News

POST TYPE

POPULAR POST

ဗြိတိန်ရေနံတင် တန်ကာသင်္ဘောကြီးကို အီရန်သင်္ဘောများနှောက်ယှက်၍ တော်ဝင်စစ်သင်္ဘော ရှင်းလင်း
11-Jul-2019


လန်ဒန်၊ ဇူလိုင် ၁၁

အာရပ်ပင်လယ်ကွေ့နားတွင် ဗြိတိန်ရေနံတင် တန်ကာ သင်္ဘောကြီးတစ်စင်းကို အီရန်သင်္ဘောများက ဝိုင်းဝန်း နှောက်ယှက်ကြရာ ဗြိတိန်တော်ဝင် ရေတပ်စစ်သင်္ဘောရောက်ရှိလာပြီး ပြန်လည်မောင်းထုတ်လိုက်ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

British Heritage ဟု အမည်ရသည့် ရေနံတင်သင်္ဘောကြီးကို စစ်သင်္ဘော HMS Montrose က စောင့်ရှောက်ကာ အီရန်သင်္ဘောငယ် သုံးစင်းကို တားဆီးခဲ့ရကြောင်း ကာကွယ်ရေးဌာနပြောခွင့်ရ အရာရှိက ပြောကြားသည်။

အီရန်၏ လုပ်ရပ်များသည် နိုင်ငံတကာဥပဒေများနှင့် ဆန့်ကျင်ဖီလာနေကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အီရန်၏ ရေနံတင်သင်္ဘောကြီးတစ်စင်းကို သိမ်းဆည်းသည့်အတွက် လက်စားချေမည်ဟု အီရန်ဘက်က ခြိမ်းခြောက်ထားသော်လည်း မည်သည့်ရေနံတင်သင်္ဘောကိုမှ သိမ်းဆည်း ဖမ်းဆီးခြင်း မရှိသေးပါဟု ငြင်းဆန်ထားသည်။

အီရန်တပ်မတော်ပိုင်သော သင်္ဘောများဟု ယူဆရသည့် ရေယာဉ်များသည် ဟော်မုဇ် ရေလက်ကြား အထွက်တွင် British Heritage သင်္ဘောကြီးကို ချဉ်းကပ်ခဲ့ကြပြီး ရပ်တန့်ရန် ကြိုးစားကြခြင်းဖြစ်သည်။

အီရန်စစ်တပ်ကမူ နိုင်ငံရပ်ခြား မည်သည့်သင်္ဘောနှင့်မှ ၎င်းတို့ ရေယာဉ်များ ထိပ်တိုက်တွေ့ခဲ့မှု မရှိပါကြောင်း ငြင်းဆန်ထားသည်။ 

F-02


  • VIA