင်ဘာ ၂၀ ရက်က ဆိုင်ကယ် ကလစ်ဘီးတစ်စီးကို ခိုးယူ၍ တမူးမြို့သို့ သွားရောက်၍ ငွေကျပ် ၁၃ သိန်းဖြင့် ရောင်းချခဲ့ကြောင်း၊ ယင်းနောက် ငွေကျပ် ၁၀ သိန်းကို သူ၏ ရည်းစားဖြစ်သူ မယုယုထွေးထံ အခြားလုပ်ငန်းမှ ရရှိငွေဟု ပြော၍ အပ်ခဲ့ပြီး ငွေကျပ် ၃ သိန်းကို ၄င်းက ယူထားခဲ့သောလည်း ယင်းနေ့တွင်ပင် ဆိုင်ကယ် ပျောက်သူက လိုက်လံရှာဖွေခဲ့ရာ ၄င်း၏ ဆိုင်ကယ်ကို တွေ့ရှိခဲ့ပြီး ပြန်ယူသွားသဖြင့် ဆိုင်ကယ်ဝယ်ယူခဲ့သည့်ငွေ ပြန်ပေးခဲ့ရသည်။

ဆိုင်ကယ်ခိုးမှု ကျူးလွန်ပြီး ၅ ရက် အကြာ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မွန်းပိုင်းတွင် ကလေးမြို့နှင့် အင်ဒိုင်းကြီးကျေးရွာကြား၌ မူးယစ်ဆေးဝါးသုံးစွဲခဲ့ပြီး ရည်းစားဟောင်းဖြစ်သူ မအေးချမ်းမွန်ကို ဖုန်းဆက်ပြီး ကလေးမြို့ မုခ်ဦးအနီးသို့ ချိန်းဆိုခေါ်ယူခဲ့ရာ ညနေ ၃ နာရီ အချိန်ခန့်တွင် မုခ်ဦးအနီးသို့ ရောက်ရှိလာသဖြင့် မအေးချမ်းမွန်၏ ဆိုင်ကယ် Scoppy အနက်ရောင် ဆိုင်ကယ်ဖြင့် ရေဆန်းကျွန်းဘုရားပေါ်သို့ သွားရောက်လည်ပတ်ပြီး ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ရေဆန်ကျွန်းဘုရားအနီး ကလေး-ကလေးဝကားလမ်းဘေး ရှစ်မျက်နှာဘုရားအနီး တွေ့ဆုံစကားပြောစဉ် မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ငွေကြေးအခက်အခဲများ ရှိနေသည်ကို ဖြေရှင်းလိုခြင်းတို့ကြောင့် မအေးချမ်းမွန်၏ ဆိုင်ကယ်ကို ရယူလိုသဖြင့် မအေးချမ်းမွန်၏ ကျောဘက်မှနေ၍ မအေးချမ်းမွန်၏ လည်ပင်းကို ညာဖက်တံတောင်ဆစ်ကွေးဖြင့် ညှစ်သတ်ခဲ့ပြီး ညနေ ၆ နာရီအချိန်တွင် အလောင်းကို ခြုံပုတ်အတွင်း ဝှက်ထားခဲ့သည်။ ယင်းသို့ ဝှက်ထားပြီး ၇ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အလောင်းထားခဲ့သည့် ခြုံပုတ်သို့ ပြန်လာပြီး အလောင်းကို ပုခုံးဖြင့် ထမ်းလျက် မီတာ ၃၀၀ ခန့် အကွာရှိ မြစ်သာမြစ်အတွင်း မှောက်လျက်အနေအထားဖြင့် တွန်းထုတ်မျောချခဲ့ကြောင်း ကာယကံရှင်၏ ထွက်ဆိုချက်အရ သိရသည်။

တက္ကသိုလ်ကျောင်းသူဖခင်ဖြစ်သူက ရဲစခန်းတွင် တိုင်တန်းချက်အရ သမီးဖြစ်သူ မအေးချမ်းမွန်သည် စက်တင်ဘာလ ၂၅ ရက်နေ့က ကလေးတက္ကသိုလ်တွင် စာမေးပွဲသွားရောက်ဖြေဆိုခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အတွက် ကလေးမြို့မရဲစခန်းတွင် လူပျောက်မှုဖြင့် အမှုဖွင့်ပြီး စုံစမ်းခဲ့ရာ မအေးချမ်းမွန်၏သူငယ်ချင်းဖြစ်သူ၏ မိခင် ဒေါ်တူးမာက သမီးဖြစ်သူနှင့် ရင်းနှီးသည့် ဈာန်မင်းထက်နှင့် မယုယုထွေးတို့သည် မန္တလေးတွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် အမှတ်(၃) ရဲစခန်း မှ တပ်ဖွဲ့ဝင်များနှင့် အတူသွားရောက်ဖမ်းဆီးရာတွင် မောင်ဈာန်မင်းထက်က မအေးချမ်းမွန် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မသိကြောင်း ခွင့်မဲ့စစ်သားတစ်ဦးဖြစ်ကြောင်း အစစ်ခံခဲ့သည့်အတွက် အမှတ် (၃) ရဲစခန်းက မန္တလေးမြို့ နန်းတွင်းရှိ အမှတ် (၁၆၁) တပ်ထိန်းတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းသို့ လွှဲအပ်ပြီး နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဗိုလ်ဗိုလ်အောင်က တပ်ထိန်း တပ်ဖွဲ့သို့ မအေးချမ်းမွန်၏ ပျောက်ဆုံးမှုနှင့် ပတ်သတ်နေသဖြင့် အကူအညီတောင်းခံခဲ့ရာ တပ်ထိန်းတပ်ဖွဲ့မှ မောင်ဈာန်မင်းထက်ကို စစ်ဆေးရာမှ အောက်တိုဘာလ ၂ ရက်နေ့တွင် သူသတ်ကြောင်း ၀န်ခံခဲ့ခြင်းဖြစ်သည်ဟု ကလေးမြို့မရဲစခန်းမှ သိရသည်။

အသတ်ခံရသူ မအေးချမ်းမွန်ကို စက်တင်ဘာလ ၂၅ ရက်နေ့ စတင်ပျောက်သွားသည့်အချိန်မှ စတင်ကာ မိဘဖြစ်သူ၏ ဆွေမျိုး မိတ်ဆွေများနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ကလေးမြို့မှ ကလေးဝမြို့အထိ မြစ်သာမြစ်ကြောင်းတစ်လျှောက် လိုက်လံရှာဖွေခြင်း၊ ကလေးမြစ် မြစ်သာမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာမှ ကလေးဝမြို့အောက်ဖက် ချင်းတွင်းမြစ် ပေဝဲအထိ လိုက်လံရှာဖွေမှုများ ပြုလုပ်နေသော်လည်း အောက်တိုဘာလ ၆ ရက်နေ့ ပျောက်ဆုံးပြီး ၁၁ ရက်ကြာသည်အထိ ရုပ်အလောင်းကို မတွေ့ရသေးကြောင်း ရဲတပ်ဖွဲ့နှင့် မိသားစုဝင်များက အတည်ပြုပြောကြားသည်။

"ဒီနေ့အထိ သမီးရဲ့အလောင်းမတွေ့သေးဘူး။ လက်တွေ့လဲ မမြင်ရသေးဘူးဆိုတော့ သမီးသေပြီလို့ စိတ်ထဲမှာ သိပ်မယုံကြည်ဘူး" ဟု သေဆုံးသူ၏ ဖခင် ဦးမောင်မောင်က ပြောသည်။

ယင်းအပြင် ၄င်းနှင့်အတူ အိမ်မှထွက်စဉ် ပါသွားသည့် လက်ကိုင်ဖုန်းနှင့် Scoppy ဆိုင်ကယ် အနက်ရောင်တို့ကိုလည်း အောက်တိုဘာလ ၆ ရက်နေ့အထိ သိမ်းဆည်းရမိသေးခြင်းမရှိဘဲ လိုက်လံစုံစမ်းဆဲဖြစ်ကြောင်း ကလေးမြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

"သက်သေခံပစ္စည်း ဘာတစ်ခုမှ မရသေးဘူး။ မန္တလေးမှာ ရောင်းခဲ့တယ်ဆိုတဲ့ ဆိုင်ကယ်ရဖို့တော့ ကြိုးစားနေတယ်" ဟု ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူသတ်မှု ကျူးလွန်သည်ဟု ဝန်ခံသော ဈာန်မင်းထက်ကို မန္တလေးမြို့နန်းတွင်းရှိ တပ်ထိန်းတပ်ဖွဲ့တွင် ထိန်းသိမ်းထားဆဲဖြစ်ပြီးယင်းမှ တဆင့် ကလေးမြို့သို့ ခေါ်ဆောင်လာနိုင်ရေး ဆောင်ရွက်နေဆဲဖြစ်ပြီး စစ်တပ်မှတဆင့် ရဲတပ်ဖွဲ့ထံ တရာခံလွှဲပြောင်းပေးရေး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။

မအေးချမ်းမွန်ကို သတ်သည်ဟု ၀န်ခံထားသူ ဈာန်မင်းထပ်သည် တပ်မတော်သားတစ်ဦးဖြစ်သည့်အတွက် ယင်းအမှုနှင့်ပတ်သက်၍ ၄င်းသည် စစ်ဘက်တရားရုံးတွင် အရင်ရင်ဆိုင်ရမည်ဖြစ်ပြီး စစ်ဘက်တရားရုံးက အပြစ်ပေးအမိန့်ချကာ စစ်တပ်မှ ထုတ်ပယ်ပြီး အရပ်ဘက်တရားရုံးတွင် တရားစွဲရန် လွှဲပေးသည့်အခါတွင် အရပ်ဘက်တရားရုံးတွင် ဆက်လက်အမှုရင်ဆိုင်ရမည်ဖြစ်သည်။

အသတ်ခံရသူ၏ ရုပ်အလောင်း မတွေ့ခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိခြင်း မရှိသော်လည်း စစ်ဖက်တရားရုံးတွင် လူသတ်မှုဖြင့် အပြစ်ပေးပါက စစ်ဖက်တရားရုံး၏ အမိန်သည် အရပ်ဖက်တရားရုံးရောက်ရှိချိန်တွင် ယင်းအမိန့်သည် တရားသူကြီးထံ ယင်းသတ်ကြောင်း သက်သေခံဝင်သည့်အတွက် လူသတ်မှု အလောင်းဖျက်ဖျက်မှုဖြင့် အမိန့်ချရန် အကြုံးဝင်ကြောင်း ဥပဒေအရာရှိတစ်ဦးက ပြောသည်။

R-20