News

POST TYPE

POPULAR POST

အိမ်မွေးခွေးနှင့် ကြောင်များ ခရိုင်အသားထုတ်လုပ်ရုံတွင် မှတ်ပုံတင်နိုင်ပြီ
11-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်ခွေးနှင့်ကြောင်များ မှတ်ပုံတင်ခြင်းကို တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန၏ ကုသရေးနှင့် ကာကွယ်ရေးဌာနခွဲ (ခရိုင်ရုံး) များတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါ အိမ်မွေးတိရစ္ဆာန်ခွေးနှင့် ကြောင်များအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းကို ယခုလက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အခုက မြို့နယ်မှာက ခွေးတွေ၊ ကြောင်တွေကို တိကုလိုင်စင်နဲ့လုပ်ကြတယ်။ ဒါပေမဲ့ မြို့နယ်မှာလုပ်တာထက် ခရိုင်တိကုရုံးကို လွှတ်ကြတာများတယ်။ ခွေးတွေ၊ ကြောင်တွေ မှတ်ပုံတင်မယ်ဆိုရင် ခရိုင်ရုံးတွေမှာ လုပ်ရပါမယ်”ဟု ၎င်းက ဆိုသည်။

အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင် လျှောက်လွှာပုံစံကို ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ (ခရိုင်ရုံး) များတွင် လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးများတွင် လည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ Website တွင် Download ပြုလုပ်၍ လည်းကောင်းရယူကာ သတ်မှတ်ပုံစံတွင် လိုအပ်သည်များကို ဖြည့်စွက်၍ သက်ဆိုင်ရာ ခရိုင်နယ်မြေအလိုက် လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မှတ်ပုံတင်ထားသည့် ခွေးများကိုလည်း ခွေးရူးကာကွယ်ဆေး ထိုးပေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့တွင် ခွေးအကောင်ရေ တစ်သိန်းခွဲကျော်ရှိသော်လည်း မှတ်ပုံတင်ထားသည့် ခွေးအကောင်ရေ ၇၀၀၀ ကျော်သာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနှင့် လက်ရှိမြို့နယ်များတွင် ခွေးများမှတ်ပုံတင်မည်ဆိုပါက လိုက်လံဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်တစ်မြို့နယ်တွင် ခွေးကောင်ရေ ၂၀ နှင့်အထက် မှတ်ပုံတင်မည်ဆိုပါက တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ လိုက်လံပြီး အိမ်တိုင်ရာရောက် မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10


  • VIA