News

POST TYPE

POPULAR POST

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် လွှတ်တော်အမတ်၏ အခန်း ဖောက်ထွင်းခံရ
12-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၂

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ (၂) တွင် ဇူလိုင် ၁၁ ရက် ညပိုင်းက ပြည်သူ့လွှတ်တော်အမတ်တစ်ဦး တည်းခိုနေသည့် အခန်းမှာ ဖောက်ထွင်းခံရပြီး တန်ဖိုးငွေ ကျပ်သိန်း ၁၄၀ ခန့်ရှိ လက်ဝတ်ရတနာပစ္စည်းများ ပျောက်ဆုံးခဲ့သည်။

လက်ဝတ်ရတနာပစ္စည်းများ ပျောက်ဆုံးခဲ့သည့် စည်ပင်ဧည့်ရိပ်သာ (၂) အဆောင် ၁၁၊ အခန်း (၁) တွင် ပြည်သူ့လွှတ်တော်အမတ်မှာ ဇနီးဖြစ်သူနှင့် အတူတည်းခိုနေပြီး အခင်းဖြစ်ည ၇ နာရီက လွှတ်တော်အမတ်မှ အပြင်သို့ထွက်သွားစဉ် အခန်းတွင် ဇနီးဖြစ်သူတစ်ဦးသာ ကျန်ရှိနေခဲ့သည်။

ယင်းနောက် လွှတ်တော်အမတ်၏ ဇနီးက စိန်လက်ကောက် တစ်ကွင်း၊ စိန်လက်စွပ် နှစ်ကွင်း၊ ရွှေလက်ကောက် ကိုးကွင်းနှင့် ရွှေခြေကျင်းတစ်ကွင်းတို့ ထည့်ထားသော ရွှေဘူးကို ဆလင်းဘတ်အိတ်အတွင်း ထည့်၍ ကုတင်ပေါ်တင်ပြီး ရေချိုးခန်းထဲ ဝင်ရောက်ခဲ့သည်။

ရေချိုးပြီး ပြန်ထွက်အလာ ကုတင်ပေါ်ရှိ ဆလင်းဘတ်အိတ်ထဲမှ ရွှေဘူးမှာ ပျောက်ဆုံးနေသည်ကို စစ်ဆေးသိရှိသဖြင့် ခိုးမှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးပါရန် တိုင်ကြားလာသောကြောင့် ဇမ္ဗူသီရိမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03




  • VIA