News

POST TYPE

POPULAR POST

ဘဏ်ချေးငွေ ဂယက် ဘယ်အထိလဲ
04-Sep-2019


လက်ရှိ လုပ်ငန်းရှင်များက ဘဏ်များထံမှ ချေးယူထားသည့် ချေးငွေများကို ယခုလအတွင်း ပြန်လည်ပေးဆပ်ရမည်ဟု ဘဏ်များက လုပ်ငန်းရှင်များထံ အကြောင်းကြားထားသည်ဟုဆိုသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များက ဘဏ်များထံမှ ချေးယူထားသည့် ပမာဏသည် ကျပ်ဘီလီယံ ၂၄,၀၀၀ ကျော်ရှိပြီး ဘဏ်များထံသို့ ပြည်သူလူထုအပ်ထားငွေမှာ ကျပ်ဘီလီယံ ၄၂,၀၀၀ ကျော်ဖြစ်သည့်အတွက် အပ်ငွေတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို လုပ်ငန်းရှင်များက ဘဏ်များထံမှ ချေးယူထားခြင်း ဖြစ်သည်။

လုပ်ငန်းရှင်များအနေနှင့် ဘဏ်များထံမှ ချေး ယူထားသည့် ချေးငွေများကို အတိုး၊ အရင်းမပေး ဆပ်ဘဲ ၎င်းတို့၏ အပေါင်ပစ္စည်းကိုသာ ဆုံးရှုံးခံရန် ပြင်ဆင်နေပြီး ဘဏ်များဘက်ကလည်း အပေါင် ပစ္စည်းများဖြစ်သည့် အိမ်၊ ခြံ၊ မြေတို့မှာ တန်ဖိုးကျ ဆင်းနေသည့်အတွက် မရယူလိုဘဲ ငွေကိုသာပြန် လည်ရယူလိုနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အသိုင်း အဝိုင်းထံမှ သိရသည်။

ထို့ကြောင့် ချေးငှားသူနှင့် ချေးယူသူတို့အကြား ကွာဟမှုများဖြစ်ပေါ်လျက်ရှိသည်။

ယခုကိစ္စတွင် ဘဏ်များနှင့်ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ပြည်သူများအနေဖြင့် မစိုးရိမ်ရန်နှင့် လိုအပ်ပါက ဗဟိုဘဏ်အနေနှင့် အပြည့်အဝကူညီ မည်ဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့သည်။

“ဒီကိစ္စက အရင်တည်းက ဖြစ်နေတာပါ။ အခုမှမဟုတ်ဘူး။ အခုမှ မထိန်းနိုင်လို့ ပေါ်လာတာ” ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

ထိုသို့ ဘဏ်နှင့် လုပ်ငန်းများ၏ ချေးငွေဂယက် ပေါ်ပေါက်လာပြီးနောက် ဒေါ်လာနှင့် ရွှေဈေးတို့မှာ လည်း မြင့်တက်ရမည့်အချိန်မဟုတ်သော်လည်း မြင့်တက်လာခဲ့သည်။

ယခုရာသီသည် မြန်မာနိုင်ငံ၏ မိုးတွင်းကာလ ဖြစ်သည့်အတွက် သွင်းကုန်များပြားသည့် ကာလမဟုတ်ပေ။ ထို့ပြင် ခရီးသွားရာသီမဟုတ်သည့် အတွက် ပြည်ပခရီးထွက်ခြင်းနှင့် ပြည်ပခရီးသွား နည်းပါးသည့်ကာလဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြား လိုအပ်ချက်မှာလည်း နည်းပါးသည်။

ထို့ကြောင့်အမေရိကန်ဒေါ်လာဈေးသည် ယခုကာလတွင် အပြောင်းအလဲသိပ်ရှိလေ့ရှိထမရှိဘဲ ငြိမ်သက်လေ့ရှိသည့်ကာလဖြစ်သည်။ ပြီးခဲ့သည့် လပိုင်းများတွင်လည်း ငြိမ်သက်နေခဲ့သည်။ ယခုအခါ ထိုသို့မဟုတ်။ 

ထို့ပြင် ရွှေအရောင်းအဝယ်မှာလည်း အလားတူပင် ငွေပိုငွေလျှံရှိသည့် ကာလမဟုတ်သည့်အတွက် ရွှေဝယ်စုသူနှင့် ရွှေဝယ်ယူသူ များပြားလေ့မရှိပေ။

သို့သော် ယခုရက်ပိုင်းအတွင်း အမေရိကန် ဒေါ်လာဈေးနှုန်းများ မြင့်တက်လာသကဲ့သို့ ရွှေဈေးနှုန်းမှာလည်း ကမ္ဘာ့ရွှေဈေးနှုန်းအနည်းငယ်ပြန်ငြိမ်ပြီး ဈေးကျလာသော်လည်း ဈေးနှုန်းမြင့်တက်လာလျက်ရှိသည်။

အရောင်းအဝယ်နှစ်ခုလုံးမှာလည်း မြင့်တက်လာကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။

အမေရိကန်ဒေါ်လာမှာ ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် သိန်းနှင့်ချီ၍ အရောင်းအဝယ်ဖြစ်လာ သည်ဟု ပြင်ပဒေါ်လာဈေးကွက်မှ ဒေါ်လာရောင်းဝယ်သူများက ဆိုသည်။

ပြင်ပဒေါ်လာဈေးကွက်အတွင်း အရောင်းအဝယ်အေးစက်နေရာမှ ရောင်းလိုသူ အလွန်များပြားလာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ အလားတူ အဓိကရွှေဈေးကွက်ကြီးတစ်ခုဖြစ်သော ရွှေဘုံသာ ရွှေဈေးကွက်၌လည်း ရွှေအဝယ်များလိုက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ယင်းသို့ ရွှေနှင့် ဒေါ်လာဈေးတို့ ရုတ်တရက် အဘယ်ကြောင့်မြင့်တက်လာရသနည်း၊ ဘယ်ပယောဂကြောင့်နည်း။

ထိုမေးခွန်းကို ရန်ကုန်မြို့တွင်းရှိ ပြင်ပဒေါ်လာ ရောင်းဝယ်သူတစ်ဦးက ယခုလိုဖြေကြားသည်။

“ရွှေတွေဝယ်တာ များတယ်။ ရွှေတွေက ဝယ်ရတာ ခက်တယ်၊ ဈေးကလည်း တက်တယ်။ အဲဒါကြောင့် ရွှေမဝယ်တော့ဘဲနဲ့ ဒေါ်လာဘက်ကို လှည့်လာကြတာ။ လိုက်ဝယ်နေကြတာပေါ့။ အခုဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေချေးငွေကိစ္စကြောင့် တက်လာရတာ” ဟု ဆိုသည်။

ရွှေဘုံသာဈေးကွက်အတွင်းမှ ရွှေရောင်း ဝယ်သူတစ်ဦးကတော့ “ဘယ်လိုကြောင့်လဲတော့ သေချာမသိဘူး။ အခုက မိုးတွင်းကြီး၊ ပြီးတော့ ကမ္ဘာ့ ရွှေဈေးတွေတက်နေလို့ ရွှေအရောင်းအဝယ်မကောင်းတာကို အခုရက်ပိုင်း ရွှေအဝယ်တွေတော် တော်ဆင်းနေတယ်” ဟု ဆိုသည်။

ထိုသို့လိုက်လံဝယ်ယူသူများပြားနေခြင်းကြောင့် လက်ရှိပြင်ပအမေရိကန်ဒေါ်လာဈေးကွက် အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၃၀ မှ ၁၅၃၅ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ ၁၆ ပဲရည်တစ်ကျပ်သား လျှင် ကျပ် ၁၂ သိန်းခြောက်သောင်းကျော်ဈေးရှိကြောင်း ရွှေဘုံသာရှိ ဒေါ်လာနှင့် ရွှေဈေးကွက်များအတွင်းမှ သိရသည်။

ထို့ပြင် ယခုပြင်ပဒေါ်လာဈေးကွက်အတွင်း တစ်ရက်လျှင် ဒေါ်လာ သိန်းနှင့်ချီ၍ ပြန်လည် အရောင်းအဝယ်ဖြစ်နေသည်ဟု ဒေါ်လာဝယ်ရောင်းများက ဆိုသည်။

ဒေါ်လာဈေးနှင့် ရွှေဈေးအခြေအနေကို ပြင်ပ ဒေါ်လာဝယ်ရောင်းတစ်ဦးက “လူတွေဆက်ဝယ် မဝယ်ပေါ်မှာမူတည်ပြီး ပြန်တက်နိုင်တယ်။ ဗဟိုဘဏ်က အာမခံချက်ပေးမလား။ ဘာတွေပေးမလဲပေါ်မှာလည်း မူတည်ပြီး ဒေါ်လာနဲ့ ရွှေဈေးက ပြောင်းလဲသွားနိုင်တယ်” ဟု ဆိုသည်။

ထိုသို့ဒေါ်လာနှင့် ရွှေများလိုက်လံဝယ်ယူနေကြသူအများစုသည် ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေး လုပ်ငန်းရှင်တို့ကြားဖြစ်ပေါ်နေသည့် ကိစ္စရပ်များ ကြောင့်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဒေါ်လာဈေးနှင့် ရွှေဈေးများ မြင့်တက်လာရခြင်းနှင့် ယခုဘဏ်များနှင့် စီးပွားလုပ်ငန်းများ၏ ဂယက်သက်ဆိုင်ခြင်းရှိမရှိကို စီးပွားရေး ပညာရှင် ဦးဇော်ဖေဝင်းက ယခုလိုဆိုသည်။

“ဒါက ဖြစ်လည်း ဖြစ်နိုင်တယ်။ မဖြစ်လည်း မဖြစ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ မဖြစ်နိုင်တာက ဗဟိုဘဏ်က ငွေဈေးတွေ အရမ်းမတက်အောင်ဆိုပြီး နေ့စဉ်ထုတ်ရောင်းပေးနေတာမျိုးတွေရှိတယ်။ ဒါပေမဲ့ အဲဒီငွေတွေကို ဘဏ်တွေက တကယ်လိုတဲ့သူတွေ လက်ထဲ ရောင်းမရောင်း အတိအကျမသိတော့ ဒေါ်လာနဲ့ ရွှေဈေးအတက်အကျက ပြန်ဆိုင်နေပြန်တယ်” ဟု ဆိုသည်။

ထို့ပြင် ဒေါ်လာဈေးမြင့်တက်ရခြင်းမှာ အမေရိက-တရုတ် ကုန်သွယ်ရေးစစ်ပွဲတွင် အမေရိကန်အသာရပြီး အမေရိကန်ဒေါ်လာတန်ဖိုးတက်လာပြီး ကျပ်ငွေတန်ဖိုးမြင့်တက်ခြင်းကြောင့်လည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

ယခုဂယက်ကို ကြီးမားသည့် ဂယက်ဟု စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်နှင့် ဘဏ်လုပ်ငန်းရှင်များ အသိုင်းအဝိုင်းက လက်ခံထားကြပြီး ပညာရှင်အချို့ကလည်း ယခုကိစ္စကို ဗဟိုဘဏ်အပါအဝင် ၎င်းတို့သုံးပွင့်ဆိုင် ဖြေရှင်းရန်လိုအပ်ကြောင်း မှတ်ချက်ပေးသည်။

“ပြန်ညှိနှိုင်းမယ်ဆိုတာက အဓိကအချိန်ပေါ့။ ချက်ချင်းကြီးပြန်ဆပ်ရမယ်ဆိုတာမျိုး မဟုတ်ဘဲ သတ်မှတ်အချိန် တစ်ခုထားပြီး ပြန်ဆွေးနွေးဖို့တောင်း ဆိုသွားသင့်တယ်” ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေနှင့် ဘဏ်လုပ်ငန်းများအတွက် ယခုအချိန်မှာ ဗဟိုဘဏ်က ကယ်တင်ရှင်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌဟောင်း တာဝန်ယူခဲ့ပြီး လက်ရှိကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးသန်းလွင်က ဆိုသည်။

လက်ရှိချေးငွေဂယက်နှင့်ပတ်သက်ပြီး ဘဏ်များဒေဝါလီခံမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

ယင်းသတင်းများနှင့်ပတ်သက်ပြီး ပုဂ္ဂလိက ဘဏ်များသည် အလွယ်တကူဒေဝါလီခံမည့် လုပ်ငန်း များမဟုတ်သည့်အပြင် နိုင်ငံတော်နှင့် ပြည်တွင်း စီးပွားရေး အခြေအနေသည်လည်း အလွန်ဆိုးရွား သည့်အနေအထားမဟုတ်သေးကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။

သို့သော်ပြည်သူအချို့သည် ၎င်းတို့၏ အပ်ငွေ များကို ပုဂ္ဂလိကဘဏ်အချို့ထံမှ စက်တင်ဘာလ ၂ ရက်နေ့မှစတင်၍ ပြန်လည်ထုတ်ယူနေကြပြီဟု အမည်မဖော်လိုသည့် အပ်နှံငွေပြန်လည်ထုတ်ယူသူ အချို့က The Voice သတင်းစာသို့ အသိပေးပြော ကြားသည်။

“ကျွန်မတို့လည်း မထုတ်တော့မထုတ်ချင်ဘူး။ အလုပ်ရှုပ်တယ်။ အတိုးကလည်း ဝင်တော့မယ်လေ။ ရွှေတွေ၊ ငွေတွေ ဝယ်ထားဖို့တော့မဟုတ်ပါဘူး။ ရှိစုမဲ့စုလေးတွေ ပါသွားမှာစိုးလို့ပါ” ဟု ကမာရွတ်မြို့နယ် အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် ဘဏ်လုပ်ငန်းများတွင် အသိမိတ်ဆွေ ရှိသူများကလည်း ၎င်းတို့ကို ဘဏ်မှ အသိမိတ်ဆွေများက ငွေများပြန်လည်ထုတ်ယူရန် သတိပေးမှုများလည်းရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဒေါ်လာဈေး၊ ရွှေဈေးတို့ကို မြင့်တက်စေသည်ဟု အချို့ကဆိုထားပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို မြင့်တက်စေသည့် ယခုဂယက်မှာ မည်သည့်ပမာဏ အထိ ကြီးမားလာမည်ဆိုသည်မှာ . . . 

အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အမျိုးသမီးတစ်ဦးကတော့ သူမ၏ ဆန္ဒကို ယခုလိုဆိုသည်။

“အခုကျွန်မတို့ ရှင်းရှင်းလင်းလင်းသိချင်တာက ဒီဂယက်က ဘယ်အထိလဲ။ ကျွန်မတို့ ငွေတွေ ပြန်ထုတ်ရမှာလား။ ထပ်အပ်ထားရမှာလား။ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်” ဟု ဆိုသည်။

ဟိန်းမြတ်စိုး

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းဖြေကြားချက် ကောက်နုတ်ဖော်ပြခြင်း

ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မင်းကင်းမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်၏ တစ်ဆက်စပ်တည်း မေးခွန်းဖြစ်သည့် ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းရှင် များကို ဖိတ်ကြားတွေ့ဆုံပြီး လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်မည့် ညင်သာ ပျော့ပျောင်းသော Solution တစ်ခုရရှိအောင် ညှိနှိုင်းရှာဖွေရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း ဖြေကြားခဲ့သော်လည်း ယင်းဖြေကြားချက်မှာ ဗဟိုဘဏ် သဘောထားနှင့် ကိုက်ညီမှုမရှိကြောင်း စက်တင်ဘာလ ၂ ရက်နေ့ ညတွင် နိုင်ငံပိုင်ရုပ်သံသတင်းများမှတစ်ဆင့် ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၏ လွှတ်တော် သို့လာရောက်ဖြေကြားမှုများကို ဖော်ပြအပ်ပါသည်။

“ဘဏ်များကထုတ်ချေးထားတဲ့ ငွေကြေးက ဘဏ်ရဲ့ ပိုက်ဆံမဟုတ်ပါဘူး။ ပြည်သူများက အပ်နှံထား တဲ့ပြည်သူ့ပိုက်ဆံဖြစ်ပါတယ်။ ဘဏ်တွေရဲ့တာဝန်က ပြည်သူများကလာရောက်ပြီး ယုံကြည်စွာအပ်နှံထားတဲ့ ငွေကြေးတွေကို စနစ်တကျစီမံခန့်ခွဲဖို့က ဘဏ်ရဲ့တာဝန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ တာဝန် ကလည်း ဘဏ်တွေက သူတို့ရဲ့ ငွေကြေးကို စနစ်တကျစီမံခန့်ခွဲမှုရှိ/မရှို ကြီးကြပ်ကွပ်ကဲရတဲ့တာဝန်ဖြစ်ပါတယ်။

လုပ်ငန်းများ အခက်အခဲရှိတာကို သဘောပေါက်ပါတယ်။ ဒီအခက်အခဲအားလုံးကို ဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေက ကျော်လွှားရမှာဖြစ်တယ်။ ကိုယ့်ရဲ့Asset မထိမခိုက်ဘဲနဲ့ ဘဏ်ကယူထားတဲ့ပိုက်ဆံပဲ ပြန်ဆပ်မှရမယ်ဆိုတဲ့သဘောမျိုးက တကယ့် Concept မမှန်ပါဘူး။ လုပ်ငန်းတွေအနေဖြင့် အခြေအနေအရ Restructuring နဲ့ Reform လုပ်ရမယ်။ ဒီလို Restructuring လုပ်ခြင်းကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ရဲ့ချေးငွေကို ဘယ်လောက်ကြာကြာမဆပ်ဘဲနေသလဲဆိုတာကို ဘဏ်က သိလာမယ်။ ညှိနှိုင်းလို့ရလာမယ်။ သူတို့ချေးငွေကို အတိုးသာမက အရင်းထိပြန်မဆပ်တာကလည်း ၂ နှစ် ၃ နှစ် ဖြစ်လာပြီဆိုရင် ဘဏ်တွေအနေနဲ့ ညှိနှိုင်းရတဲ့အဆင့်လည်း ကျော်သွားပြီဖြစ်တယ်။

အဲ့လိုအချိန်တွေမှာ ထိထိရောက်ရောက် ကိုင်တွယ်ရမှာဖြစ်တယ်။ ဒါကိုစဉ်းစားစေချင်ပါတယ်။ လုပ်ငန်းရှင်တွေဘက်ကပဲ စဉ်းစားလို့မရဘူး။ ပြည်သူတွေယုံကြည်စွာနဲ့ ဘဏ်တွေမှာ လာအပ်နှံထားတဲ့ ပြည်သူတွေရဲ့ ငွေကြေးဆုံးရှုံးမှုမရှိနိုင်အောင် ကာကွယ်ဖို့က အဓိကဘဏ်တွေရဲ့ တာဝန်ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအတွက် ဘဏ်တွေက လိုအပ်တာထက်တောင် ပိုပြီးလိုက်လျောမှုအများကြီးလုပ်ခဲ့ပြီးပါပြီ၊ ယခုအချိန်မှာ ကိုယ့်ရဲ့ Financial Position ပြန်ပြီးတောင့်တင်းလာအောင် တည်ဆောက်နေရတဲ့ အနေအထားမျိုးဖြစ်တယ်။ ဗဟိုဘဏ်ဘက်က Specific ညွှန်ကြားခြင်းမျိုးမရှိပါဘူး။ ဗဟိုဘဏ်က Guideline တွေချပေးတယ်။ ဘဏ်၊ စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံရဲ့ Financial Sectors ကောင်းကောင်းမွန်မွန်လည်ပတ်လို့ရနိုင်တဲ့ Environment တစ်ခုကို ဖန်တီးတဲ့ Environment တွေကို ဗဟိုဘဏ်က ဆက်လုပ်ပေးတာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေရဲ့ ပြဿနာတွေကို တတ်နိုင်သလောက်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီးပြီ၊ အချိန်တွေလည်းအများကြီးစောင့်ခဲ့ပြီးပြီ။ ဒါကြောင့် နောက်ထပ် ကျွန်တော်တို့အနေနဲ့ အလျှော့ပေးပြီး ဆောင်ရွက်ရန် အနေအထားမျိုးမရှိတော့ဘူး”

ဆက်စပ်သတင်းများ ဖတ်ရှုရန်