News

POST TYPE

POPULAR POST

စိုင်းသီဟ (သို့မဟုတ်) ဇနီးသည် နိုင်ငံရေးလုပ်နိုင်ရန်အတွက် အောင်မြင်သော လုပ်ငန်းခွင်ကို ကျောခိုင်းခဲ့သူ
08-Jul-2019

Photo - Sai Thiha (FB)

ခရီးသည်တင်အဝေးပြေးကားများ တစ်စီးပြီး တစ်စီးရပ်နားနေသည့် မြို့ကလေး၏စားသောက်ဆိုင်တစ်ခုတွင် ခရီးသွားဧည့်သည်များက ဆိုင်လေးတစ်ခုထဲ ဝင်သွားပြီး အချို့က စားစရာများ မှာယူစားသောက်နေကာ အချို့မှာတော့ ဒေသထွက်ကုန်များကို လက်ဆောင်ပစ္စည်းများအဖြစ် ဝယ်ယူနေကြသည်။

အများစုမှာ ဒေသထွက်ကုန်များအနက် အူကို အခွေလိုက်ကင်ထားသော စားစရာတစ်မျိုးကို ပါဆယ်ထုပ်ဖြင့် ဝယ်ယူနေသည်ကိုတွေ့ရပြီး ဆိုင်ရှင်ကိုယ်တိုင်က ပြုံးရွှင်စွာ နှုတ်ဆက်စကားပြောရင်း ထုပ်ပိုးပေးနေသည်။

ယင်းဆိုင်ရှင်မှာ ကယားပြည်နယ်၏ နာမည်ကြီး အစားအစာတစ်ခုဖြစ်သည့် ကယားဝက်အူချောင်းကို ကိုယ်တိုင်ကိုယ်ကျပြုလုပ်ကာ စားသုံးသူများလက် ထဲအရောက်ပို့ပေးနေသည့် “စိုင်းသီဟ” ဖြစ်ပြီး ၎င်း၏ဇနီးမှာ ကယားပြည်နယ်၊ ရှားတောမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းဖြစ်သည်။

ဇနီးဖြစ်သူ ကိုယ်ဝန်ခြောက်လလွယ်ထားသည့် အချိန် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ခင်ပွန်းဖြစ်သူ စိုင်းသီဟက ဝင်ငွေကောင်းသော သူ၏အလုပ်ကို စွန့်လွှတ်ခဲ့သည်။

“၂၀၁၅ တုန်းက ကျွန်တော့်အမျိုးသမီးက ရွေးကောက်ပွဲဝင်မယ်ဆိုပြီး တိုင်ပင်တယ်။ ကျွန်တော်က အဲဒီအချိန်တုန်းက ရန်ကုန်မြို့က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်။ လျှပ်စစ်အင်ဂျင်နီယာထဲမှာ အကြီးဆုံးပေါ့။ လစာလည်းကောင်းခဲ့တယ်။ သူက ကိုယ်ဝန်ခြောက်လနဲ့ဆိုတော့ ကျွန်တော်က သူ့ကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူးလို့ပြောခဲ့တယ်” ဟု ဆိုသည်။ 

ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရန် ပါတီမှ လာရောက်စည်းရုံးချိန်တွင် ဇနီးသည်ဝင်ရောက်ယှဉ် ပြိုင်ရေးနှင့် ခင်ပွန်းသည် အလုပ်ထွက်စာတင်ရေးကို နှစ်ဦးသား အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတွင် ခင်ပွန်းသည်ကိုယ်တိုင် ဇနီးသည် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရန် ဆုံးဖြတ်လိုက်ပြီး သူ၏ဝင်ငွေကောင်းသောအလုပ်ကို စွန့်လွှတ်ခဲ့သည်။

“သူအရွေးခံမယ်ဆိုတော့ ကျွန်တော်ကိုယ်တိုင် ရန်ကုန်ကိုပြန်လာပြီး ထွက်စာတင်လိုက်တယ်။ ထွက်စာကျလာဖို့လည်း ခြောက်လလောက်တောင် စောင့်ရတယ်။ အဲဒီကြားထဲ သုံးခေါက်လောက် ထပ်တင်ရတယ်။ အလုပ်ရှင်ဘက်ကကြည့်ရင် မမှားပါဘူး။ ပညာရှင်ကို သူတို့မွေးထုတ်ပေးခဲ့တာဆိုတော့ ပေးမထွက်ချင်ဘူးလေ”ဟု စိုင်းသီဟက ဆိုသည်။

ယင်းသို့ အလုပ်မှ ထွက်စာရရှိပြီးသည့်နောက် စိုင်းသီဟတစ်ယောက် သူ့ဇာတိဖြစ်ရာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့လေးသို့ ပြန်လာခဲ့သည်။

မြို့လေးကို ပြန်ရောက်ရောက်သည့်အချိန်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် ၅ ရက်သာ လိုတော့သည့်အတွက် ဇနီးသည်ဝင်ရောက် ယှဉ်ပြိုင်မည့် ကယားပြည်နယ်၊ ရှားတောမြို့နယ်သို့ အပြေးအလွှားသွားရောက်ကာ လူထုစည်းရုံးရေးကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ပေးခဲ့သည်။

“မှတ်မှတ်ရရပါပဲ။ ကျွန်တော် ရှားတောကို ရောက်သွားတဲ့အချိန်မှာ “မေမေနိုင်ရမယ်၊ မေမေနိုင်ရမယ်”ဆိုတဲ့ သီချင်းသံတွေက အတိတ်နိမိတ်ပါပဲ။ ကျွန်တော့်ဇနီး နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကိုယ်တိုင်ကိုယ်ကျ စည်းရုံးရေးမှာ ပါဝင်ခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲနေ့တွင်လည်း မဲရုံသို့ စိုင်းသီဟကိုယ်တိုင် သွားရောက်စောင့်ကြည့်လေ့လာ မှုပြုလုပ်ခဲ့သည်။

ယခင်က သူသည် နိုင်ငံရေးကို စိတ်မဝင်စားခဲ့သလို လွှတ်တော်ကိုယ်စားလှယ်ဆိုသော ဝေါဟာရကိုပင် သေချာနားမလည်ခဲ့ဟု ဆိုသည်။

သူသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုး ရေးကျောင်းမှ ဆင်းသက်လာသူဖြစ်ပြီး စစ်အုပ်ချုပ်ရေးစနစ်နှင့် အလိုက်သင့် ကြီးပြင်းလာခဲ့သူလည်းဖြစ် သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဇနီးဖြစ်သူ မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည့် အခြေအနေကိုလည်း ဝမ်းမြောက်ဝမ်းသာ ပြန်ပြောပြသည်။

“ကျွန်တော့်အမျိုးသမီးက မဲအပြတ်အသတ် နိုင်တဲ့အချိန်မှာ ကျွန်တော်ဝမ်းသာပြီး ဖုန်းဆက်မယ်လုပ်တော့ ဖုန်းလိုင်းက မရှိဘူး။ တောင်ပေါ်ကို ၁၅ မိနစ် လောက်တက်ပြီး အမျိုးသမီးနဲ့ နောက်ထပ် ကိုယ်စား လှယ်လောင်းသုံးယောက်ဆီကို တစ်ယောက်နိုင်ရင် တစ်ခါ၊ မှောင်မည်းနေတဲ့တောင်ပေါ်ကို ခေါက်တုံ့ ခေါက်ပြန်တက်ပြီး အကြောင်းကြားရတယ်”ဟု ဆိုသည်။

မဲရေတွက်ပြီးသည့်အထိသာမက နောက်နေ့အထိပင် ရွေးကောက်ပွဲကျင်းပသည့်စာသင်ကျောင်းတွင် လျှပ်စစ်မီးမပါဘဲ ညလုံးပေါက် အမှောင်ထဲမှ ဇနီးသည်၏မဲရလဒ် သိရှိနိုင်ရေးနှင့် မသမာမှုများမရှိ ရေးအတွက် အားသွန်ခွန်စိုက် စောင့်ကြည့်ခဲ့သူဖြစ်သည်။

ဇနီးသည် နိုင်ငံရေးတွင် ပါဝင်နိုင်ရန် မိမိ၏ဝင်ငွေ ကောင်းပြီး တက်လမ်းရှိသောအလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ရခြင်းသည် ဘဝကို သုညမှ ပြန်စရသလိုဖြစ်သည့်အတွက် အစပိုင်းတွင် ဝမ်းနည်းမိခဲ့သည်ဟုဆိုသည်။

အလုပ်ထွက်ခဲ့ရသော်လည်း မိသားစုဝင်ငွေ လိုအပ်သည့်အတွက် စားသောက်ဆိုင်လုပ်ငန်းကို လုပ်ကိုင်ခဲ့ရသည်။

“ကျွန်တော်ဈေးသည်ဘဝကနေ ပြန်စရတော့ သူများတွေရဲ့ လက်ညှိုးထိုးခံရတဲ့အခြေအနေရောက်သွားတယ်။ အင်ဂျင်နီယာဘဝတုန်းကတော့ ကိုယ်က အေးဆေးပဲ။ အဲဒီဘဝကိုပြန်သွားချင်တဲ့စိတ်တွေ တစ်ခါတလေပြန်ပေါ်လာတယ်”

သို့သော် သူသည် မိသားစုအပေါ် ခင်တွယ်မှုရှိသည့် ခင်ပွန်းသည်တစ်ယောက်ဖြစ်သည့်အပြင် ဇနီးသည်၏ နိုင်ငံရေးလုပ်ငန်းအတွက် ကူညီပံ့ပိုးဖို့ စိတ်ပိုင်းဖြတ်လိုက်သဖြင့် မွေးလာသည့်ရင်သွေးလေးကို ရင်နှင့်မကွာ စောင့်ရှောက်ရသည့်တာဝန်ကိုပါ ယူလိုက်ရသည့် ဖခင်တစ်ယောက်ဖြစ်လာခဲ့သည်။

“အခုချိန်ထိ ကျွန်တော့်အမျိုးသမီးရဲ့လစာကို ဘယ်လောက်ကျန်သလဲလို့ တစ်ခါမှမမေးဖူးသေးဘူး။ ကျွန်တော် နေပြည်တော်ရောက်ရင်လည်း သူ့အခန်းခ တွေကိုရှင်းပေးရတယ်။ ကလေးထိန်းပေးတဲ့ ကလေးမလေးရဲ့ ကလေးထိန်းခ အပါအဝင် ရှားတောကနေ ဖယ်ခုံကို ပြန်လာရင်လည်း ကျွန်တော်ပဲ အစစအရာရာ အကုန် လုံးတာဝန်ယူစီစဉ်ပေးပါတယ်” ဟု ဇနီးသည် လွှတ်တော်အမတ်ကို ပံ့ပိုးကူညီနေသည်ကို ပြောပြသည်။

ထို့အပြင် ဇနီးသည်၏အလုပ်အတွက် လိုအပ်သော အချက်အလက်များရှာဖွေရာတွင် စိုင်းသီဟက နည်းပညာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်သည့်အလျောက် အချက်အလက်များ ရှာဖွေပေးခြင်းဖြင့်လည်း  ကူညီနေသူဖြစ်သည်။

တစ်ခါတလေတွင် အလုပ်အဆင်မပြေမှုများရှိသော်လည်း အိမ်ထောင့်တာဝန်၊ မိသားစုတာဝန်ကို ထမ်းဆောင်နေရသည်ကို စိတ်မပျက်ပဲဇနီးသည်ကို ပံ့ပိုးနေရသဖြင့် ကျေနပ်ပါသည်ဟု သူကပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် မလုပ်နိုင်တာကို ကျွန်တော့်ဇနီးကလုပ်နေတော့ ဝမ်းသာတယ်”ဟု ဆိုသည်။

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအပြီး NLD အစိုးရ တက်လာပြီးနောက် ပထမဆုံးလွှတ်တော် အစည်းအဝေးတက်ချိန်တွင် သားဦးကလေး မွေးဖွားခဲ့ ကာကလေးကို စိုင်းလွှတ်တော်ဟု အမည်ပေးခဲ့သည်။

အဆိုပါနာမည်ကို သားလေးအရွယ်ရောက်ပြီး မှတ်ပုံတင်ရသည်အထိ ယင်းအတိုင်းထားမည်ဟုလည်း စိုင်းသီဟက ဆိုသည်။

သားဖြစ်သူ မွေးကင်းစမှ တစ်နှစ်ကျော်အထိ ဖခင်ကိုယ်တိုင် ပြုစုထိန်းကျောင်းလာခဲ့ပြီး ကလေးမှာ မိခင်နို့စို့ရသည့်အချိန်မရှိသဖြင့် ဖခင်မှ နို့ဘူးတိုက်မွေးခဲ့ရသည်ဟု သူကပြန်ပြောပြသည်။

“အဲဒီအချိန်တုန်းက ကျွန်တော့်အမျိုးသမီး မဝါက ရုံးတက်တယ်။ ညညဆို ၂ နာရီအထိ စာဖတ်တယ်။ လွှတ်တော်တက်ရင်လည်း ကျွန်တော်ကိုယ်တိုင် လိုက်ပို့တယ်။ ပြီးရင် ဖယ်ခုံကနေ နေပြည်တော်ကို တစ်ပတ်နှစ်ကြိမ်လောက် သွားနေပေးတယ်”ဟု ဆိုသည်။ 

ထို့အပြင် ကလေးနေမကောင်းသည့်အချိန်နှင့် ကာကွယ်ဆေးထိုးရမည့်အချိန်များတွင်လည်း ကလေး၏ ကျန်းမာရေးကိစ္စအဝ၀ကို ဖခင်ကပင် တာဝန်ယူလုပ်ဆောင်ခဲ့သည်။

ဇနီးသည် ဒေါ်ဝင့်ဝါထွန်း တာဝန်ကျရာ ရှားတော မြို့သည် အလွန်ပူအိုက်သောကြောင့် ကလေးကို သူတို့၏ ဇာတိမြို့ဖြစ်သည့် ဖယ်ခုံမှာပင် ခေါ်ထားရပြီး ကလေးမှာ မိခင်နှင့်နေရသည့်အချိန် အင်မတန်နည်းသည်ဟု ဆိုပါသည်။

စိုင်းသီဟသည် နိုင်ငံရေးကို အစကတည်းကပင် စိတ်ဝင်စားသူမဟုတ်သည့်အတွက် ဘယ်ပါတီကိုမှ ဝင်ထားခြင်းမရှိဘဲ ဝင်ငွေရသည့် စီးပွားရေးအလုပ်ကိုသာ တစိုက်မတ်မတ်လုပ်သွားမည်ဟုဆိုသည်။

ဇနီးသည် နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်နေပြီဖြစ်သည့်အတွက် ဇနီးကိုပံ့ပိုးသွားရန်သာ စိတ်အားထက်သန်သူလည်း ဖြစ်သည်။

“ကျွန်တော်တို့မိသားစု ရေရှည်ဆက်သွားဖို့တော့ နားလည်မှုတွေ တည်ဆောက်ရမယ်။ ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ငွေကြေးကုန်ကျမှုတွေလည်း ပြင်ဆင်ထားရမယ်။ ကလေးထပ်ယူမယ်ဆိုရင်လည်း ရွေးကောက်ပွဲကိုထပ်ပြီး ဝင်ပြိုင်ဖြစ်ပါ့မလားမသိဘူး။ ကျွန်တော်လိုချင်တာကတော့ မိသားစုဘဝပဲ”

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် ဇနီးဖြစ်သူ ဆက်ပြီးကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံဦးမည်လားဆိုသည့်မေးခွန်းကိုတော့ ဇနီးသည်၏ စိတ်ဆန္ဒအပေါ်တွင်သာ မူတည်ပြီး ဖြည့်ဆည်းသွားမည်ဟု သူကသွက်လက်စွာ ပြန်ဖြေခဲ့သည်။