News

POST TYPE

POPULAR POST

ဗစ်တိုးရီးယားဖခင်နှင့် နှစ်ဖက်ရှေ့နေများ တရားစွဲဆိုခံရမှုအပေါ် ဥပဒေပညာရှင်များ၏ အမြင်များ
02-Oct-2019
လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုတွင် Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေး ဒေါ်ဥမ္မာလှိုင်က ၎င်း၏သားနှစ်ယောက် ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်းနှင့် လူမှုအသိုင်းအဝိုင်းတွင် အရှက်ရစေသည်ဟုဆိုကာ ဗစ်တိုးရီးယားလေး၏ဖခင်နှင့် ဦးလေး၊ အဒေါ်၊ အဆိုပါအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် နှစ်ဖက်ရှေ့နေများ၊ ယင်းအမှုဖြစ်စဉ်ကတည်းက တစိုက်မတ်မတ်လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညိုအကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ကို ကလေးသူငယ် ဥပဒေဖြင့် အမှုဖွင်ခဲ့ပြီးဖြစ်သည်။ တရားရုံးတွင်စစ်ဆေးခဲ့သော ထွက်ဆိုချက်များကို အများပြည်သူသိရှိအောင် မီဒီယာများကို ဖြေကြားခဲ့သော ရှေ့နေများကို တရားစွဲဆိုမှုနှင့်ပတ်သက်၍ ဥပဒေပညာရှင်အချို့၏ သုံးသပ်ချက်များကို ဖော်ပြပေးခြင်းဖြစ်ပါသည်။



တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်

“ကလေးသူငယ်ဥပဒေနဲ့ နှစ်ဖက်ရှေ့နေတွေက အမှုဖွင့်ခံရတယ်ဆိုပေမယ့် တရားစွဲမစွဲဆိုတာကို ဥပဒေအရာရှိရဲ့ အကြံပြုချက်အပေါ် စောင့်ကြည့်ရမယ်။ အမှုဖွင့်ခံရတဲ့ဘက်ကလည်း နိုင်လွတ်လုံပုဒ်မနဲ့ အမှုပြန်ဖွင့်သင့်တယ်။ ငြိမ်ခံနေလို့ ပြီးသွားတဲ့အမှုမျိုးက ရှားတယ်။ ကလေးသူငယ်ဥပဒေမှာ ပြဋ္ဌာန်းထားတာက စွပ်စွဲခံရတဲ့ ကလေးသူငယ် ဒါမှမဟုတ်အမှုမှာ သက်သေအဖြစ် ပါဝင်နေတဲ့ ကလေးသူငယ်နဲ့ ပတ်သက်ရင် သတင်းထုတ်ဖော်ပြောကြားခွင့်မရှိဘူး။ ဒါကြောင့် ဟိုဘက်ကရှေ့နေတွေကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်လိုက်တာ။ ဒါပေမဲ့ ကျွန်တော် သိရသလောက်ဆို ကိုကို၊ ညီညီက စွပ်စွဲခံရသူလည်း မဟုတ်သေးဘူး သက်သေအနေနဲ့လည်း မပါဝင်ခဲ့ဘူး။ အခုလို အမှုဖွင့်တာက ဥပဒေနဲ့မညီဘူးလို့ ယူဆတယ်”



ဗစ်တိုးရီးယားအမှုမှ ဝန်းရံသူ မစုလှိုင်ထွန်း

“ကျွန်မလည်း ကလေးမိခင်တစ်ယောက်ပါ။ ဒီအမှုစဖြစ်ချိန်တည်းက အွန်လိုင်းပေါ်မှာ ကိုကို၊ ညီညီ ဓာတ်ပုံနဲ့ သတင်းတွေပျံ့ခဲ့တယ်။ အဲဒီအချိန်တည်းက ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်ဥပဒေနဲ့ တရားစွဲလို့ရတယ်။ ဒါပေမဲ့ တရားမစွဲခဲ့ဘူး။ ဗစ်တိုးရီးယားလေး ကိုယ်တိုင် တရားရုံးမှာ သက်သေထွက်ဆိုပြီးခါမှ သူတို့ ဘက်က တရားစွဲတယ်ဆိုတော့ အချိန်အခါအားဖြင့် မသင့်လျော်ဘူးလို့ မြင်မိတယ်။ အစောကတည်းက ဒီကိစ္စကို ဒေါ်ဥမ္မာလှိုင်တို့ဘက်က ဖြေရှင်းပိုင်ခွင့်ရှိခဲ့တာ။ အခုအချိန်ရောက်မှ ဒီကိစ္စကို ထလုပ်တယ်ဆိုတော့ ဘာဖြစ်စေချင်လို့လဲ အမျိုးမျိုးတွေးလို့ရတယ်လေ။ လူထုအုံကြွမှုကို သွားစေချင်တာလား။ တရားရင်ဆိုင်နေတဲ့ ဒေါ်စုဒါလီအောင်တို့၊ ဦးခင်မောင်ဇော်တို့ကို အလုပ်အကိုင်နှောင့်နှေးစေချင်တာလား။ ငြိမ်နေတဲ့ ပြည်သူကို အုံကြွလာအောင် လုပ်တာလား။ ဝန်းရံနေတဲ့ ပြည်သူတွေဘက်ကလည်း ဒီကိစ္စကို ဒေါ်ဥမ္မာလှိုင်တို့ဘက်က အစောတည်းက လုပ်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။ အဲဒီအချိန်တုန်းက သူတို့ဘက်က ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့ပြီး အခုအချိန်ရောက်မှ ထတရားစွဲတာတော့ မသင့်ဘူးလို့ ခံစားရတယ်။ ရှေ့နေတွေကိုတောင် ဒီလိုတရားစွဲလို့ရတယ်ဆိုတော့ ဝန်းရံနေတဲ့ပြည်သူတွေကိုလည်း ငါတို့ကြိုက်တဲ့အချိန် လုပ်လို့ရတယ်သဘောမျိုးနဲ့ အကြောက်တရား ထည့်ပေးလိုက်တယ်လို့ ခံစားမိတယ်”



ဥပဒေအကြံပေး ဦးခင်မောင်မြင့်

“ရှေ့နေတွေဟာ အမှုအကြောင်းအရာနဲ့ ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်တွေကို အများပြည်သူ သိရှိဖို့အတွက် ထုတ်ဖော်ပြောကြားခွင့်ရှိတယ်။ တာဝန်လည်းရှိတယ်။ အလားတူပဲ မီဒီယာဘက်မှာလည်း သတင်းမီဒီယာဥပဒေအရ သူရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေ ရှိနေပြန်တယ်။ ရဲတပ်ဖွဲ့ကလည်း သူ့ဆီလာ အမှုဖွင့်တိုင်ကြား တယ်ဆိုရင် ရဲလက်စွဲဥပဒေအရ အမှုမဖွင့်ပေးလို့ မရပြန်ဘူး။ အမှုမဖွင့်ပေးရင် သူလည်း အရေးယူခံရမယ်။ အားလုံးက ကိုယ့်အခွင့်အရေးအရ ကိုယ်လုပ်နေကြတယ်ဆိုပေမယ့် ဒီဖြစ်စဉ်မှာ ဥပဒေချင်း ပဋိပက္ခဖြစ်တဲ့ သဘောမျိုးသက်ရောက်သွားတယ်။ ဒီကိစ္စမှာ ဘယ်သူ့ အခန်းကဏ္ဍက အရေးပါလာလဲဆိုတော့ မြို့နယ်ဥပဒေအရာရှိပဲ။ သူက အမှုတွေကို တရားရုံးစွဲတင်ပေးဖို့ လိုအပ်လား၊ ဒါမှမဟုတ် တရားစွဲတင်ရန် မလုံလောက်တဲ့ မခိုင်မာတဲ့တိုင်ကြားချက်လားဆိုတာကို ဆုံးဖြတ်ပေးမယ့်သူ။ ရှေ့နေချုပ်ရုံး ဥပဒေပုဒ်မ ၃၆ အရ မြို့နယ် ဥပဒေအရာရှိက ခုနစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အမှုတွေကို တရားစွဲတင်ပို့ရန် ဆောင်ရွက်ပိုင်ခွင့်ရှိတယ်။ တရားစွဲတင်ဖို့ မခိုင်လုံဘူးဆိုရင်လည်း အမှုကို သူက ပိတ်ပေးလို့ရတယ်။ အခုဖြစ်စဉ်ကို ဥပဒေကြောင်းအရ ကြည့်ပြန်တော့ ရှေ့နေ၊ မီဒီယာနဲ့ တရားစွဲဆိုခံရ သူတွေအားလုံးက ကလေးနှစ်ယောက်ရဲ့ မူလအမည်ရင်းကို ထုတ်ဖော်ပြောကြားခဲ့တာ မရှိဘူး။ ကိုကို၊ ညီညီ ဆိုတဲ့ nick name အမည်ကိုပဲ သုံးနေကြတယ်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို တရားဝင်ပြဋ္ဌာန်းထားပြီးဖြစ်တာကြောင့် ကိုကို၊ ညီညီ ရဲ့ မိခင်က ဒီအခွင့်အရေးကိုသုံးပြီး တရားစွဲဆို တိုင်ကြားခဲ့တာပါ။ ဒီဥပဒေပုဒ်မ ၉၆(ဃ) မှာ ပြစ်မှုကျူးလွန် တယ်လို့ စွပ်စွဲခံရတဲ့ ကလေးသူငယ်တွေ ဒါမှမဟုတ် အမှုအခင်းထဲမှာ သက်သေအဖြစ်ပါဝင်နေတဲ့ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး သတင်းဖော်ထုတ်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားပြီး ဒီပြဋ္ဌာန်းချက်ကို ကျူးလွန်ခဲ့ရင် ပုဒ်မ ၁၀၁ (က) (၂) အရ ထောင်ဒဏ် လေးလကနေ တစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်။ ငွေဒဏ် လေးသိန်းကနေ ခြောက်သိန်းအထိ ချမှတ်လို့ရပြီး ပြစ်ဒဏ်နှစ်ရပ်လုံးပါ ချမှတ်လို့ရတယ်။ ပုဒ်မ ၉၆ (ဃ) ပါ ပြဋ္ဌာန်းချက်အရ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကလေးသူငယ်တွေ ဒါမှမဟုတ် သက်သေအဖြစ်ပါဝင်နေတဲ့ ကလေးသူငယ်ဖြစ်မှသာ ဒီပုဒ်မရဲ့ အခွင့်အရေးကို သုံးနိုင်ပါမယ်။ ဒီကလေးနှစ်ယောက်စလုံးဟာ အခုချိန်ထိ တရားရုံးရှေ့ကို ရောက်မလာသေးတဲ့အတွက် ဒီပုဒ်မနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး၊ ပုဒ်မ ၁၀၂ (က ) (၂) နဲ့လည်း အကျုံးမဝင်ပါဘူး” 



တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး

“ဒီအမှုရဲ့ သက်သေစာရင်းမှာ ကိုကို၊ ညီညီ အမည်မပါဘူးဗျ။ ကလေးသူငယ်ဥပဒေမှာ ပြဋ္ဌာန်းထားတာက အမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ ဒါမှမဟုတ် သက်သေစာရင်းမှာ ပါဝင်တဲ့ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာနဲ့ ဆိုရှယ်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြရင် အရေးယူခံရမယ်လို့ ပါရှိတယ်။ ဒါပေမဲ့ အခုဖြစ်စဉ်မှာ ကိုကို၊ ညီညီက အမှုရဲ့ သက်သေစာရင်းမှာ မပါတာကြောင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်တိုင်ကြားခြင်းဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ယူဆတယ်။ ပြီးတော့ ရှေ့နေတွေက ဗစ်တိုးရီးယားလေးရဲ့ ဖခင်တရားခွင်မှာ ထွက်ဆိုသွားတဲ့ ထွက်ချက်နဲ့ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်ဖို့ မီဒီယာကို ရှင်းလင်းပြောကြားပေးခဲ့တာ”

ခိုင်စိုးလင်း