News

POST TYPE

POPULAR POST

RCSS/SSA က ဖမ်းဆီးထားသည့် ရွာသားလေးဦးကို ပြန်လွှတ်ပေးရန် တအာင်း လူ့အခွင့်အရေးကွန်ရက် တောင်းဆို
12-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၁

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ  RCSS/ SSA က မတ်လ ၁ ရက်နေ့တွင် ဖမ်းဆီးထားသော မန်လီကျေးရွာသား ၄ ဦးကို အမြန်ဆုံးလွှတ်ပေးရန် တအာင်းလူ့အခွင့်အရေးဆိုင်ရာ ကွန်ရက်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။ 

တအာင်းလက်နက်ကိုင်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေ၍ ဒေသခံပြည်သူတို့မှာ မြေစာပင်ဖြစ်ရကြောင်း တအာင်း လူ့အခွင့်အရေးဆိုင်ရာ ကွန်ရက်မှ ကော်မတီဝင် မလွေးကုကုက ပြောကြားသည်။ 

“သေသလား ရှင်သလားဘာသတင်းမှ အစအနမရပါဘူး။ ကိုယ့် တိုင်းရင်းသားအချင်းချင်း ပြန်လွှတ်ပေးစေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

RCSS/SSA က မတ်လ ၁ ရက်နေ့တွင် မန်လီကျေးရွာမှ ဈေးရောင်းသွားသော ရွာသား ၁၂ ဦးအား တအာင်း ထောက်လှမ်းရေး သူလျှိုများဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အတွက် ဒေသခံ ကျေးရွာသားများမှာ ကျေနပ်မှုမရှိသဖြင့် လားရှိုးတွင် ဆန္ဒပြခဲ့သောကြောင့် ၈ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်၄ ဦးကိုမူ ယခုချိန်ထိတိုင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း လွေးကုကုက ဆိုသည်။ 

“ကျွန်တော်တို့က မျှစ်ရောင်းပြီး ပြန်လာတာ RCSS နဲ့တွေ့တော့ ဘာလူမျိုးလဲမေးတယ်။ တအာင်းဆိုတော့ မင်းတို့ သူလျှိုထောက်လှမ်းရေးတွေပဲဆိုပြီး ဖမ်းတယ်”ဟု ဖမ်းဆီးထိန်းသိမ်းခံရခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောကြားသည်။ 

ရှမ်းပြည်မြောက်ပိုင်း တအာင်းဒေသအတွင်း ၂၀၁၁ ခုနှစ်မှစ၍ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် လူအခွင့်အရေး ချိုးဖောက်မှုများစတင်ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ အရပ်သားများ သေဆုံးခြင်း၊ ဒဏ်ရာများ ရရှိခြင်းတို့ဖြစ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မလွေးပိုးကျိန်းက ပြောဆိုသည်။ 

ပြည်တွင်းစစ်များ ထပ်မံမဖြစ်ပွားစေရန် သမ္မတဦးသိန်းစိန် လက်ထက်တွင် RCSS/SSA မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ် (NCA) ရေးထိုးခဲ့သော်လည်း ယင်း NCA ကို အကြောင်းပြု၍ လူအခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။ 

အေးချမ်းသူ


  • VIA