News

POST TYPE

POPULAR POST

မိတ္ထီလာမြို့မှ အောင်ဘာလေသိန်းတစ်သောင်းခွဲဆုရှင်နှင့် အင်တာဗျူး
01-Oct-2019



ယနေ့ဖွင့်လှစ်သော ရှစ်ကြိမ်မြောက် အောင်ဘာလေ သိန်းတစ်သောင်းငါးထောင်ဆုကို မိတ္ထီလာမြို့ အောင်ဇေယျာရပ် က.ည.န ရုံးဟောင်းအနီးရှိ စိုးရည်နန္ဒာကားဝပ်ရှော့ လုပ်ငန်းပိုင်ရှင် ဦးစိုးနိုင်နှင့် သမီးမအိန္ဒြာစိုးတို့က ဆွတ်ခူးနိုင်ခဲ့ရရှိခဲ့သည့်အတွက် The Voice Daily က သွားရောက်တွေ့ဆုံ မေးမြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

The Voice : အခုလို သိန်းတစ်သောင်းခွဲ ထီပေါက်တာကို ဘယ်လို စသိတယ်ဆိုတာလေး ပြောပြပေးပါဦး။
USN : ကျွန်တော် အပြင်သွားနေတာ။ အိမ်က facebook ပေါ်ကနေ ထီတိုက်တယ်။ သူတို့က ဖုန်းဆက်တယ်။ ထီပေါက်တယ်ဆိုပြီး အားလုံးက ဝမ်းသာပြီးတော့ ငိုနေကြတယ်။ အားလုံးကို စိတ်ငြိမ်အောင်ထားရတယ်။

The Voice : ထီပေါက်တယ်လို့ ကြားကြားခြင်းခံစားရတဲ့ ခံစားချက်ကိုလည်း ပြောပါဦး။
USN : လုပ်ချင်တာတွေက များတော့ အတိုင်းမသိ ဝမ်းသာတာပေါ့။ မိသားစုကလည်း ဒီမှာ အပျော်လုံး ဆို့ပြီးငိုနေကြတာ။ အဲဒါနဲ့ နှစ်သိမ့်ပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်ပြီး လုပ်ရမယ့် လုပ်ငန်းတွေအဓိကကတော့ လူမှုအကျိုးပြု လုပ်ငန်းလေးတွေ လုပ်ဖို့ စီစဉ်ထားတယ်။ ဒီလောက်ကြီး ပေါက်မယ်လို့ မှန်းမထားဘူး ။

The Voice : ဘယ်ဆိုင်ကနေ ဘယ်နှစ်စောင် ထိုးခဲ့တာလဲ။ ဘာကြောင့် ထိုးဖြစ်ခဲ့တာလဲဆိုတာကိုလဲ ပြောပေးပါဦး။
USN : ငါးစောင်တွဲ ထိုးခဲ့တာ။ မိတ္ထီလာ ဗဟိုဈေးအနောက်ဘက်ပေါက်က ဦးမျိုးညွန့် ဒိုးကလေးထီဆိုင်ကနေ ထိုးတာ။ စက်တင်ဘာ လလယ် (၁၅) ရက်လောက်က ထိုးခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်က အပြန်မှာ ကိုမျိုးညွန့်ဆိုင်မှာ (၃) အစ (၁) အဆုံးရွေးပြီး ထိုးတာ။ သုံးခါရွေးတာ လက်က ဒီနေရာပဲ ပြန်ပြန်ရောက်တယ်။သမီးကျောင်းကပြန်လာတဲ့အခါ သမီး ဒါ ရှယ်ယာပဲ ဆိုပြီးတော့ သမီးလက်ကို အပ်ထားတယ်။ ငါးစောင်တွဲကို ငါးထောင့်ငါးရာပေးရတယ်။

The Voice : ဘာကြောင့် စပ်တူထိုးတယ် ဆိုတာကိုလည်း ရှင်းပြပေးပါဦး။
USN : လက်ဘက်ရည်ဆိုင်မှာ ခင်တဲ့ အခါပေးဆရာက ခင်ဗျားမှာ တနင်္ဂနွေ သမီးရှိလားဆိုတော့ ရှိတယ်ဆိုပေါ့ အဲဒါဆိုရင် (၃) အစ (၁) အပိတ် ထီလေးထိုးလိုက်။ သူ့ဆီက ငါးဆယ်ဖြစ်ဖြစ် ငါးရာဖြစ်ဖြစ် လက်တောင်းလိုက်။ အဖေ မြို့ထဲသွားချင်လို့ လက်ဘက်ရည်ဖိုးလေး ငါးရာလောက် သနားအောင်ပြောပြီး တောင်းလိုက်ပြီး ထီထိုးပါဆိုတော့ အဲဒီငါးရာကို ကျွန်တော်က ယူသွားတယ်။ သူပေးလိုက်တဲ့ နှစ်ရာတန် နှစ်ရွက်နဲ့ ရာတန်တစ်ရွက် ပါအောင်စိုက်ပြီးတော့ ထိုးလိုက်တာ။

The Voice : အခုလို သိန်းတစ်သောင်းခွဲ ထီဆုကြီးပေါက်တော့ လက်ရှိစီးပွားရေးလုပ်ငန်းကို ဆက်လုပ်ဦးမှာလားဗျ။
USN : လက်ရှိ စီးပွားရေးလုပ်ငန်းကို တိုးချဲ့ပြီးတော့ လုပ်ဦးမှာပါ။ ကျွန်တော်က အသက် (၁၂) နှစ်သားလောက် ကတည်းက ဒီအလုပ်ကို လုပ်ခဲ့တာ။ သားတွေကြီးလာတဲ့အချိန် ကျွန်တော် အသက် (၅၀) လောက်မှ လုပ်ငန်းကိုလွှဲပေးခဲ့တာ။ အခု ကျွန်တော့အသက်က (၅၄) ပါ။

The Voice : အရင်ကရော ဒီလို ထီတွေ ပေါက်ဖူးသေးလား။
USN : ပေါက်ဖူးပါတယ်။ ရှယ်ယာစပ်ဆိုတော့ ငါးသောင်းပေါက်လိုက် တစ်သိန်းပေါက်လိုက်နဲ့။ သူငယ်ချင်းတွေနဲ့ ရှယ်ယာတွေပါ။ ခန့်မှန်းခြေဆိုရင် ဆယ့်နှစ်လ ရာသီမှာ ရှစ်ကြိမ်လောက်တော့ ပေါက်ဖူးပါတယ်။ ပြီးခဲ့တဲ့ အပတ်က မြေးတွေနာမည်နဲ့ လေးယောက် စပ်ထိုးတာ ငါးသောင်း ပေါက်ခဲ့သေးတယ်။

The Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ကျော်စိုးမိုး