News

POST TYPE

POPULAR POST

ဦးနေမျိုးဇင်ကို (၁၀) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး ရုန်းရင်းဆန်ခတ်ဖြစ်
16-Aug-2019
တိုက်ကြီး၊ သြဂုတ် ၁၆

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွင် တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကျဆင်းစေရန်နှင့် ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ဟောပြောခဲ့သည်ဟုဆိုကာ တရားစွဲခံရသောဦးနေမျိုးဇင်ကို ယနေ့ (သြဂုတ်လ ၁၆ ရက်နေ့တွင် တိုက်ကြီးတရားရုံး၌ (၁၀) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

(၁၀) ကြိမ်မြောက် ရုံးထုတ်တွင် တရားလိုပြသက်သေ လေးဦးကို စစ်ဆေးပြီးနောက် တိုက်ကြီးတရားရုံးရှေတွင် ဝန်းရံသူများကို ဦးနေမျိုးဇင်က ဟောပြောနေစဉ် တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူများ ဟန့်တားကာ ကားပေါ်သို့ စွဲတင်မှုကြောင့် ဝန်းရံသူများနိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား တင်းမာမှုများဖြစ်ပွားခဲ့ကြောင်း ဦးနေမျိုးဇင်၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုပါ ရုံးထုတ်စစ်ဆေးရာတွင် နိုင်ငံရေးတတ်ကြွလှုပ်ရှာသူများ၊ တိုက်ကြီး၊ ဥက္ကံနှင့် အဖျောက်မြို့တို့မှ ဒေသခံစုစုပေါင်း ၁၀၀ ကျော် လာရောက်ဝန်းရံခဲ့ကြသည်။

“ကိုနေမျိုးဇင်ကို တပ်မတော်ဘက်က တရားရုံးဦးတိုက်လျှောက်တာ။ ၅၀၅ ဆိုတဲ့ ဥပဒေပုဒ်မက အများပြည်သူအကျိုးကို ပျက်စီးစေတယ်ဆိုတဲ့ သဘောဆိုပြီး တရားလိုဘက်က အတိအလင်းစွပ်စွဲထားတယ်။ ကိုနေမျိုးဇင် အပြစ်ရှိတယ်ဆိုတာတော့ မပေါ်လွင်သေးပါဘူး။ တပ်ဘက်က တရားလိုပြသက်သေငါးဦးထဲက (၄) ဦးကို စစ်ဆေးပြီးပါပြီး ခုလို လွတ်လွတ်လပ်လပ်စကားပြောတယ် လက်မခံဘူးတိုက်ကြီးတရားရုံးက မီဒီယာတွေနဲ့လည်း တွေ့ခွင့်မပေး တရားရုံးထဲကိုလည်း လူဦးရေ ကန့်သတ်မူတွေနဲ့ ဝင်ရောက်ခိုင်းတာတွေက မဖြစ်သင့်တဲ့ အကြောင်းတွေပါဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

တရားလိုဖြစ်သူ ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဥပဒေဌာနမှ ဒုတိယဗိုလ်မှူးကြီး တိုးလင်းကမူ “နေမျိုးဇင်ကို ၅၀၅ က/ခ နဲ့ တရားစွဲတာနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှမပြောလိုပါဘူး။ တရားရုံးက သတင်းနဲ့ပြန်ကြားရေးကို မေးပါ”ဟု တုံ့ပြန်ပြောဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို ဧပြီလ ၁ ရက်နေ့က ဥက္ကံမြို့တွင် ကျင်းပခဲ့ရာ၌ ဦးနေမျိုးဇင်၏ ဟောပြောမှုသည် တပ်မတော်၏ဂုဏ်သိက္ခာနှင့် ပုံရိပ်ကျဆင်းစေရန်နှင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ဟောပြောခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဥပဒေဌာနမှ ဒုတိယဗိုလ်မှူးကြီးတိုးလင်းက ဧပြီလ ၃ ရက်နေ့တွင် တိုက်ကြီးမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်က ဂုဏ်သိက္ခာကျဆင်းတယ်ဆိုတာနဲ့ ကျွန်တော်ကိုတရားစွဲတာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့ ဆက်လုပ်ကြပါ”ဟု ရုံးထုတ်အပြီးတွင် ဦးနေမျိုးဇင်က ပြောဆိုသွားခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဥပဒေဌာနမှ ဒုတိယဗိုလ်မှူးကြီးတိုးလင်း၏ တိုင်ကြားချက်ကို တိုက်ကြီးမြို့နယ် တရားရုံးကလက်ခံခဲ့ပြီး ဦးနေမျိုးဇင်ကို ရာဇသတ်ကြီး အမှုအမှတ် ၇၀၇ /၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/ခ တို့ဖြင့် အရေးယူဆောင်ရွက်ထားပြီး (၁၁) ကြိမ်မြောက် ရုံးချိန်အား သြဂုတ်လ (၂၃) ရက်နေ့သို့ ချိန်ဆိုထားကြောင်း တိုက်ကြီးမြို့နယ် တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဦးနေမျိုးဇင်သည် အင်းစိန်ထောင်မှနေ၍ တိုက်ကြီးမြို့ ဝါးခယ်မမြို့ခင်ဦးမြို့ရှိ မြို့နယ်တရားရုံးများသို့ ရုံးချိန်းတက်ရောက်နေရသူဖြစ်သည်။

R-19


  • VIA