News

POST TYPE

POPULAR POST

အမေရိကန်သမ္မတသည် ဗြိတိန်နိုင်ငံနှင့် ဝန်ကြီးချုပ်အပေါ် လေးစားမှုမရှိသူဖြစ်ဟု နိုင်ငံခြားရေးဝန်ကြီး ဝေဖန်
11-Jul-2019


လန်ဒန်၊ ဇူလိုင် ၁၀ 

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်သည် ဗြိတိန်နိုင်ငံနှင့် ဗြိတိန်ဝန်ကြီးချုပ်အပေါ် လေးစားမှုမရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ဗြိတိန် (ယူကေ) နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်က ဝေဖန်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

သမ္မတထရမ့်က အမေရိကန်ပြည် ထောင်စုဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဆာကင်မ်ဒါရွတ်ချ်ကို “အင်မတန်မိုက်မဲတဲ့ လူဗျာ”ဟု ပြောဆိုခဲ့ပြီးနောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 

ဘရိတ်ဇစ်ကိစ္စနှင့်ပတ်သက်၍ ထရမ့်က ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကို ဝေဖန်ခဲ့သေးသည်။ ထရမ့်က ထရီဇာမေသည် မိမိ၏ အကြံဉာဏ်ကောင်းများကို လျစ်လျူရှုခဲ့သည်ဟု ဆိုသည်။ 

“အဲဒီအမျိုးသမီးဟာ ကျွန်တော်ပြောတာကို နားမထောင်ဘဲ သူ့နည်းသူဟန်နဲ့ ရူးကြောင်ကြောင်နိုင်တဲ့လမ်းစဉ်ကို ရွေးချယ်သွားတာ”ဟု ထရမ့်က ဝေဖန်ခဲ့သည်။ 

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပေါက်ကြားခဲ့သော အီးမေးလ်ထဲတွင် ဗြိတိန်သံအမတ်ကြီးက ထရမ့်အုပ်ချုပ်ရေးအဖွဲ့ကို ကချော်ကချွတ်နိုင်သည့်အစိုးရအဖြစ် ဖော်ပြခဲ့သည်။ 

ဤအတောအတွင်း ဗြိတိန်၏ နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး လိုင်ယမ်ဖောက်စ်က အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်နှင့် တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ 

ထရမ့်၏ ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်က “သူငယ်ချင်းတွေဟာ ပွင့်ပွင့်လင်းလင်းပြောကြတယ်၊ အဲဒီတော့ ကျွန်တော်ပြောမယ်၊ (ထရမ့်ရဲ့)အဲဒီကွန်းမန့်တွေဟာ လေးစားမှုမရှိဘူး၊ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ဝန်ကြီးချုပ်အပေါ်မှာ လေးစားမှုမရှိဘူး”ဟု ဆိုသည်။ 

ဃြ သတင်းဌာန၏ နိုင်ငံရေး အယ်ဒီတာ လော်ရာကန်ဆာဘတ်ဂ်က အဆိုပါအခြေအနေများနှင့် ပတ်သက်၍ “ဒါဟာ ဗြိတိန်နဲ့ အမေရိကန်ဆက်ဆံရေးရဲ့ လှည့်ကွက်ဆန်ဆန် အထိမခံနိုင်ဖြစ်လေ့ရှိတဲ့ သဘောသဘာဝပဲ”ဟု ပြောကြားသွားသည်။ 

ထရီဇာမေ၏ ပြောရေးဆိုခွင့်ရှိသူကမူ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ကမ်သည် တာဝန်ကျေပွန်မှုရှိပြီး လေးစားထိုက်သောအစိုးရ အရာရှိတစ်ဦးဖြစ်သည်ဟု ပြောကြားထားသည်။  

F-01


  • VIA