News

POST TYPE

POPULAR POST

BIMAN လေယာဉ်မတော်တဆမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဒေါ်ဂီသာနှင့် တွေ့ဆုံခြင်း
22-May-2019


“ဒီလောက် နိုင်ငံတကာ လေကြောင်းလိုင်းက တာဝန်ယူမှုမရှိရင် မြန်မာပြည်မှာ ဈေးကွက်လာဖွင့်မနေနဲ့”

၂၀၁၉ ခုနှစ် မေ ၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း (BIMAN) မတော်တဆမှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား ၂ ဦး အပါအဝင် ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ မတော်တဆမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနှစ်ဦးထဲမှ တစ်ဦးဖြစ်သော ဒေါ်ဂီသာကို လေကြောင်းလိုင်းဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု အခြေအနေနှင့် ပတ်သက်၍ The Voice Daily က ဆက်သွယ်မေးမြန်းချက်အချို့ကို ဖော်ပြပေးလိုက်ပါသည်။ 

Voice : အစ်မနာမည်နဲ့ လေယာဉ်ပျက်ကျတဲ့ အချိန် ကြုံတွေ့ရတာ ပြန်ပြောပြပေးပါ။
DGT : ကျွန်မနာမည်က ဒေါ်ဂီသာပါ။ အသက် ၅၇ နှစ်ရှိပြီ။ ဒီလေကြောင်းလိုင်းနဲ့ ဗုဒ္ဓဂယာဘုရား သွားဖူးတာပါ။ လေယာဉ်က မင်္ဂလာဒုံလေဆိပ် ဆင်းခါနီးမှ အမြင့်ကြီးပြန်တက်သွားတယ်။ အန်တီ့ စိတ်ထဲမှာက ဘယ်လိုဖြစ်လို့ ဆင်းခါနီး အမြင့်ကို ပြန်တက်တာလဲ စဉ်းစားနေတာ။ တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာကို သိတယ်။ လေယာဉ်က အရေးပေါ်အခြေအနေမှာ ခါးပတ်ပတ်ရမယ်တို့ သတိပေးချက်တို့ တစ်ခုမှ မကြေညာဘူး။ လေယာဉ်ပျက်ကျခါနီး ငါ့ခန္ဓာကိုယ်တော့ အကောင်းပြန်ရမှာ မဟုတ်တော့ဘူး။ စဖြစ်ကတည်းက သတိနဲ့နေတယ်။ သိပ်မကြာလိုက်ဘူး အမြင့်ကနေ ဒုံးခနဲ လေယာဉ်က ဆောင့်ကျတာတော့ သိလိုက်တယ်။ မျက်စိဖွင့်ကြည့်ချိန်မှာ ဘေးက သူငယ်ချင်း သတိမေ့နေတယ်။ ပိုက်ဆံအိတ်ကလည်း မရှိတော့ဘူး။ မျက်လုံးမှိတ်ပြီး လိုက်စမ်းတော့ ရှေ့ခုံအောက်က ပြန်ရတယ်။ လေယာဉ်ထဲမှာ ညှော်နံ့တွေ၊ မီးခိုးတွေကလည်း ထွက်နေတယ်။ လေယာဉ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေတယ်။ လမ်းက လျှောက်လို့မရဘူး။ လေယာဉ်လျှောက်လမ်းက ကျဉ်းကျဉ်းလေး၊ လေးဖက်ကုန်းပြီး ထွက်ရတယ်။ လေယာဉ်ထဲက ထွက်လာတော့ လေယာဉ်ကွင်းက လင်းထိန်နေတယ်။ အဲကို ရောက်အောင် တရွတ်တိုက် လျှောက်လာရတယ်။ ဘာကြောင့်လဲဆိုတော့ လေယာဉ်ထဲမှာ မီးခိုးတွေက အများကြီး။ ထပေါက်ကွဲမလား စိုးရိမ်စိတ်နဲ့ လေယာဉ် အပြင်ရောက်ချင်တဲ့စိတ်နဲ့ ထွက်လာတာ။

Voice : လေယာဉ်ပျက်ကျပြီး အပြင်ရောက်တော့ ဘာတွေဆက်ဖြစ်လဲ၊ ဒဏ်ရာရသူတွေ များလား။
DGT : လေယာဉ်ပျက်ကျတာကို မီးသတ်တို့၊ အရေးပေါ်တို့ ကူညီတဲ့သူတွေမရှိဘူး။ ကျွန်မလေယာဉ်ထဲက ထွက်လာတော့ လေယာဉ်ကွင်းထဲက ကောင်လေး သုံးယောက်လောက် အန်တီ့ဆီလာတယ်။ အန်တီကိုမေးတော့ ကျွန်မက လမ်းကို ထော့နဲ့ထော့နဲ့ လမ်းလျှောက်နိုင်သေးတယ်။ လေယာဉ်ထဲမှာ ကျန်တဲ့သူတွေ ရှိသေးတယ်၊ သွားကူကြဦးလို့ ပြောလိုက်တယ်။ လမ်းချော်သွားတဲ့ လေယာဉ် BG 060 ပေါ်မှာ ဝန်ထမ်းနဲ့ ခရီးသည် ၃၅ ဦးပါတယ်။ ၁၉ ဦး ထိခိုက်ဒဏ်ရာရတယ်။ မြန်မာနှစ်ယောက်မှာ အန်တီနဲ့ နောက်တစ်ယောက်ပဲ ပါတယ်။ 

Voice : ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှု အခြေအနေနဲ့ လေကြောင်းလိုင်းဘက်က ဘယ်လိုတာဝန်ယူလဲ။ 
DGT : နောက်တော့ အန်တီတို့ကို မြောက်ဥက္ကလာပဆေးရုံကို တင်လိုက်တယ်။ တန်းစီ စောင့်နေရတယ်။ အဲဒီမှာ ဓာတ်မှန်ရိုက်ပြီး ဆေးရုံကြီးကို လွှဲလိုက်တယ်။ ဆေးရုံမှာ ပက်လက်ကြီး သတိမထားမိတော့ဘူး။ နောက်ထပ် အာယုဆေးရုံကို ထပ်ပြောင်းလိုက်ရတယ်။ ကျွန်မအခု ခေါင်းပေါက်တာ သုံးချက်ချုပ်လိုက်ရတယ်။ ကျောရိုး ပင်မရိုးမကြီးက အက်သွားတယ်။ နံရိုးကျိုးသွားတယ်။ အခု လေကြောင်းလိုင်းဘက်က အာယုဆေးရုံမှာ ဆေးကု ရေရှည် တက်နေလို့မဖြစ်ဘူး။ ဆေးရုံမှာ ရေရှည်နေဖို့က လူစောင့်တစ်ယောက်လိုတယ်။ လျော်ကြေး နစ်နာကြေးမရဘူး။ ဆေးရုံမှာ ကုသစရိတ်တို့ ပေးမယ်ပြောတယ်။ ပျောက်တဲ့အထိ ကုချင်တယ်။ ဘယ်နေ့ ဘာဖြစ်လာမယ်ဆိုတာကို မသိဘူး။ ချောင်းဆိုး၊ နှာချေတာတောင် မရဘူး နာတယ်။

Voice :နောက်ဆုံးအခြေအနေ ဆရာဝန်က ဘာပြောလဲ။
DGT : ဆေးရုံမှာ လနဲ့ချီပြီး ပျောက်ကင်းအောင်တော့ ကုသရမယ် ပြောတယ်။ အခုက လေကြောင်းလိုင်းဘက်က ဘာမှ တာဝန်မယူဘူး၊ ဆေးရုံဆင်းချင်ဆင်းလို့ရပြီ။ တစ်ပတ်တစ်ခါ ကျောရိုးကို ဆေးစစ်ဆေးချက်လုပ်ရမယ်။ လေကြောင်းလိုင်းက ၈ ရက်နေ့ကနေ ဆေးရုံပေါ်က ဆင်းတဲ့နေ့ အထိကို တာဝန်ယူတယ်။ ဒီလေကြောင်းလိုင်းက မြန်မာပြည်မှာ ရုံးခွဲမရှိဘူး။ ဒီမှာ လက်မှတ်ရောင်းတဲ့ ဌာနပဲရှိတယ်။ ဘင်္ဂလားဒေ့ရှ် လူမျိုးကို မြန်မာပြည် ကိုယ်စားလှယ်အဖြစ်တော့ ခန့်ထားတယ်။ ဒါပေမဲ့ သူမှာက ဒီလိုပြသနာတွေ နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ ဆုံးဖြတ်နိုင်သူမဟုတ်ဘူး။ ၉ ရက်နေ့ ဒါကာ ကနေ လေကြောင်းလိုင်းဘက်က ဘင်္ဂလာဒေ့ရှ် လူမျိုးတစ်ယောက်လာတယ်။ ၁၀ ရက်နေ့ပြန်တယ်။ တကယ်တာဝန်ယူ ဖြေရှင်းပေးသူ မရှိဘူး။

Voice : အခု လေကြောင်းလိုင်းအနေနဲ့ နစ်နာသူတွေကို ဘယ်လို့ဖြေရှင်းပေးလဲ။
DGT : သူတို့ဘက်က တစ်လပဲဖြစ်ဖြစ်၊ နှစ်လပဲဖြစ်ဖြစ်ကုပေါ့။ ဒီဆေးရုံက ဆင်းရင် တာဝန်မယူဘူးပြောတယ်။ လေကြောင်းလိုင်းဆိုတာ အသက်အာမခံဆိုတာပါတယ်။ နစ်နာကြေး၊ အာမခံကြေးအတွက် စာတင်ပြီး တစ်လ၊ နှစ်လကြာမယ် ပြောတယ်။ လေကြောင်းလိုင်းတစ်ခုနဲ့ ရင်ဆိုင်ပြီး တောင်းရမှာ အခက်အခဲရှိတယ်။ ရေရှည်သွားရမှာ မလုပ်နိုင်ဘူး။ မြန်မာပြည်မှာ ဒီလို ကိုယ့်နိုင်ငံသား နစ်နာမှုဖြေရှင်းပေးမယ့် ကြားခံအဖွဲ့ အစည်းမရှိဘူး။ ဒီဆေးရုံမှာ စတက်ကတည်းက ဒီလူနာတွေအတွက် Deposite ကြေးကို လေကြောင်းလိုင်းက ပေးမထားဘူး။ 

Voice : BIMAN လေကြောင်းလိုင်းက တာဝန်ယူ၊ တာဝန်ခံမှုမရှိဘူးလို့ ပြောချင်တာလား။ 
DGT : အဲလိုပြောလို့ရတယ်။ ဒီနေ့ထိ မြန်မာဘက်မှာ BIMAN လေကြောင်းလိုင်းက တာဝန်ပေးထားသူဆိုတာက ဒီမှာ စီးပွားရေးလုပ်တဲ့သူ ဖြစ်နေတယ်။ သူကိုယ်တိုင်က နစ်နာသူတွေအတွက်ကို တာဝန်ယူဆုံးဖြတ်နိုင်သူ မဟုတ်ဘူး။ ဘာဖြစ်ချင်လဲမေးတယ်။ ဒါကာကို ပြန်တင်ပြတယ်။ ကြားက လူပေါ့။

Voice : BIMAN လေကြောင်းလိုင်းကို တရားစွဲဖို့များရှိလား။
DGT : အင်တာနေရှင်နယ် လေကြောင်းလိုင်းတစ်ခုကြောင့် ကိုယ့်နိုင်ငံသား နစ်နာမှုဖြစ်တယ်။ တာဝန်ရှိ အစိုးရဘက်က မေးမြန်းြ့ပီးလုပ်ပေးစေ ချင်တယ်။ ဘယ်သွားတိုင်ရမယ် မသိဘူး။ လေယာဉ်ကွင်းမှာ သွားတိုင်ဆိုတော့လည်း ဘယ်ဌာနသွားရ မှန်းမသိဘူး။ မကျေနပ်ဘူး။ Air Bangan ဟဲဟိုးမှာ ဖြစ်ဖူးတယ်။ ပြည်တွင်း လေကြောင်းလိုင်းကြောင့်နစ်နာသူတွေကို အပြည့်အဝ တာဝန်ယူတယ်၊ ဘန်ကောက်မှာ ဆေးကုပေးတယ်။ 

Voice : BIMAN လေကြောင်းလိုင်းအပေါ် ဘာပြောချင်လဲ။
DGT : ဆေးရုံက ဆင်းရင် တစ်ပတ် တစ်ခါ အာယုမှာ သွားပြ။ ဆေးကုသစရိတ်ကို အရင်စိုက်ထားရမယ်။ ဗိုလ်ဆွန်ပက်လမ်းမှာ ဘောက်ချာနဲ့ သွားထုတ်ဆိုတော့ အန်တီနေတာက ယုဇနဥယျာဉ်မှာ။ ပျောက်တဲ့အထိကို ကုပေးစေချင်တယ်။ ကျွန်မကို ကားနဲ့လာခေါ်ပြီး ဆေးခန်းလိုက်ပို့၊ ပြီးရင် ပြန်ပို့ပေးစေချင်တယ်။ ဒီလောက် နိုင်ငံတကာလေကြောင်းလိုင်းက တာဝန်ယူမှုမရှိရင် မြန်မာပြည်မှာ ဈေးကွက်လာဖွင့်မနေနဲ့၊ တာဝန်ယူမှု တာဝန်ခံမှုမရှိရင် ဘယ်အလုပ်မှ မလုပ်တာကောင်းတယ်။ မျက်နှာလွှဲ ခဲပစ်လုပ်နေတယ် ရှောင်ပုန်းနေတယ်။ လေကြောင်း အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ခေါ်ယူပြီး ကြားဝင်ညှိပေးစေချင်တယ်။

Voice : တခြား ထိခိုက်တဲ့ နိုင်ငံခြားသားတွေကို လေကြောင်းလိုင်းက ဘယ်လိုစီစဉ်လဲ။
DGT : ထိခိုက်သူတွေထဲမှာ တရုတ်နိုင်ငံသား ၃ ယောက်ပါတယ်။ သူတို့ဆို ကျွန်မလောက် ထိခိုက်မှုသိပ်မရှိဘူး။ တရုတ်သံရုံးဘက်က လိုက်လုပ်ပေးတော့ သူတို့ အရေးဆိုရဲတယ်။ ဖြစ်ဖြစ်ချင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်လာတယ်။ အခု ကျန်နေတဲ့ အခြေအနေကို လေကြောင်းလိုင်းနဲ့ ညှိနှိုင်းပေးစေချင်တယ်။ သူတို့ အဲနေ့က လာတာက နိုင်ငံခြားသားတွေ အများကြီးပါတယ်။ ဒီတော့ မျက်နှာပန်းလှအောင် လုပ်လိုက်တယ်။ မြန်မာနှစ်ယောက်ထိခိုက်တာ ဘယ်သူမှ မလာတော့ဘူး။ အရင်ကတော့ အကောင်း၊ အခုက ဘယ်နေ့ပြန်ဖြစ် မလဲမသိဘူး။ စိတ်ပူတယ်။ အာမခံချက် မရှိတော့ဘူး။ ငါးလွှာမှာနေတာ စိတ်ပူတယ်။ လေကြောင်းလိုင်းအပေါ် တာဝန်ခံမှုမရှိဘူး။ လေကြောင်းလိုင်းက ဒီလောက်ပဲ လုပ်ပေးနိုင်တယ်ပြောတယ်။ ဆေးကုဖို့ တာဝန်ယူပေးမယ် ပြောနေတယ်။ ကျွန်မတို့မှာ ပြောရမယ့်နေရာမရှိဘူး။

ခင်မြတ်မြတ်ဝေ


  • VIA