News

POST TYPE

POPULAR POST

အဆိုးထဲက အကောင်း(Daily, Vol-4/No-184)
10-Nov-2016
ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှု အများဆုံး စာရင်းဝင် မြန်မာနိုင်ငံတွင် လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး ပုဂ္ဂလိက ကုမ္ပဏီများကို သစ်ထုတ်ခွင့်ပြုတော့မည် မဟုတ်ကြောင်း မြန်မာ့ သစ်လုပ်ငန်း၏ ထုတ်ဖော် ပြောဆိုချက်မှာ နှစ်အနည်းငယ် နောက်ကျနေလင့်ကစား အထူး ကြိုဆိုအပ်ပေသည်။

နောက်ကျသည်ဟု ဆိုရလောက်အောင် မြန်မာနိုင်ငံ တစ်ဝန်းရှိ လက်လှမ်း မီနိုင်သော နေရာမှန်သမျှရှိ သစ်တောများအပြင်၊ ရခိုင်ရိုးမ အစပ်ရှိ ဘေးမဲ့ သစ်တော ကြိုးဝိုင်းများ၊ စစ်ကိုင်းတိုင်း အတွင်းရှိ အထိန်းသိမ်းခံ အမျိုးသား သဘာဝ သစ်တော ဧရိယာများပင် ကုန်စင်လုနီးနီး ဖြစ်နေသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းကိုပင် အသိအမှတ် ပြုရမည့်သဘော ဖြစ်သည်။

မြန်မာ့သစ် လုပ်ငန်းနှင့် ပူးပေါင်းကာ သစ်ထုတ်ရောင်းနေသော ကုမ္ပဏီများသည် သာမန် ကုမ္ပဏီငယ်ကလေးများထက် ခရိုနီခေါ် အစိုးရနှင့် နီးစပ်သော သို့မဟုတ် အပေးအယူ ရှိသော ကုမ္ပဏီကြီးများသာ ဖြစ်ပြီး ပညာသား လုံးဝ မပါဘဲ သဘာဝ သယံဇာတ ထုတ်ယူရောင်းချခြင်းမှ အမြတ်အစွန်း ကြီးစွာ ရရှိနေကြသူများ ဖြစ်သည်။

ထို့အတူ နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသော အဖွဲ့အစည်းများ၏ ပြောဆိုချက်နှင့် မြန်မာနိုင်ငံ အတွင်းမှ သစ်တောများ ရှိရာ၊ သစ်ထုတ်လုပ်ငန်းများ တည်ရှိရာ ဒေသခံများ၏ ပြောဆိုချက်အရ သစ်ကုန်သည် အများစုမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်လျက် ရှိကြောင်း သိရသည်။

ယင်းပြောဆိုချက်များ မည်မျှ မှန်ကန်မှုရှိသည် သို့မဟုတ် စွပ်စွဲ ပြောဆိုသည် ဆိုခြင်းကိုမူ ဒေသခံများ၊ ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၊ ကာယကံရှင် သစ်ကုန်သည်များ အသိဆုံး ဖြစ်ပြီး စနစ်တကျ ကွင်းဆင်း သုတေသနပြု၊ စုံစမ်းထောက်လှမ်း ကြည့်လျှင်လည်း ပကတိ အခြေအနေကို သိရှိနိုင်ပေသည်။

သို့သော် ယခုကဲ့သို့ ကန့်သတ်လိုက်သော်လည်း ဘဏ္ဍာနှစ် မရောက်မီ ကြားကာလတွင် ခွင့်ပြုထားသည့်သဘော သက်ရောက်ပေရာ လက်ကျန် မစို့မပို့ သစ်တောများအတွက် အထူး စိုးရိမ်ဖွယ် ရှိပေသည်။

ထိုသို့ စိုးရိမ်ရလောက်အောင်ပင် မြန်မာနိုင်ငံတစ်ဝန်း နေ့စဉ်နှင့်အမျှ အဝေးပြေး လမ်းမကြီးများပေါ်တွင် ခွင့်ပြုချက်မဲ့ တရားမဝင် သစ်တင်ကားများ ဖမ်းဆီးရမိနေသော သတင်းများ နေ့စဉ် ရက်ဆက်နီးပါး တွေ့မြင်နေရပေသည်။

သယံဇာတ ချမ်းသာသော နိုင်ငံ အများစုတွင် အာဏာရှင် အစိုးရများ သက်ဆိုး ရှည်ခဲ့သောကြောင့် လူသား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရန် မကြိုးစားဘဲ ၎င်းတို့ အာဏာ တည်တံ့ ခိုင်မြဲရေးနှင့် ကိုယ်ပိုင် မိသားစု ချမ်းသာ ကြွယ်ဝရေးအတွက် နိုင်ငံ့ သယံဇာတများ ထုတ်ယူ ရောင်းချခြင်းဖြင့်သာ အချိန်ကုန်ခဲ့ကြသည်။

အထူးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီများကို သစ်ထုတ်လုပ်ခွင့်ပြုခြင်း၊ ကြီးကြပ် ထိန်းသိမ်း၊ စိုက်ပျိုးခြင်းတို့ ဆောင်ရွက်ရသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ဥပဒေနှင့်အညီ ကြီးကြပ်မှု အားနည်းချက်ကြောင့် မြန်မာ့သစ်တောများကို ပုဂ္ဂလိက သစ်ကုမ္ပဏီများက အဆင်အခြင်မဲ့ အရမ်းကာရော ခုတ်ယူခံခဲ့ရသည့်အပြင် အစားထိုး ပြန်လည် စိုက်ပျိုးမှုလည်း မရှိသလောက် နည်းပါးခဲ့သည်။

ထို့အပြင် မြန်မာ့ သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတို့ ကိုယ်တိုင် အကျင့်ပျက် ခြစားမှုများ ရှိနေသောကြောင့် ဌာနက မသိချင်ယောင်ဆောင်သော ခုတ်ယူမှုများ၊ ဌာနက သေချာမကြီးကြပ်သော အစားထိုး စိုက်ပျိုးမှု ပျက်ကွက်ခြင်းများကလည်း သစ်တောများ ပြုန်းတီးမှုကို မီးလောင်ရာ လေပင့်ဖြစ်စေခဲ့သည်။

မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း  သုံးဆယ်နီးပါး ပုဂ္ဂလိက ကုမ္ပဏီများကို ထင်သလို သစ်ထုတ်ယူခွင့်ပြုခဲ့ခြင်း၊ အလုံးလိုက် တင်ပို့ ရောင်းချခွင့်ပြုခဲ့ခြင်း တို့ကို စတင် ကန့်သတ်လာခြင်းမှာ အဆိုးထဲက အကောင်းဟု ဆိုရမည်ဖြစ်ကြောင်း ပြောလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁ဝ-၁၁-၂ဝ၁၆)


  • VIA