News

POST TYPE

POPULAR POST

ယုံကြည်ခြင်းသည် မဟာအင်အား (Daily, Vol-7/No-89)
23-Jul-2019
ဝန်ထမ်းတစ်ဦးကို အလုပ်ခန့်အပ်ရာမှအစ စီးပွားရေးလုပ်ငန်းများ အချင်းချင်း အကျိုးတူပူးပေါင်းမှု အပါအဝင် နိုင်ငံရေးအင်အားစုများ နိုင်ငံတည်ဆောက်ရန် စေ့စပ်ညှိနှိုင်းမှုအထိ အရေးအကြီးဆုံးသော အရာကိုပြောပါဆိုလျှင် ယုံကြည်မှုသာ ဖြစ်ရပေလိမ့်မည်။

မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလအတွက် နံပါတ် ၁ အဆင့် အရေးကြီးသောအရာများတွင် ယုံကြည်မှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။

ယုံကြည်မှုအားနည်းနေမည်ဆိုပါက လုပ်ဖော်ကိုင်ဖက်များအကြား၊ အလုပ်သမားနှင့် အလုပ်ရှင်အကြား၊ မိတ်ဆွေအချင်းချင်းအကြား ဆက်ဆံရေးသည်ပင် အလုပ်ဖြစ်နိုင်သည့်သဘောမျိုးရှိနေရာ တိုင်းပြု၊ ပြည်ပြုဟူသည် နိုင်ငံတည်ဆောက်ရေးအဆင့်တွင် ယုံကြည်မှုဆိုသောကိစ္စက မည်မျှအရေးကြီးကြောင်း အထူးညွှန်းဆိုနေစရာလိုမည်ဟုပင် မထင်ပေ။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုကြည့်လျှင် နဂိုကတည်းက ပြည်တွင်း နိုင်ငံရေး နက်နဲရှုပ်ထွေးခဲ့ရုံသာမက တင်းကျပ်ဖိနှိပ်သည့် အာဏာရှင်သဘောတရားများကြီးစိုးခဲ့ခြင်း၊ တာဝန်ယူမှုရှိသော ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းများ အားနည်းခဲ့ကာ တန်းတူရည်တူ စီးပွားရေးလုပ်ကိုင်ခွင့်တို့မရှိခဲ့ခြင်းတို့ကြောင့် ယုံကြည်မှုဆိုသည်မှာ အလွန်အမင်း နိမ့်ပါးသည့်အဆင့်သို့ ရောက်ရှိခဲ့သည်ကိုတွေ့ရပေသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး စတင်ကာ ဖိနှိပ်မှုများလျော့ကျလာသည့် ခေတ်ကာလထဲသို့ရောက်ရှိလာခြင်းကြောင့် နိုင်ငံတော်သစ်တစ်ရပ် လက်တွဲတည်ဆောက်နိုင်မည့် အခွင့်အရေး ရရှိလာသော်လည်း အဆိုပါယုံကြည်မှုကိစ္စကြောင့် အရေးပါသော နိုင်ငံရေးအင်အားစုများအကြား လက်တွဲရန်ခက်ခဲနေကြသည်မဟုတ်ပါလော။

ဒီမိုကရေစီ၏ အနှစ်သာရဟုဆိုနိုင်သော “ဆန့်ကျင်ဘက် အယူအဆများအပေါ် သည်းခံနိုင်စွမ်း”ကို မြန်မာ့နိုင်ငံရေး၏ အဓိကပလေယာများမှအစ နိုင်ငံသား အတော်များများအထိ မတွေ့ရဘဲဖြစ်နေခြင်းမှာလည်း ယုံကြည်မှုအားနည်းခြင်းကြောင့်သာဖြစ်ပေသည်။

သို့အတွက်ကြောင့် သမဂ္ဂအောက်တွင် စတင်ခြေစုံရပ်ပြီး နိုင်ငံရေးနယ်ပယ်ကို သူငယ်တန်းအဆင့်မှ စတင်လေ့လာကြမည့် လူငယ်တက္ကသိုလ်ကျောင်းသားများမှအစ နိုင်ငံရေးဂုရုကြီးများအဆင့်အထိ “ငါနှင့်မတူ ငါ့ရန်သူ”ဆိုသော စစ်အေးခေတ် အယူအဆဖြင့် ဂိုဏ်းဖွဲ့ရန်ဖြစ်လိုသည့်ဘက်သို့သာ ယိမ်းနေကြသည်ကို တွေ့မြင်နေရခြင်းဖြစ်ပေသည်။

အမှန်ဆိုရလျှင် ယနေ့မြန်မာတို့ ရရှိထားသော အခွင့်အလမ်းသည် နှစ်များစွာ (အချိန်ကြာမြင့်စွာ) စောင့်ဆိုင်းပြီးမှ၊ (ဒီမိုကရေစီတော်လှန်ရေး တန်းတူညီမျှ အခွင့်အရေးရရှိရေးအတွက် အသက်သွေးချွေးသာမက မိသားစုများ၏ဘဝများကိုပါ စတေးပြီးမှ) ရရှိလာသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ရာ အချိန်ရှိခိုက်လုံ့လစိုက်ပြီး ယုံကြည်မှုများကို အလေးအနက်ထား တည်ဆောက်သင့်ပေသည်။

ယုံကြည်မှုဆိုသည်မှာ ပါးစပ်ကမည်သို့ပင် ကရားရေလွှတ်ပြောနေစေကာမူ တစ်ဦးနှင့်တစ်ဦး လက်တွဲလုပ်ကိုင်ရင်းနှင့်သာ အကြောင်းသိလာ၊ ရင်းနှီးလာပြီး တိုးတက်လာနိုင်သည့်အရာ ဖြစ်သောကြောင့် လက်တွေ့လက်တွဲလုပ်ကိုင်ကြည့်ခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၃-၇-၂၀၁၉)