News

POST TYPE

POPULAR POST

ဆန်အရှုံးခံရောင်းချပွဲ ရန်ကုန်မြို့တွင် ပြုလုပ်
09-Sep-2019



ရန်ကုန်၊ စက်တင်ဘာ ၈

နေ့စဉ်မြင့်တက်နေသည့် ကုန်ဈေးနှုန်းကြောင့် အခက်အခဲဖြစ်နေသူများကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးသည့် အနေနှင့် ပြည်သူ့အတွက် ဆန်အရှုံးခံ ရောင်းချသည့်ပွဲကို ရန်ကုန်မြို့သမိုင်းလမ်းဆုံ ညီညွတ်ရေးလမ်းတွင် စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့အတွက် ဆန်အရှုံးခံရောင်းချသည့်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန်အိတ်ပေါင်း ၁၂၀၊ ဆီပိဿာ ချိန်ပေါင်း ၁၀၀၀ ကိုအရှုံးခံ၍ ရောင်းချခဲ့သည်။

“ကျွန်တော်တို့က လူတစ်ယောက်ကို ဆန်သုံးပြည်ပေးမယ်။ အဲဒီဆန်က အပြင်ပေါက်ဈေးနဲ့ဆိုရင် သုံးပြည်ကို လေးထောင်နီးနီးတန်တယ်။ အဲဒါကို သုံးပြည်ကို ၁၅၀၀ နဲ့ရောင်းမှာ။ ဆီကတော့ အပြင်မှာ နှစ်ထောင့်ရှစ်ရာ၊ သုံးထောင်လောက်တန်တယ်။ ကျွန်တော်တို့က နှစ်ထောင့်နှစ်ရာနဲ့ ရောင်းမယ်”ဟု ကောက်ရိုးနွယ်အဖွဲ့မှ ဦးသောင်းစိန်က ပြောဆိုသည်။

ဆန်အရှုံးခံရောင်းချမှုမှာ၂၀၁၈ ခုနှစ်မှစ၍ တနင်္ဂနွေနေ့တိုင်း အကြိမ်ပေါင်း ၅၀ ရောင်းချခဲ့ရာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တစ်နှစ်အတွင်းဆန်အိတ် ၁၆၉၅ အိတ်နှင့်ဆီ ၁၂၃၆၆ ပိဿာကို အရှုံးခံရောင်းချခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ယခုပြုလုပ်သော ပြည်သူ့အတွက် ဆန်အရှုံးခံရောင်းချပွဲတွင် လူဦးရေကိုးရာမှ တစ်ထောင်ကြား လာရောက် တန်းစီဝယ်ယူခဲ့ကြပြီး တစ်နှစ်ပြည့်အနေနှင့် ဟင်းသီးဟင်းရွက်များကိုပါ အခမဲ့ပေးဝေခဲ့ကြောင်း ကောက်ရိုးနွယ်အဖွဲ့ထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်