News

POST TYPE

POPULAR POST

ခွေးရူးပြန်ကာကွယ်ဆေး နှစ်မျိုးအတွက် ကျပ် ၁၅ ဘီလီယံခန့် သုံးစွဲ
10-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၀

၂၀၁၆-၁၇ မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အထိ ခွေးကိုက်ခံရသည့်လူနာများကို ကာကွယ်ကုသမှုပေးနိုင်ရန် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအတွက် ကျပ် ၁၃ ဒသမ ၇၂ ဘီလီယံခန့်နှင့် အလွန်အန္တရာယ်ရှိသည့် ခွေးကိုက်ခံရမှု အမျိုးအစား ၃ အကိုက်ခံရသူများအတွက် ခွေးရူးပြန်ဗိုင်းရပ်စ်သတ်သည့် ပဋိပစ္စည်းအတွက် ကျပ် ၁ ဒသမ ၂ ဘီလီယံခန့် သုံးစွဲထားရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ခွေးရူးပြန်ရောဂါ အန္တရာယ်သည် တိရစ္ဆာန်မှတစ်ဆင့်၊ အဓိက ခွေးမှတစ်ဆင့် လူထံသို့ ကူးစက်ရောဂါဖြစ်ပွားပြီးနောက် ပျောက်ကင်းရန် ကုသပေးနိုင်ခြင်းမရှိ၍ အသက်သေဆုံးရကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းရောဂါသည် ပြည်သူ့ကျန်းမာရေး ပြဿနာအသွင်ဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်တွင် လစဉ်ခွေးကိုက်ခံရသူ ၁၅,၀၀၀ ဦးခန့်ရှိရာမှ ၂၀၁၉ ခုနှစ်တွင် လစဉ် ခွေးကိုက်ခံရသူပေါင်း ၁၀,၀၀၀ ဦးခန့်အထိ ကျဆင်းလာသော်လည်း ခွေးကိုက်ခံရသည့် အရေအတွက် များနေသေးကြောင်း ခွေးကိုက်ခံရသည့် လူနာများဆိုင်ရာ စာရင်းအချက်အလက်များအရ သိရသည်။

ထို့ပြင် ခွေးကိုက်ခံရသည့် လူနာများကို သီးသန့်ပို၍ ထိရောက်စွာနှင့် ဆေးအလေအလွင့်နည်းပါးစွာ ကုသမှုပေးနိုင်ရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနှင့် အင်းစိန်ဆေးရုံကြီးတို့တွင် ခွေးကိုက်ခံရသူများအား ကုသမှုပေးသည့်ဌာန (Dog Bite Treatment Center) များဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိပြီး အခြားဆေးရုံများတွင်လည်း ဖွင့်လှစ်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး နှီးနွှယ်အဖွဲ့အစည်းများပါဝင်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ခွေးရူးပြန်ရောဂါကို ဦးစားပေး ထိန်းချုပ်ရမည့်ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး အမျိုးသားအဆင့် ခွေးရူးရောဂါ ကင်းစင်ရေးစီမံချက် (၂၀၁၈-၂၀၃၀) ကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ် ရေးဆွဲခဲ့ပြီး သုတေသနတွေ့ရှိချက်များအရ မည်သည့်နေရာဒေသတွင်မဆို ခွေးကောင်ရေ၏ အနည်းဆုံး ၇၀ ရာခိုင် နှုန်းကို ကာကွယ်ဆေးလွှမ်းခြုံအောင် ထိုးနှံပေးနိုင်ပါက ခွေးရူးပြန်ရောဂါ ကူးစက်မှုကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ပျမ်းမျှ ခွေးကောင်ရေ ၁၅၀,၀၀၀ ခန့်ကို ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

ခွေးရူးပြန်ရောဂါ၏ မူလအရင်းမြစ် သည် ခွေးများတွင် ကာကွယ်ဆေးထိုး ခြင်း၊ ခွေးကိုက်ခံရသည့် လူနာများကို အချိန်မီကာကွယ်ကုသခြင်းနှင့် ပြည်သူ များ၏ အသိပညာဗဟုသုတများ မြှင့်တင်ခြင်းတို့ဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပြီး မြန်မာနိုင်ငံတွင် ခွေးကောင်ရေ လေးသန်းကျော်ရှိကြောင်း ၂၀၁၈ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းများအရ သိရသည်။  

J-12