News

POST TYPE

POPULAR POST

မန္တလေး ကျောက်စိမ်းစေတီမှ ကျောက်အချို့ကို တရုတ်ခရီးသွားအချို့ယူငင်
16-Sep-2019

မန္တလေး၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ ဝေရောစနကျောက်စိမ်းစေတီတော်ကြီးမှ ကျောက်စိမ်းဖြတ်စအချို့ကို တရုတ်ခရီးသွားများက ယူငင်မှုဖြစ်ပွားခဲ့ကြောင်း ဝေရောစနကျောက်စိမ်းစေတီတော်ကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

ကျောက်စိမ်းစေတီတော်ကြီး အရှေ့ဘက်မုခ်ရှိ ကိုးလုံးပုတီးနေရာတွင် သံဆန်ခါကာရံထားရှိသည့် အဆင့်နိမ့် ကျောက်စိမ်းအချို့ကို ယူသွားခဲ့ခြင်းဖြစ်ပြီး ယူနေစဉ်တွေ့ရှိခဲ့ကြောင်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

“ကျောက်စိမ်းကတော့ အဆင့်နိမ့် ကျောက်စိမ်းတွေပါ။ နားမလည်လို့ လုပ်တယ်ထင်ပါတယ်။ အရှေ့ဘက်မုခ် ကိုးလုံးပုတီးနေရာက သံဆန်ခါလေးတွေနဲ့ ဖြတ်စလေးတွေ ထားထားတယ်။ အဲဒါလေးတွေကို နှိုက်ယူသွားတာပေါ့။ ယူနေတုန်းတွေ့လို့ ပြန်သိမ်းလိုက်တယ်။ သူတို့ကို ဒီလိုမလုပ်ဖို့ ပညာပေးလက်မှတ် ထိုးခိုင်းတယ်။ စေတီတော်ကို အလှူတော်ငွေ လှူခိုင်းတယ်။ ဒဏ်ကြေးသဘေားမျိုးပါ။ သူတို့လည်း ကုသိုလ်ရအောင်လို့ပါ”ဟု ၎င်းကရှင်းပြသည်။

ဝေရောစနကျောက်စိမ်းစေတီနှင့် ကျောက်စိမ်းလိုဏ်ဂူသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာအုပ်စု ကွင်းအမှတ် ၆၂၈ တွင်တည်ရှိပြီး ကျောက်စိမ်းများဖြင့် ပြုလုပ်တည်ထားခြင်းဖြစ်သည်။

ကျောက်စိမ်းစေတီသို့ တစ်ရက်လျှင် တရုတ်ခရီးသွား ၃၀၀၀ မှ ၄၀၀၀ ကြား လာရောက်ပြီး တရုတ်ခရီးသွားအချို့က စက်တင်ဘာလ ဒုတိယပတ်အတွင်းက ယူငင်ခဲ့ခြင်းဖြစ်ကြောင်း ဝေရောစန ကျောက်စိမ်းစေတီတော်ကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

မန္တလေးတွင် တရုတ်ခရီးသည်များကို စောင့်ကြည့်လေ့လာ သုံးသပ်တင်ပြရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ယင်အဖွဲ့အနေနှင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ပြီး ဧည့်လမ်းညွှန်များတွင်လည်း တာဝန်ရှိကြောင်း မန္တလေးဧည့်လမ်းညွှန်အချို့က ပြောကြားသည်။

M-05