News

POST TYPE

POPULAR POST

ဗြိတိန်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ပြစ်ဒဏ်ချမှတ် ခံခဲ့ရသည့် မြန်မာဆရာဝန် ပြန်လည်ကြားနာ စစ်ဆေးမှုတွင် အပြစ် မရှိကြောင်း ဆုံးဖြတ်ခံရ
15-Nov-2016 tagged as

ဗြိတိန်ရောက် မြန်မာဆရာဝန် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ အံ့ထွန်းမောင်ဟာ ဗြိတိန်နိုင်ငံမှာ လူနာမိန်းကလေး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲခံရပြီး ပြစ်ဒဏ် ချမှတ်ခံခဲ့ရပေမယ့် ပြန်လည်ကြားနာ စစ်ဆေးမှုမှာ အနိုင်ရပြီး မူလ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်များမှ ကင်းရှင်းသွားပြီ ဖြစ်ပါတယ်။

ဗြိတိန်မှာ အထွေထွေ ရောဂါကု ဆရာဝန် တစ်ယောက်အဖြစ် လုပ်ကိုင်ခွင့်ရထားတဲ့ ဒေါက်တာ အံ့ထွန်းမောင်ဟာ ၂၀၁၂ ခုနှစ်ထဲတုန်းက ဆေးခန်းကို လာပြတဲ့ လူနာမိန်းကလေး တစ်ယောက်ရဲ့ ရင်သားကို စစ်ဆေးကုသဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ကိုင်တွယ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ၂၀၁၃ ခုနှစ်ထဲမှာ ဆေးကုသခွင့် ရပ်ဆိုင်းခံရကာ ၂၀၁၅ ခုနှစ် ဧပြီလထဲမှာတော့ ထောင်ဒဏ် ၁၈ လချမှတ်ခံခဲ့ရပါတယ်။

လက်ရှိအချိန်မှာ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာ အံ့ထွန်းမောင်က သူ့အနေနဲ့ ၁၉ နှစ်အရွယ် လူနာ မိန်းကလေးကို ဆေးကုသဖို့အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေကိုသာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပြီး သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပေမယ့် ပြစ်ဒဏ်ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလို ပြစ်ဒဏ်ချမှတ် ခံရပြီးနောက်မှာ ဒေါက်တာ အံ့ထွန်းမောင်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေက သူ့မှာ အပြစ် မရှိကြောင်း နဲ့ ပြန်လည်ကြားနာ စစ်ဆေးပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒေါက်တာ အံ့ထွန်းမောင်ဟာ အယူခံ တင်သွင်းမှု မအောင်မြင်ခင်အထိ ထောင်ထဲမှာ ၆ လခန့် နေထိုင်ခဲ့ရပါတယ်။

ပြန်လည်ကြားနာ စစ်ဆေးပေးဖို့ တောင်းဆိုမှု အောင်မြင်ပြီးနောက် အခု နောက်ဆုံး ကြားနာ စစ်ဆေးမှုမှာတော့ ဂျူရီလူကြီးတွေက ဒေါက်တာ အံ့ထွန်းမောင် အမှုဟာ ဆိုးဆိုးရွားရွား နားလည်မှု လွဲမှားခဲ့ခြင်းသာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး သူ့အပေါ် စွပ်စွဲထားမှုတွေကို ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါက်တာ အံ့ထွန်းမောင် အနေနဲ့ ဆေးကုသခွင့် ပြန်လည်ရဖို့အတွက်တော့ နောက်ထပ် ကြားနာစစ်ဆေးမှု တစ်ရပ်ကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒေါက်တာ အံ့ထွန်းမောင်ရဲ့ အမှုကို ပြန်လည်ကြားနာ စစ်ဆေးစဉ်မှာ သူ့ရဲ့ မိတ်ဆွေနိုင်ငံခြားသား ဆရာဝန်များကသာမက ဗြိတိန်လူမျိုး ဆရာဝန်များကပါ သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ထောက်ခံ ထွက်ဆိုခဲ့ကြတယ်လို့လည်း Daily Mail မှာ ဖော်ပြထားချက်အရ သိရပါတယ်။

Ref : Daily Mail

  • VIA
  • TAGS