News

POST TYPE

POPULAR POST

စာရေးဆရာများနှင့် ဘဝတက္ကသိုလ် မုန်တိုင်းအန္တရာယ်နှင့် နတ်နွယ် (၂)
03-Aug-2019
ယခုကဏ္ဍသည် မြန်မာနိုင်ငံ စာရေးဆရာကြီးများနှင့်ပတ်သက်၍ စာပေထုတ်ဝေရေးလောကတွင် နှစ်ပေါင်း ၄၀ ကျော်ဖြတ်သန်းခဲ့ဖူးသူ ထုတ်ဝေသူတစ်ဦး၏ ကိုယ်တွေ့ အတွေ့အကြုံများ၊ အမှတ်တရများနှင့် အတွေးအမြင်များကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးဆရာတစ်ဦးချင်းစီအတွက် ၎င်းရေးသားထားသော စာစုများကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ (အယ်ဒီတာ)

ဆရာနတ်နွယ်အကြောင်း ရေးဖို့စဉ်းစားတဲ့အခါ တစ်ချိန်က သူပြောခဲ့တဲ့စကားတစ်ခွန်းကို ကျွန်တော် ပြန်သတိရမိပါတယ်။ အချိန်ကာလက ၈၈ အရေးတော်ပုံကြီးပြီးစ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ကျွန်တော်တို့ ရင်ထဲမှာ ယူကျုံးမရဖြစ်နေတဲ့အချိန်။ ၂၆ နှစ်လုံးလုံး စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် ဖြစ်တည်လာရတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးလည်း ကွယ်ပျောက်ခဲ့ရတဲ့အချိန်။

တစ်နေ့တော့ ဆရာနှင့် ကျွန်တော် နှစ်ယောက်တည်းရှိချိန်မှာ ကျွန်တော်က အခြေအနေကို စိတ်ပျက် လက်ပျက် ညည်းညူမိတယ်။ သည်ကာလတွေကလည်း မပြီးဆုံးနိုင်တော့ပါလား၊ ဘယ်လောက်များ ကြာကြာစောင့်ရဦးမလဲ မသိဘူး၊ သေတာတောင် လွတ်ပါ့မလားလို့ ပြောတော့ ဆရာက သူ့ပုံစံအတိုင်း တိုးတိုးလေး ပြန်ပြောပါတယ်။ ခင်ဗျားတို့ကသာ ကြာတယ် ထင်နေတာ၊ တကယ်တော့ သည်အဖြစ်အပျက်တွေဟာ သမိုင်းစာအုပ်ထဲမှာ တစ်ကြောင်း တစ်ပိုဒ်လောက် ဖော်ပြရုံလောက်ပဲ ရှိတာတဲ့။ သူ ပြောစက ကျွန်တော့် စိတ်ထဲ မခံချင်သလို ဖြစ်မိပေမယ့် ခုတော့ သူပြောတာကို ကျွန်တော် နားလည်ခံစားနိုင်ခဲ့ပါပြီ။

ဆရာက ကောလိယဆိုတဲ့ ကလောင်နှင့် သမိုင်းအဘိဓာန်လို စာအုပ်မျိုးကိုလည်း ပြုစုခဲ့သူကိုး။ ပင်ကိုရေးဝတ္ထုရှည်၊ ဝတ္ထုတို၊ ဘာသာပြန်ဝတ္ထုရှည်၊ ဝတ္ထုတို၊ ခရီးသွားဆောင်းပါး၊ စာပေဆောင်းပါး၊ သမိုင်းစာအုပ် စသည်ဖြင့် ဘာကိုပဲရေးရေး သူ့လက်ရာဟာ ကောင်းတယ်ဆိုတာထက်ပိုတဲ့ စံမီလက်ရာရှင်ပါ။

ဆရာ့ရဲ့ ဆန်းသစ်တဲ့ ခပ်ထေ့ထေ့ ရေးဟန်နဲ့ မိမိနှင့် စာရေးဆရာများ ဆောင်းပါးတွေဟာလည်း တစ်မူထူးခြားတဲ့ စာပေဆောင်းပါးများ ဖြစ်ကြပါတယ်။ မိမိနှင့် မြသန်းတင့်၊ မိမိနှင့် ကျော်အောင်၊ မိမိနှင့် မင်းကျော် စတဲ့ စတဲ့ ဆောင်းပါးတွေပါပဲ။ သည်နေရာမှာ ကျွန်တော် သိသလောက်ပြောရရင် ဆရာ့ကို ကြည်ညိုလေးစားတဲ့သူများရှိသလို ကြည့်မရတဲ့သူတွေလည်း ရှိပါတယ်။

တစ်ခါမှာတော့ သည်အရှိန်ဟာ ကျွန်တော့်ကိုလည်း ရိုက်ခတ်ခဲ့ဖူးပါတယ်။ ဆရာနတ်နွယ်၊ ဆရာမင်းကျော်၊ ဆရာမောင်နေဝင်းတို့ အတွဲကို အဲဒီအချိန်က တြိဂံအုပ်စု၊ “နေနတ်မင်းအုပ်စု”စသဖြင့် ခေါ်ကြပါတယ်။ သည်ဆရာတွေရဲ့ စာအုပ်တွေကို ကျွန်တော်ထုတ်နေတဲ့အချိန်မှာ တစ်နေ့တော့ ဘာသာပြန် ဆရာကြီးတစ်ယောက်က ကျွန်တော့်ဆီလာပြီး ဒေါသတကြီးနှင့် ရန်တွေ့ပါတယ်။ လိုရင်းကတော့ သူတို့အုပ်စုကိုသာ ကျွန်တော်က ဦးစားပေးကြောင်း၊ ကျန်တဲ့စာရေးဆရာများကိုတော့ ဂရုမစိုက်တဲ့အကြောင်း ဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဘယ်စာရေးဆရာရဲ့ စာအုပ်ပဲဖြစ်ဖြစ်၊ ကျွန်တော် ကြိုက်လို့သာ ထုတ်တာဖြစ်ပြီး မကြိုက်ဘဲနှင့် ဘယ်သူ့စာအုပ်ကိုမှ မထုတ်တဲ့အကြောင်း တော်တော်ရှင်းပြရပါတယ်။ ကဲ . . . ဒါတွေ ထားပါတော့။ မဂ္ဂဇင်းအကြောင်း ပြောကြရအောင်။

ဆရာနတ်နွယ်က ကျွန်တော်တို့ စာပေလောကထဲ မရောက်ခင်တည်းက လျှို့ဝှက်သည်းဖိုတို့၊ စုံထောက်တို့မှာ ဝတ္ထုလည်းရေး၊ အယ်ဒီတာအဖြစ်လည်း တာဝန်ယူခဲ့ဖူးတော့ သည်လိုင်းကို သံယောဇဉ်ရှိပါတယ်။ ကျွန်တော်ကလည်း သည်ဝတ္ထုတွေနှင့် ကြီးပြင်းလာတော့ သူနှင့် ကျွန်တော် ပေါင်းမိတဲ့အခါ သည်းထိတ်ဖိုဆိုတဲ့ တင်ထုတ်စာအုပ်လေးလုပ်ဖြစ်ပါတယ်။ အချိန်က ၁၉၈၇ ခုနှစ်လောက်ကပါ။ မဂ္ဂဇင်း ထုတ်ဝေခွင့် မရတဲ့အခါမျိုးမှာ စာမူကြိုတင်ပြီး ခေါင်းစဉ်တစ်ခု အသေယူလို့ မဂ္ဂဇင်း ပုံစံမျိုး ဖန်တီးကြရတာပါ။ ပုံထဲမှာလို ညတစ်ည ဇာတ်လမ်းနှင့် သည်းထိတ်ဖိုဆိုတာမျိုးပေါ့။သည်းထိတ်ဖိုကို ခေါင်းစဉ် အသေထားရတာမျိုးပါ။ ဒါပေမဲ့ ထုတ်တဲ့အခါ မဂ္ဂဇင်း မဟုတ်တဲ့အတွက် မဂ္ဂဇင်းဆိုဒ်မျိုး ထုတ်လို့ မရပါဘူး။ ဝတ္ထုဆိုက်မျိုးပဲ ထုတ်ရတာပါ။ သည်လို ဆိုဒ်မျိုးနှင့် မှတ်မိသလောက် ၁၀ အုပ် ပတ်ဝန်းကျင်ထွက်ခဲ့ပါတယ်။ စီးပွားရေးအရ အောင်မြင်မှု မရှိပါဘူး။

နောက်ပိုင်း အခြေအနေ တစ်မျိုးပြောင်းလာတော့ သည်းထိတ်ဖိုကိုပဲ ဆိုက်ကြီးတစ်ခါ ပြောင်းထုတ်ပါတယ်။ သည်အချိန်မှာ ဆရာနတ်နွယ်နာမည်နှင့် မဂ္ဂဇင်းရလာတော့ ကျွန်တော်တို့လည်း ဘယ်လိုမှ မအောင်မြင်တဲ့အဆုံး သည်းထိတ်ဖိုကို နွယ်နီမဂ္ဂဇင်း နာမည်ပြောင်းလို့ စာပေမဂ္ဂဇင်းအဖြစ် အသက်သွင်းကြပြန်ပါတယ်။ ဒါလည်း မအောင်မြင်ပါဘူး။ အခု ပြန်စဉ်းစားတော့ ၁၉၈၈ ခုနှစ်တစ်ဝိုက်မှာ ကျွန်တော် ဘာလုပ်လုပ်အောင်မြင်မှု သိပ်မရှိပါဘူး။ (သည်အကြောင်းကို ဆရာဆန်းလွင်အကြောင်း ရေးစဉ်ကလည်း ထည့်ရေးခဲ့ပါသေးတယ်။) ၁၉၈၀ပြည့်နှစ်လောက်က စတင်လက်တွဲခဲ့တဲ့ ကာလတစ်လျှောက်လုံး ဆရာနတ်နွယ်နဲ့ ကျွန်တော် လုပ်သမျှစီးပွားရေးအရ ဘာမှ မအောင်မြင်ပါဘူး။ ဒါပေမဲ့ သည်ကာလမှာပဲ ဆရာဟာ ဒုက္ခ၊ သုက္ခတွေ ကြားထဲက ကာရာမာဇော့ ညီအစ်ကိုများ စာအုပ်ကို အပတ်တကုတ် ဘာသာပြန်ခဲ့တာပါ။ ပြီးသွားလို့ ထုတ်မယ်ကြံပြန်တော့ အရေးအခင်းတွေက ဖြစ်၊ ကိုယ်ကိုယ်တိုင်တောင် ဘာလုပ်ရမှန်းမသိနှင့် စာအုပ်အဖြစ် မရောက်နိုင်ပြန်ဘူး။ ခုန ပြောခဲ့သလို ရှစ်လေးလုံး လှိုင်းလုံးကြီး ရိုက်ခတ်ပြီးစအချိန်။ လူတွေကလည်းနိုင်ငံရေး နိုးကြားလာစအချိန်။ ကျွန်တော်တို့လည်း အလုပ်တွေ ပြန်လုပ်ရတဲ့အချိန်။ မဂ္ဂဇင်းကလည်း ရှုံးနေလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်။

ကျွန်တော့် ခေါင်းထဲ စိတ်ကူးတစ်ခု ပေါ်လာပါတယ်။ သည်အချိန်မှာ နွယ်နီမဂ္ဂဇင်းကို ပုံစံလုံးဝပြောင်းလဲပြီး နိုင်ငံတကာ မဂ္ဂဇင်းပုံစံထုတ်ရရင် ကောင်းမလားဆိုတဲ့ စိတ်ကူး။ သည်စိတ်ကူးကို ဆရာနတ်နွယ်ကို ပြောပြတော့ ဆရာကလည်း ချက်ချင်း သဘောတူပါတယ်။ ဒါနှင့်ပဲ နွယ်နီကို နိုင်ငံတကာ မဂ္ဂဇင်းအဖြစ် အသက်သွင်းခဲ့ကြပါတယ်။ သည်အကြောင်းတွေကို နောက်တစ်ပုဒ်မှာ ဆက်ဖတ်ပေးပါဦးခင်ဗျာ။

ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

နေဝင်း (ဘဝတက္ကသိုလ်)