News

POST TYPE

POPULAR POST

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား မန္တလေးတွင် ကျင်းပ
11-Aug-2019

မန္တလေး၊ ဩဂုတ် ၁၀

ပြည်နယ်နှင့် တိုင်းအသီးသီးမှ လူငယ်ကွန်ရက်များပါဝင်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ်တွင် ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရရှိကြမည့် လူငယ်လူရွယ်များ တက်ရောက်ကြကြောင်း၊ ယင်းအခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ IFES အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွန်ကြားရေးမှူးချုပ် ဦးလှထွန်းက ပြောကြားသည်။

“၂၀၂၀ ပြည့်နှစ်မှာ အသက် ၁၈ နှစ်ပြည့်မယ့် လူငယ်တွေအတွက် အတွေ့အကြုံရအောင်၊ အချင်းချင်းရင်းနှီးမှုရအောင်၊ ၂၀၂၀ ပြည့်နှစ်မှာ မဲပေးတဲ့အခါမှာ မှန်မှန်ကန်ကန်ပေးနိုင်အောင် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

လွန်ခဲ့သည့် သုံးနှစ်ခန့်မှစတင်၍ ၂၀၂၀ တွင် ပထမဆုံးအကြိမ် မဲပေးမည့်လူငယ်များအတွင် သင့်အသံ၊ သင့်မဲ သင့်အနာဂတ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ရွေးကောက်ပွဲများ၏အခန်းကဏ္ဍမှာ အရေးကြီးကြောင်းနှင့် လူငယ်များမှ မိမိတို့၏ ရပ်ရွာလူမှုအသိုက်အဝန်းကို ကောင်းမွန်သည့် အပြောင်းအလဲများ ဖော်ဆောင်ရာတွင် တက်ကြွစွာပါဝင်လာစေရန် ရည်ရွယ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

“ကျွန်မအနေနဲ့က ၂၀၂၀ မှာ ပထမဆုံးမဲပေးရမှာဖြစ်ပါတယ်။ ကျွန်မတို့ ထည့်လိုက်တဲ့မဲတစ်ပြားကြောင့် တိုင်းပြည်ရဲ့အနာဂတ်က လုံးဝပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်မတို့မဲတစ်ပြားက တိုင်းပြည်အတွက် အရမ်းကို အရေးကြီးတယ်”ဟု ဧရာဝတီတိုင်း လူငယ်ကွန်ရက်အမျိုးသမီးခေါင်းဆောင်မှုသင်တန်းနည်းပြ နန်းပြုံးခင်က ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ရွေးကောက်ပွဲအတွက် ပိုစတာပြိုင်ပွဲ၊ မဲရုံသရုပ်ပြခြင်းများနှင့် ဆန္ဒမဲပေးခြင်းတို့ကို သရုပ်ပြခဲ့ကြသည်။

M-05