News

POST TYPE

POPULAR POST

ကမ္ဘာ့အစောဆုံးလူသား အာဖရိကပြင်ပတွင် တွေ့ရှိ
12-Jul-2019


ဂရိ၊ ဇူလိုင် ၁၁

သုတေသနပညာရှင်များက ခေတ်သစ် လူသားမျိုးစိတ်၏ အစောဆုံးနမူနာကို အာဖရိကတိုက်၏ပြင်ပတွင် တွေ့ရှိထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဂရိနိုင်ငံတွင်တွေ့ရှိခဲ့သော လူသား ဦးခေါင်းခွံသည် လွန်ခဲ့သော နှစ်ပေါင်း ၂၁၀,ဝ၀၀ ခန့်က အရိုးဖြစ်ပြီး ထိုကာလသည် ဥရောပတိုက်ကို ကျောက်ခေတ် လူသားများက သိမ်းယူထားချိန်ဖြစ်သည်။

အံ့အားသင့်ဖွယ် တွေ့ရှိမှုသည် ယနေ့ခေတ် လူသားများ၏ DNA ကို သဲလွန်စမကျန်တော့သည့် အနေအထားတွင် အာဖရိကမှ အစောဆုံးလူသားများ ရွှေ့ပြောင်းမှုအတွက် အထောက်အထားတစ်ခု ဖြစ်လာသည်။

အဆိုပါတွေ့ရှိမှုကို Nature ဂျာနယ်တွင် ဖော်ပြထားသည်။ သုတေသနပညာရှင်များသည် ၁၉၇၀ ခုနှစ်များအတွင်း ဂရိနိုင်ငံရှိ အပီဒီမာလိုဏ်ဂူတွင် အရိုးစုရုပ်ကြွင်းနှစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အရိုးစုနှစ်ခုစလုံးသည် အပြည့်အစုံ မရှိတော့သော်လည်း ၎င်းတို့၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန်အတွက် ယူရေနီယမ်အသုံးပြု ဓာတ်မှန်ရိုက် စကင်ဖတ်ခြင်းကို ပြုလုပ်နိုင်ခဲ့သည်။

တွေ့ရှိထားသော ဦးခေါင်းခွံသည် ငယ်ရွယ်သူတစ်ဦး၏ အရိုးဖြစ်သည်။ 

“ကျွန်တော်တို့ရဲ့ ခန့်မှန်းချက် ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၁၀,ဝ၀၀ လောက်တုန်းက ဂရိမှာ မြေထဲပင်လယ် လီးဗန့်လူသားတွေနဲ့ခေတ်ပြိုင် ခေတ်သစ် လူသားမျိုးစိတ်တွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၇၀,ဝ၀၀ လောက်မှာ နင်းဒါသယ်လ်လို့ခေါ်တဲ့ ရှေးဟောင်းလူသားတွေက တဖြည်းဖြည်း အစားထိုးလာတာဖြစ်ပါတယ်”ဟု လန်ဒန်သဘာဝသမိုင်းပြတိုက်မှ ပါမောက္ခ ခရစ်စတင်ဂါက ပြောကြားသည်။

ယခုတွေ့ရှိသော အာဖရိကပြင်ပတွင် နေထိုင်မှုသဲလွန်စသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀,ဝ၀၀ ခန့်က အာဖရိကမှ စွန့်ခွာရွှေ့ပြောင်းမှုကို ညွှန်ပြနေသည်။ အဆိုပါ ခေတ်သစ်လူသားမျိုးစိတ်များသည် ယူရေးရှား (ဥရောပအာရှ) တစ်လွှား ဖြန့်ကြက်လာမှုနှင့်အတူ နင်းဒါသယ်လ်နှင့် ဒင်နီဆိုဗန်ကဲ့သို့သော တွေ့သမျှ လူသားမျိုးစိတ်များကို အစားထိုးဝါးမျိုခဲ့ကြသည်။

ဟိုမိုဆိုင်ဖန်ဟု ခေါ်သော အာဖရိကမှ ခေတ်သစ်လူသားမျိုးစိတ်များ ရွှေ့ပြောင်းမှုအား တွေ့ရှိခြင်းသည် ယခုပထမဆုံး အကြိမ်မဟုတ်ဘဲ လွန်ခဲ့သောနှစ်ပေါင်း ၉၀,ဝ၀၀ မှ ၁၂၅,ဝ၀၀ အကြားကာလကို ညွှန်ပြနေသည့် ဟိုမိုဆိုင်ဖန်ရုပ်ကြွင်းများကို ၁၉၉၀ ခုနှစ်များအတွင်းက အစ္စရေးနိုင်ငံတွင်လည်း တွေ့ရှိခဲ့သည်။

အာဖရိကပြင်ပတွင် ယင်းကဲ့သို့ တွေ့ရှိချက်များသည် ပုံမှန်မဟုတ်သော ဖြစ်တောင့်ဖြစ်ခဲ တွေ့ရှိမှုဖြစ်သည်ဟု သိရှိရသည်။

ခေတ်သစ်လူသားများသည် ယခင်က ယုံကြည်ထားသည်ထက်စော၍ အာဖရိကမှ ရွှေ့ပြောင်းခဲ့ကြသည် ဟူသောအချက်ကို မကြာသေးမီနှစ်များအတွင်း သုတေသနပညာရှင်များ သိရှိနားလည်လာခဲ့သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က တရုတ်နိုင်ငံတွင် ဘူမိရုပ်ကြွင်းပညာရှင်များ တွေ့ရှိခဲ့သော အရိုးစုရုပ်ကြွင်းများသည်လည်း လွန်ခဲ့သောနှစ်ပေါင်း ၈၀,ဝ၀၀ မှ ၁၂၀,ဝ၀၀ အကြားကာလကို ညွှန်ပြခဲ့သည်။

ထို့ပြင် DNA လေ့လာမှုများတွင်လည်း အာဖရိကလူသားမျိုးစိတ်များနှင့် နင်းဒါသယ်လ် ရှေးဟောင်းလူသားများအကြား မျိုးစပ်ပေါက်ဖွားမှုလက္ခဏာများကို ဖော်ထုတ်တွေ့ရှိထားသည်။ 

F-04









  • VIA