News

POST TYPE

POPULAR POST

ချန်ပီယံလိဂ်တွင် ချန်ပီယံဖြစ်ခဲ့သော်လည်း ကလပ်ကမ္ဘာ့ဖလားပွဲကို လီဗာပူးကစားရလိမ့်မည်မဟုတ်
02-Jun-2019

မက်ဒရစ်၊ ဇွန် ၂

လီဗာပူးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးရရှိခဲ့သော်လည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ ပါဝင်ကစားရလိမ့်မည်မဟုတ်ကြောင်း The Mirror က ဖော်ပြထားသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)သည် လက်ရှိတွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပသည့်ပုံစံကို အပြောင်းအလဲတစ်ရပ် လုပ်ဆောင်လိုက်ပြီဖြစ်ကာ အသစ်ပြောင်းလဲလိုက်သောစနစ်အရ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာ့ဖလားပြိုင်ပွဲနည်းတူ လေးနှစ်တစ်ကြိမ် စနစ်ဖြင့်သာ ကျင်းပသွားတော့မည်ဖြစ်သည်။

ဖီဖာသည် ကမ္ဘာ့ဖလားပြိုင်ပွဲမကျင်းပမီ တစ်နှစ်အလိုတွင် ကျင်းပလေ့ရှိသော ကွန်ဖဒရေးရှင်းဖလား (တိုက်ကြီးများဖလား)ပြိုင်ပွဲနေရာတွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အစားထိုးလိမ့်မည်ဖြစ်ပြီး ယင်းအတွက် လာမည့် ၂၀၂၁ ခုနှစ်သို့ ရောက်မှသာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိလာနိုင်တော့မည်ဖြစ်သည်။

ဖီဖာသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၂၄ သင်း ပါဝင်သော အုပ်စုခြောက်ခုစနစ်ဖြင့် ကျင်းပသွားလိမ့်မည်ဖြစ်ပြီး ပြိုင်ပွဲကို ဥရောပကလပ်အသင်း ရှစ်သင်း၊ တောင်အမေရိက ကလပ်အသင်း ခြောက်သင်း၊ အာရှကလပ်အသင်း သုံးသင်း၊ အာဖရိကကလပ်အသင်း သုံးသင်း၊ ဗဟိုအမေရိကအသင်း သုံးသင်း၊ သမုဒ္ဒရာပိုင်းကလပ်အသင်း တစ်သင်းတို့ ပါဝင်ကစားခွင့်ပေးရန် ဖီဖာက စီစဉ်ထားသည်။

လီဗာပူးသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် စပါးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ အသင်းသမိုင်းကြောင်းတစ်လျှောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ခြောက်ကြိမ်မြောက်အဖြစ် ဆွတ်ခူးကိုင်မြှောက်သွားခဲ့ခြင်းဖြစ်သည်။

E-11