News

POST TYPE

POPULAR POST

AA လက်နက်ကိုင်အဖွဲ့က ရဟန်းတစ်ပါးနှင့် အမျိုးသမီးကို ဖမ်းဆီးလက်ထပ်ပေး
03-Jun-2019
ရန်ကုန်၊ ဇွန် ၃

AA လက်နက်ကိုင်အဖွဲ့က ရဟန်းတစ်ပါးနှင့် အမျိုးသမီးတစ်ဦးကို တပ်မတော်သတင်းပေးဟုဆိုကာဖမ်းဆီးပြီး ငွေ ၂၈ သိန်းနှင့် ဖုန်းတစ်လုံးယူသွားကာ ရဟန်းတစ်ပါးနှင့် အမျိုးသမီးကို လက်ထပ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ (ဇွန် ၃ ရက်) သတင်းထုတ်ပြန်သည်။

ရေစိုးချောင်းကျေးရွာမှ ဦးနန္ဒမာလ (၆၄) နှစ်သည် ဧပြီလ ၂၃ ရက်က စစ်တွေမြို့၌ဆေးကုသရန် ရောက်ရှိနေစဉ် အဆိုပါကျေးရွာနေ ဒေါ်မဲမချေ (၄၀ နှစ်)က ၎င်းအား AA လက်နက်ကိုင်အဖွဲ့က တပ်မတော်သို့ သတင်းပေးသည်ဟုဆို၍ ဖမ်းဆီးထားကာ ဆရာတော်ကိုယ်တိုင်လာမှ ပြန်လွှတ်ပေးမည်ဟုဖုန်းဆက်သဖြင့် ဆရာတော်လည်း ရွာသို့ပြန်သွားရာ ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာအရောက်တွင် အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး မောင်သောင်းချေနှင့် AA လက်နက်ကိုင်အဖွဲ့မှ ၁၀ ဦးတို့က ဆရာတော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ထို့နောက်ဆရာတော်ကိုလည်း တပ်မတော်အား သတင်းပေးသည်ဟုစွပ်စွဲပြီး လွန်ခဲ့သည့်ဆယ်နှစ်က ဒေါ်မဲမချေနှင့်ပေါင်းသင်းသည်ဟုစွပ်စွဲ၍ ဆရာတော်နှင့်ဒေါ်မဲမချေနှင့် အတင်းလက်ထပ်ပေးခဲ့ကာ ဆရာတော်တွင်ပါရှိသည့် ငွေ ၂၈ သိန်းနှင့် ဖုန်းတစ်လုံးကို ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်သောင်းချေနှင့် အမည်မသိ ၁၀ ဦးတို့အား စစ်တွေနယ်မြေရဲစခန်း၏ (ပ) ၆၈/၂၀၁၉၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ခ)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-18