News

POST TYPE

POPULAR POST

နေပြည်တော်တွင် နေအိမ်ဖောက်ထွင်းဝင်ရောက်ပြီး လုယက်မုဒိမ်းကျင့်သူကိုဖမ်းမိ
05-Oct-2019


ရန်ကုန်၊ အောက်တိုဘာ ၄

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေအိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုပ်၍ အဓမ္မပြုကျင့်ကာ လက်ကိုင်ဖုန်းနှင့် ငွေများ လုယူသွားသည့် အမျိုးသားကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးမှာ အောက်တိုဘာ ၂ ရက် ညနေပိုင်းက အတူနေသူငယ်ချင်းနှင့်အတူ ကုမ္ပဏီမှ နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက် သူငယ်ချင်းဖြစ်သူက ကျူရှင်သွားရန် ထွက်သွားသဖြင့် ၎င်းတစ်ဦးတည်း နေအိမ်တံခါးသော့ဖွင့်၍ အိမ်ထဲဝင်ရောက်ခဲ့သည်။

အိမ်ထဲရောက်စဉ် မျက်နှာကို ပုဆိုးခြုံထားသည့် အမည်မသိအမျိုးသားတစ်ဦးက ၎င်း၏ လည်ပင်းကို နောက်မှ သိုင်းဖက်ပြီး ဓားဖြင့်ထောက်၍ လက်ပြန်ကြိုးတုပ်ကာ မျက်လုံးကို အဝတ်စဖြင့် ပတ်ပြီးနောက် မအော်နိုင်စေရန် ပါးစပ်အတွင်း အဝတ်စဖြင့် ပိတ်ဆို့၍ သားမယားအဖြစ် နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်။

ယင်းနောက် အမျိုးသမီး၏ လက်ကိုင်ဖုန်းထဲရှိ ဆင်းကတ်ကို ထုတ်ပြီး ဖုန်းနှင့် ပိုက်ဆံအိတ်အတွင်းရှိ ငွေကျပ် တစ်သိန်းကို ယူဆောင်၍ အမည်မသိ အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၅၅/၃၄၂/၃၇၆/၃၉၄ (ပုန်းလျှိုးအိမ်ကျော်နင်းမှု၊ မတရားချုပ်နှောင်မှု၊ မုဒိမ်းမှု၊ လုယက်မှု) တို့ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

“လုယူသွားတဲ့ လက်ကိုင်ဖုန်းကို ဇမ္ဗူသီရိမြို့နယ်ထဲမှာရှိတဲ့ ဖုန်းပြင်ဆိုင်မှာ လူငယ်တစ်ယောက်က လာပြီး လျှို့ဝှက်ကုဒ်နံပါတ်ဖြုတ်ပေးဖို့ အပ်ခဲ့တယ်။ ဒီသတင်းရလို့ ဖုန်းပြန်လာရွေးတဲ့အချိန်ကို စောင့်ပြီး တရားခံအမျိုးသားကို ဖမ်းဆီးခဲ့တာပါ” ဟု ပုဗ္ဗသီရိမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖမ်းမိသူ ရဲမွန်ချစ်(ခ)မိုးဒီ(၂၄)နှစ်ကို စစ်ဆေးရာ ၎င်းမှာ အခင်းဖြစ်နေအိမ်ခြံဝင်းထဲ ခြံစည်းရိုးသံဇကာကို ကျော်တက်၍ ဝင်ရောက်ကာ အိမ်အပေါ်ထပ်ရှိ ထရံကို လက်ဖြင့်ဆွဲဖြုတ်၍ အိမ်အတွင်း ဝင်ရောက်ပြီး ယင်းနေအိမ်တွင် နေထိုင်သည့် အမျိုးသမီး ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြောင်းနှင့် နေအိမ်သို့ အမျိုးသမီး ပြန်ရောက်ရှိချိန်တွင် နောက်မှ သိုင်းဖက်၍ ဓားဖြင့်ထောက်ကာ ဘုရားစင်အနီး မွှေ့ယာပေါ်တွင် ဝမ်းလျားမှောက်ခိုင်း၍ နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး လက်ကိုင်ဖုန်းနှင့် ငွေများ လုယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03