News

POST TYPE

POPULAR POST

တိုယိုတာက ပြည်တွင်း၌ Hilux ယာဉ်များ ထုတ်မည်
30-May-2019
ရန်ကုန်၊ မေ ၃၀

တိုယိုတာမော်တာကော်ပိုရေးရှင်းက မြန်မာနိုင်ငံ၌ ပထမဦးဆုံးအနေဖြင့် တိုယိုတာမြန်မာ ကုမ္ပဏီလီမီတက် (Toyota Myanmar Co., Ltd.-TMY) ကို ယခုနှစ် ဇွန်လတွင် ဖွဲ့စည်းတည်ထောင်ပြီး ပြည်တွင်း၌ တိုယိုတာဟိုင်းလက် မော်တော်ယာဉ်များကို တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကြောင်း ယင်းကော်ပိုရေးရှင်းက ယနေ့ထုတ်ပြန်သည်။

တိုယိုတာမြန်မာ စက်ရုံကို ရန်ကုန်မြို့တောင်ဘက်ရှိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ယင်းစက်ရုံတွင် လုပ်သားအင်အား ၁၃၀ ခန့်အပ် လည်ပတ်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် တိုယိုတာဟိုင်းလက် အစီးရေ ၂၅၀၀ ကို SKD (Semi Knock-Down)စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ ပြည်တွင်းဈေးကွက်အတွင်း မော်တော်ယာဉ်အသစ် ဝယ်လိုအားမှာ မကြာသေးမီနှစ်များအတွင်း တစ်ဟုန်ထိုး တိုးတက်မြင့်မားနေပြီး ၂၀၁၈ ခုနှစ် ဈေးကွက်အချက်အလက်များအရ အစီးရေ ၁၈,၀၀၀ ခန့်ရှိခဲ့ကြောင်း၊ ယင်းပမာဏမှာ လွန်ခဲ့သည့်နှစ်ကထက် ၂ ဆကျော်ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုယိုတာမော်တာကော်ပိုရေးရှင်းထံမှ သိရသည်။

လတ်တလောတိုယိုတာအနေဖြင့် မြန်မာနိုင်ငံသို့ Toyota Hilux၊ Vios၊ Rush နှင့် အခြားအမျိုးအစားယာဉ်များ တင်သွင်းရောင်းချနေကြောင်း တိုယိုတာမြန်မာထံမှ သိရသည်။

မြန်မာ့ကားဈေးကွက်အတွင်းမှ သုံးစွဲသူများ၏လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်မည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုအသစ်များကို ဆက်လက် တိုးမြှင့်လုပ်ဆောင်ပေးရန်အတွက်လည်းကောင်း၊ မြန်မာ့စက်မှုဖွံံ့ဖြိုး တိုးတက်လာစေရန်အတွက်လည်းကောင်း၊ တိုယိုတာမော်တော်ယာဉ်များ ပြည်တွင်းထုတ်လုပ်မှုမှတဆင့် ထုတ်လုပ်မှုနည်းပညာ တတ်ကျွမ်းသော လူသားအရင်းအမြစ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း တိုယိုတာက ဆိုသည်။

S-04


  • VIA