News

POST TYPE

POPULAR POST

ဒုဋ္ဌဝတီကပေးတဲ့ အတွေးစများ
04-Aug-2019

ဒုဋ္ဌဝတီ မြစ်ကမ်းနံဘေးကို ရောက်လေတိုင်း အတွေးများကမဖိတ်ခေါ်ဘဲ သူ့အလိုလို စီးဆင်းနေကျ၊ ဒုဋ္ဌဝတီ ရေစီးသံလွင်လွင်လေးကလည်း စည်းချက်ညီညီ ပြေးလွှားဆော့ကစားနေသယောင်၊ တစ်ချက်တစ်ချက် တိုးဝှေ့လာတဲ့ လေညင်းလေးကို ပြုံးပြနှုတ်ဆက်ရင်း လောကသဘာဝအလှတွေအကြောင်းကို မျက်စောင်းသဲ့သဲ့လေးနဲ့ထိုးပြီး နှိုးကြည့်လိုက်မိတယ်။ ဟုတ်တယ် ကျွန်တော် ဒီကမ်းနံဘေးကို ရောက်လေတိုင်း မြစ်ကြီးကိုငေးကြည့်နေမိတယ်။ စိတ်အစဉ်ကတော့ လှိုင်းကြက်ခွပ်လေးတွေလို တည်ငြိမ်စွာ စီးဆင်းနေတဲ့ ဒုဋ္ဌဝတီမြစ်ကြီးကတော့ ကျွန်တော့်ရဲ့ခံစားချက်တွေကို မသိကျိုးကျွန်ပြုနေသလို ဟန်ဆောင်ကောင်းစွာ ခပ်တည်တည်ကြီးပေါ့။ အတွေးထဲမှာတော့ လွမ်းမောစရာတွေက ရေပြင်ပေါ်ကို ခဲတစ်လုံးပစ်ချလိုက်သလို အဝန်းအဝိုင်းညီညီ ဂယက်ထနေသလိုပါပဲ။ ဪသာ် အတိတ် အတိတ်၊ ပစ္စုပ္ပန်ကို မီးခဏပိတ်ပြီး ကြည့်လိုက်ရသလို ဝိုးတဝါး ညရဲ့ လရောင်မလင်းတလင်းကြားမှာ အနာဂတ်တွေကိုတောင် ခဏမေ့ထားလိုက်ချင်အောင် ဖြစ်မိတယ်။

ဘာရယ်လို့ သဲသဲကွဲကွဲ ခွဲခြားလို့မရပေမယ့် အတိတ်ကပုံရိပ်ဟောင်းတွေက ဘယ်ချိန်အထိ ဆေး သားကောင်းကောင်းနဲ့ နံရံပေါ်ကို ထင်ကျန်နေဦးမှာလဲ။ ခုလည်း ကျွန်တော် ရေမချိုးသေးဘဲ မြစ်ရဲ့ကမ်းနံဘေးမှာ ငိုင်ငိုင်ကြီးထိုင်ပြီး တွေးနေမိတယ်။ မတူညီတဲ့မြင်ကွင်းတွေကြားထဲမှာ ဟိုအရင် ဆယ်စုနှစ်ဆီ ကပုံရိပ်ဟောင်းတွေကို အကြောင်းအရာအသစ်တစ်ခုလို ပြန်မြင်ယောင်နေမိတယ်။ ကျွန်တော့်ရင်ထဲမှာတော့ ပျောက်ဆုံးသွားတဲ့ မြို့တော်ကြီးကို ရှာဖွေနေရသလို၊ ရေအောက်မှာနစ်မြုပ်နေတဲ့ မြို့တော်ဟောင်းကြီးကို နှမြောတသ ဖြစ်နေမိသလို ခံစားနေရပြန်တယ်။ တကယ်ပါပဲ ဟောဒီ ဒုဋ္ဌဝတီမြစ်ရဲ့ သဲသောင်ပြင်ပေါ်မှာ ကျွန်တော်တို့တစ်တွေ ခုန်ပေါက်ပြေးလွှား ဆော့ကစားခဲ့ကြဖူးတယ်။ ဟုတ်တယ် အတိတ်ကို ပြန်လည် အမှတ်ရတိုင်း ပင်လယ်ကြီးထဲမှာ နစ်မြုပ်သွားတဲ့ တိုက်တန်းနစ်သင်္ဘောကြီးကို မြင်နေရသလို ကျွန်တော်လေ ငယ်ဘဝရဲ့ လွမ်းစရာကောင်းတဲ့ပုံရိပ်ဟောင်းတွေကို စလိုက်ကောင်းကောင်းနဲ့ မီးမောင်းထိုးကြည့်နေခဲ့တာပေါ့။ “အို” လွမ်းစရာတွေပြည့်နှက်နေတဲ့ ကမ်းခြေမှာတော့ အတိတ်ခြေရာတွေက တိုးတိုးလာတဲ့ သက္ကရာဇ်တွေအောက်မှာ တိတ်ဆိတ်ငြိမ်သက်လို့ပေါ့။ ဒါပေမဲ့ ကျွန်တော့်အတွေးတွေက အဲဒီအတိတ်ဟောင်းရဲ့ လွမ်းစရာကောင်းတဲ့ ပုံပြင်ဟောင်းတွေကို တမ်းတမ်းစွဲ ဖက်တွယ်နေမိလို့ပေါ့။ ကျွန်တော်တို့ငယ်ငယ်က ဒီမြစ်ကြီးထဲမှာ ငှက်ပျောတုံးတွေစုပြီး ဖောင်ရိုက်၊ ဖောင်ရိုက်ပြီးတဲ့အခါ ကမ်းခြေကနေ ရေဆန်ကိုတွန်း၊ အဲဒီလိုနဲ့ ရေဆန်ကနေ ခဏခဏ စုန်လိုက်၊ ဆန်လိုက်နဲ့ ကျွန်တော်တို့ငယ်ငယ်က ဆော့ကစားခဲ့ကြဖူးတယ်၊

ကျွန်တော်တို့ ရွာလေးဆီကို စာပေသမားတစ်ယောက် အလည်လာတော့ ကျွန်တော်တို့ ဒုဋ္ဌဝတီမြစ်ကိုငေးကြည့်ပြီး သူက ကျွန်တော့်ကို မြစ်ရဲ့တစ်ဖက်ကမ်းက ဘာတွေရှိလဲလို့မေးတယ်။ အဲဒီတုန်းက ကျွန်တော် လွယ်လွယ်လေးပဲ ဖြေလိုက်မိတယ်။ မြစ်ရဲ့တစ်ဖက်ကမ်းက ဒီဘက်မှာလိုပဲ ခြံတွေရှိတယ်လို့ပေါ့။ အခု မြစ်ရဲ့အခြားတစ်ဖက်မှာ ဘာတွေရှိလဲဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲ အတွေးလှေတစ်စီးနဲ့ လှော်ခတ်ပြီး ရှာဖွေနေမိတယ်။

ဟုတ်ပါတယ်။ မြစ်ရဲ့ အခြားတစ်ဖက်မှာ ဘာတွေ ရှိနေပါသလဲ၊ မြစ်ရဲ့အခြားတစ်ဖက်မှ ဘယ်အရာတွေများ တည်ရှိနေမလဲ ဆိုတာကိုပေါ့။ တစ်ခါတလေ မြစ်ဟာ တည်တည်ငြိမ်ငြိမ် အိပ်ပျော်နေပေမယ့် တစ်ခါတလေ မြစ်ဟာ ရယ်မြူးကခုန်နေတတ်တယ်။ ကျွန်တော်တို့ရွာလမ်းကလေးဟာ မြစ်ရဲ့လက်မောင်းသားပေါ်မှာ တည်ရှိပြီး ကျွန်တော်တို့ ရွာကလေးကတော့ မြစ်ကိုမေးတင်ပြီး စုဖွဲ့ထားတယ်။ ဒါဆို ကျွန်တော်တို့ဟာ ဟောဒီဒုဋ္ဌဝတီမြစ်ကြီးနဲ့ အရင်းနှီးဆုံးသော မိတ်ဆွေ သူငယ်ချင်းတွေပေါ့။ ဟုတ်တယ်။ အရင်းအနှီးဆုံးသော မိတ်ဆွေသူငယ်ချင်းတွေပါပဲ။

ကျွန်တော်တို့တစ်တွေ ငယ်စဉ်ကတည်းက ဆိုးတူကောင်းဖက် သူနဲ့အတူ ဆော့ကစားလာခဲ့ကြတာ၊ သူနဲ့အတူ ဘဝအမောတွေ ဖြေခဲ့ကြတာ၊ သူနဲ့အတူ စီးဆင်းပျော်ဝင်ခဲ့ကြတာပေါ့။ အဲဒီတော့ သူနဲ့ ကျွန်တော်တို့မှာ နယ်စည်းမခြား မိတ်ဆွေသူငယ်ချင်းများဖြစ်ခဲ့ကြတာလို့ ပြောရင်ရနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဟုတ်တယ်။ တကယ့် မိတ်ဆွေသူငယ်ချင်းတွေပဲပေါ့။ ကျွန်တော် ဟောဒီ ဒုဋ္ဌဝတီမြစ်ကြီးရဲ့ စိတ်ဓာတ်ကို ကောင်းကောင်းသိတယ်။ သူ့ရူပါက ကွေ့ကောက်ခြင်းတွေ လိမ်းခြယ်ထားပေမယ့် သူ့သဘောထားက တည်ကြည်တယ်၊ သူ့နှလုံးသားက မြင့်မြတ်တယ်။ ဒီမြစ်ကြီးဟာ ကျွန်တော်တို့ဘဝတွေဖြစ်သလို ကျွန်တော်တို့ ဘဝတွေကလည်း ဒီမြစ်ကြီးပဲ ဖြစ်ပါလိမ့်မယ်။

တစ်ရက် မြစ်ထဲရေချိုးအသွား ရေမချိုးသေးဘဲ ရေချိုးဆိပ်က တာယာလှေကားပေါ်ထိုင်ရင်း တည်ငြိမ်နေတဲ့မြစ်ကြီးကို ငေးမောစွာ ကြည့်နေခိုက် အတွေးထဲမှာ ရေပြင်ကျယ်ကြီးဟာ ကြီးမားတဲ့ ရုပ်ရှင်ပိတ်ကား တစ်ချပ်အသွင်နဲ့ ကိုယ်ထင်ပြလာခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်အတွေးတွေကို ပိတ်ကားကြီးပေါ်မှာ သွန်ချလိုက်တယ်။

ဟော ပိတ်ကားပေါ်မှာ ရုပ်လုံးရုပ်ကြွတွေဟာ အထင်းသားမြင်နေရပါပြီ။ ကျွန်တော်တို့ငယ်ငယ်က ငှက်ပျောဖောင်စီးတဲ့ ပုံရိပ်ဟောင်းတွေ နေရီရီအချိန်ကောင်းမှာ သဲသောင်ပြင်ပေါ် ဘောလုံးကန်ခဲ့ကြတဲ့ ပုံရိပ်တွေ၊ မြစ်ကမ်းနံဘေးမှာ အစိမ်းရောင် ကျောက်ခဲ ကောက်ခဲ့ကြတဲ့ပုံရိပ်တွေ၊ ရေချိုးရင်း စိမ်လိုက်တမ်း ကစားခဲ့ကြတာတွေ၊ မိုးရာသီရောက်တိုင်း နီရဲနေတဲ့ မြစ်ပြင်ကျယ်ထဲမှာ မကြောက်မကန်း ထက်အောက် စုန်ဆင်းကြပုံရိပ်တွေ၊ ရေကျသွားတဲ့အခါ တင်ကျန်နေတဲ့ နုန်းနှစ် နွံတွေနဲ့ လျှောစီးခုန်စီးတဲ့ပုံရိပ်တွေ၊ ဟို တစ်ဖက်ကမ်းကို လက်ပစ်ကူးတဲ့ပုံရိပ်တွေဟာ ဟောဒီ မြစ်ပြင် ပိတ်ကားထက်မှာ မြင်နေရတဲ့ ကျွန်တော်တို့ရဲ့ အဖြူအမည်း ဇာတ်ဝင်ခန်းတွေပဲပေါ့။

ဗြုန်းဆို ကျွန်တော့် အတွေးစလိုက်မီးကို ရပ်တန့်လိုက်တယ်။ မြစ်ဟာ ညင်သာစွာ လမ်းလျှောက်နေဆဲ ကျွန်တော်တို့ဟာလည်း နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်ခန့်အထိ စီးဆင်းနေဆဲ။

ကျွန်တော်တို့ ငယ်ငယ်ကဆို မြစ်ရေတိုးရင် အပျော်ကြီး ပျော်ရွှင်ကြရတာပေါ့။ လူကြီးမိဘတွေကတော့ မြစ်ရေကြီးရင် အိမ်ပေါ်မှာရှိတဲ့ပစ္စည်းတွေ ရွှေ့ရသယ်ရတယ်။ ခြံတွေထဲမှာ စိုက်ပျိုးထားတဲ့ သစ်ပင်သစ်ခင်းတွေ ရေနစ်လို့ သေကုန်လို့ စားရေးသောက်ရေးတွေအတွက် အခက်အခဲတွေနဲ့ ကြုံရတွေ့ရမယ်ဆို သူတို့က ကြိုသိပြီးသား။ အဲဒီအတွက် သူတို့မှာ ပူလောင်သောကတွေ ရောက်နေတဲ့အချိန်ပေါ့။ ကျွန်တော်တို့ ကလေးတွေကတော့ ဘာသိမှာလဲ ရေတွေတိုးလာခဲ့ရင် ကျောင်းတွေပိတ်မယ်၊ ရိုးတွေ အင်းတွေထဲမှာ လှေစီးကြမယ်၊ ရေလျော့သွားရင် ရိုးတွေ အင်းတွေဆီက ကျရောက်လာတဲ့ ရေတွေနဲ့အတူ ငါးတွေဖမ်းကြမယ်၊ ဒါလောက်သာသိတဲ့ ကလေးငယ်တွေမဟုတ်လား။ လူကြီးမိဘတွေဘက်ကနေ စာနာနားလည်ပေးဖို့ဆိုတာ ဘယ်သိခဲ့ကြမလဲလေ မသိခဲ့ကြဘူးပေါ့။

မြစ်ရဲ့တစ်ဖက်တစ်ချက်မှာ ကျွန်တော်ဘက်ကမ်းကလို သစ်ပင်သစ်ခင်းတွေ၊ ရွှေဝါရောင်၊ အစိမ်းရောင်လယ်ကွင်းတွေလည်း ရှိစကောင်းရဲ့ မဟုတ်ဘူး ရှိကိုရှိပါတယ်။ သရက်ပင်တွေလည်း အများကြီး၊ ကျွန်တော် ရောက်ဖူးတာပေါ့ မြစ်ရဲ့တစ်ဖက်ကမ်းကို။ ကျွန်တော်တို့ရွာကနေ လှေနဲ့ကူးပြီး မန္တလေးကိုသွားတဲ့အခါမျိုးဆိုပါတော့။ အများဆုံး မြင်တွေ့ရတာက လယ်ကွင်းတွေဖြစ်တယ်။ မြစ်ရဲ့အခြားတစ်ဖက်ဆိုတာထက် မြစ်ရဲ့ကမ်းပါးတစ်လျှောက်ဟာ သစ်ပင်ချုံနွယ်တွေ ပိတ်ပိတ်ပိန်းနေလို့ပေါ့။ မြစ်ရဲ့ ကြည်သန့်တဲ့ အရောင်နဲ့ သစ်ပင်တွေဆီက ထွက်ကျလာတဲ့ အရာနှစ်ခု ပေါင်းစုထွေးပွေ့မိတဲ့အခါ အရည်လည်နေတဲ့ ကျောက်စိမ်းရိုင်းကြီးကို ရင်ခွဲပြီး ပြသထားသလိုပါပဲ။ မြင်ရသူရဲ့ စိတ်နှလုံးကို တည်ငြိမ်သက်လွင်တဲ့ အေးမြမှုတစ်ခု တိုးဝင်ပြေးလွှားသွားသလို သိမ်မွေ့ညင်သာလွန်းလှပါတယ်။

ပစ္စုပ္ပန်ဟာ ရှေ့တည့်တည့်ကနေကြည့်ရင် မြင်နေရတဲ့ မြင်ကွင်းနဲ့တူနေမလား။ ဒါဆို အနာဂတ်ဟာ ဟိုးအဝေးကို လှမ်းမျှော်ကြည့်ရတဲ့ အရာတစ်ခုပဲ ဖြစ်မလား။ ဒါဆို ရှေ့တည့်တည့်က မြင်နေရတဲ့အရာလို့ ပြောကြရအောင်။ အတိတ်ဆိုတာ တိပ်ခွေတစ်ခွေကို နောက်ပြန်ရစ်ပြီး ကြည့်ရတဲ့အရာတစ်ခုဆိုပေမယ့် ရှေ့တည့်တည့်ကနေကြည့်ရင် လှပမှုတွေ အကုန်အစင် မမြင်တွေ့နိုင်တဲ့ မြစ်တစ်စင်းလို၊ ငယ်ဘဝကို ပြန်လည် တမ်းတ သတိရတဲ့အခါ မြစ်တစ်စင်းကို ငဲ့စောင်းပြီး ကြည့်ရသလို လှပမှုတွေဟာ ပိုမိုပေါ်လွင်တောက်ပနေမယ်လို့တော့ ကျွန်တော်ထင်တယ်။ မကြာသေးခင် ရက်ပိုင်းကပဲ ဒုဋ္ဌဝတီကမ်းနံဘေးဖြစ်တဲ့ လမ်းကလေးတစ်လျှောက် အပန်းဖြေခရီးထွက်ခဲ့သေးတယ်။ ရဲရွာ ရေအားလျှပ်စစ် အပါအဝင်ပေါ့။ လမ်းတစ်လျှောက်လုံးမှာ တောင်တန်းစိမ်းစိမ်းကြီးတွေက အခန့်သား နောက်ပြီး လတ်ဆတ်တဲ့ လေညင်းလေးတွေရယ်၊ တောင်စွယ်ခြေရင်းကနေ စီးဆင်းလာတဲ့ ဒုဋ္ဌဝတီမြစ်ကြီးရဲ့အလှရယ်၊ အဲဒီအရာနှစ်ခုပေါင်းစပ်ထားတဲ့မြင်ကွင်းတွေဟာ တကယ်ကိုပဲ စိတ်နှလုံးကိုကြည်လင် အေးမြစေခဲ့တယ်။ စိတ်ထဲမှာ “ချစ်သောဒုဋ္ဌဝတီ”သီချင်းလေးကို အလိုလို သတိရမိလိုက်တယ်။ သီချင်းစာသားလေးထဲက “တောင်တန်းစိမ်းစိမ်းကြီးတွေ အနီးကပ် မြင်နေရပြီ”ဆိုတဲ့သီချင်းစာအပိုဒ်လေးက ကျွန်တော်တို့နဲ့ ထပ်တူကြနေပြန်တော့တယ်။ ကျွန်တော် ရေလှိုင်းတွေလိုဖြစ်နေတဲ့ တောင်တန်း အနိမ့်အမြင့် အထပ်ထပ်ကို ပိုပြီးသတိထားငေးကြည့်နေမိတယ်။

ရဲရွာ ရေအားလျှပ်စစ်လမ်းတစ်လျှောက်မှာတော့ ၃ မိုင် ၅ မိုင် ၆ မိုင် ၇ မိုင်နဲ့ အခြားအပန်းဖြေစခန်းတွေ ရေပြာစမ်းရယ်၊ ခိုနန်းရှင်ဘုရားရယ် လည်ပတ်စရာနေရာတွေကလည်း စည်စည်ကားကားပါပဲ။

နောက်ပြီး ကျွန်တော် ဒုဋ္ဌဝတီမြစ်ရဲ့ ကောက်ကြောင်းတွေကို ထပ်လောင်းတွေးတောနေမိသေးတယ်။

ဟိုး ရှမ်းကုန်းမြင့် သိန္နီမြို့အနီးကနေ မြစ်ဖျားခံ စီးဆင်းလာ၊ တောင်စွယ် တောင်တန်းတွေကြားကနေ ခရီးနှင်လာတဲ့ ဒုဋ္ဌဝတီကို စိတ်ကူးနဲ့ ငေးကြည့်နေပြန်တယ်။ နမ္မတူနဲ့အနီး စီးဆင်းလာတဲ့ သူ့ကို နမ္မတူမြစ်ခေါ်သလို မြစ်ငယ်မြို့နဲ့အနီး မြစ်ငယ်မြစ်ပေါ့။ နောက်ပြီး ဇော်ဂျီမြစ်နဲ့ မဟာမိတ်ဖွဲ့နေတဲ့ ဒုဋ္ဌဝတီမြစ်နဲ့ ဇော်ဂျီမြစ်ရဲ့ လက်တွဲနှုတ်ဆက်နေတာကို မက္ခရာမြို့ဟောင်းနဲ့ချုပ်စပ် ကျွန်းဦးရွာ မြစ်ကူးတံတားကြီးပေါ်ကနေ မြစ်ဆုံအလှကို ကျွန်တော် တွေးကြည့်နေမိသေးတယ်။ အတွေးတွေထဲကနေ အဆင့်ဆင့်စီးမျောရင်း ကျွန်တော်ခံစားမိသမျှ ဒုဋ္ဌဝတီအတွေးစတွေကို ဟိုးအဝေး အင်းဝနေပြည် ဧရာဝတီအထိ မျောပါတွေးတော့ကြည့်နေမိပါတော့တယ်။

အလင်းသစ် (ရွှေဆည်မြေ)