News

POST TYPE

POPULAR POST

အကျဉ်းထောင်များအတွင်းမှ စိန်ခေါ်သံ
10-May-2019

ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now

အကျဉ်းဦးစီးဌာန ဒုညွှန်ချုပ်ကြီး (ငြိမ်း) စာရေးဆရာ နီမင်းညို စိုးရိမ်သလို ဖြစ်လာလေပြီ။ ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးကတည်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ အကျဉ်းထောင်များတွင် စိုးရိမ်ရကြောင်းနှင့် အကျဉ်းဦးစီး ဝန်ထမ်းတွေ သတိရှိကြဖို့ သတိပေးခဲ့ဖူးသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား။ သူအချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် တတိယအကြိမ် စိစစ်လွှတ်ပေးလိုက်ပြီးသည့်နောက်တွင် မော်လိုက် ကလေး၊ ဘားအံ၊ ရွှေဘို၊ မြစ်ကြီးနား၊ ပုသိမ်နှင့် သာယာဝတီအကျဉ်းထောင်တို့တွင် ထောင်ဆူပူမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။

လွတ်ငြိမ်းသက်သာခွင့်ကြောင့် ထောင်ဆူပူကြခြင်းမှာ ပထမအကြိမ် စဖြစ်သည်တော့ မဟုတ်။ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပထမအကြိမ်မှာ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇ ရက်)တွင် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ပေးပြီး နောက်ရက်တွင် ရွှေဘိုထောင်နှင့် စစ်တွေထောင်တို့တွင် ဆူပူတောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ အကျဉ်းထောင်များဆူပူမှု ခဏခဏဖြစ်နေခြင်းမှာ အကျဉ်းထောင်တို့၏ စိန်ခေါ်သံလောဟု မေးခွန်ထုတ်စရာဖြစ်နေသည်။

“ဆန္ဒပြရင် လိုက်လျောတယ်ဆိုတဲ့အသိ အကျဉ်းသားတွေ မှတ်သွားရင် ပြဿနာရှိတယ်”ဟု အကျဉ်းဦးစီးဌာန ဒုညွှန်ချုပ်ကြီး (ငြိမ်း) စာရေးဆရာ နီမင်းညိုက မှတ်ချက်ပေးသည်။

ကလေးမြို့နယ် မော်လိုက် ကလေးအကျဉ်း ထောင်တွင် ယမန်နေ့ (မေ လ ၈ ရက်နေ့) နံနက် ၉ နာရီကျော်အချိန်မှ စတင်ကာ မော်လိုက် ကလေးအကျဉ်းထောင်အတွင်းရှိ အမျိုးသမီးအဆောင်မှ စတင်ဆူပူမှုဖြစ်ပေါ်ခဲ့ပြီး ၁၅ မိနစ်ခန့်အကြာ နိုင်ငံတော်သီချင်းများကို တစ်ထောင်လုံး အော်ဟစ်သီဆိုခဲ့ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး အပါအဝင် အချက်လေးချက်ကို တောင်းဆိုခဲ့ကြသည်။

လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး၊ လူ့အခွင့်အရေး ကော်မရှင် ချက်ချင်းခေါ်ယူပေး၊ အစိုးရတာဝန်ရှိသူတွေ ချက်ချင်းခေါ်ယူပေးနှင့် မီဒီယာခေါ်ယူပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။

အလားတူ ဘားအံထောင်တွင်လည်း ဆူပူ တောင်းဆိုမှု ဖြစ်ပေါ်နေပြီး အကျဉ်းထောင်ရှေ့သို့ မီးသတ်ကားများ ရောက်ရှိခဲ့သည်။ ဒေသခံတို့၏ အဆိုအရမူ သေနတ်ပစ်ခတ်သံများ ကြားရသည်ဟု ဆိုသည်။ သူတို့သည်လည်း နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် လွှတ်ပေးလိုက်ခြင်းမှာ မျှတမှုမရှိသောကြောင့် မကျေနပ်၍ ဆူပူကြခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထို့နောက် ညနေလေးနာရီတွင် ရွှေဘိုအကျဉ်းထောင်မှာ ထောင်ဆူပူမှု ထပ်မံဖြစ်ပွားခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းရသည်အထိ ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။


ထိုသို့ ထောင်ဆူပူမှုဖြစ်ပွားနေသည့်အချိန် အကျဉ်းထောင်ထဲမှ အကျဉ်းသားတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက်ဗီဒီယိုထုတ်လွှင့်ခဲ့ရာ အကျဉ်းထောင်လုံခြုံရေးနှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ထိုတိုက်ရိုက်ထုတ်လွှင့်မှုတွင် “မိုးအောင်ရင် (သရုပ်ဆောင်) လို လွတ်မြောက်ခွင့်ရရှိရေး တို့အရေး တို့အရေး”ဟု အကျဉ်းသားများ အော်ဟစ်ကြသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ရာဇဝတ် ကျင့်ထုံးဥပဒေ ၄၀၁ (က) အရ ဧပြီ၁၇ ရက်နေ့တွင် ၉၅၃၅ ဦး၊ ဧပြီ ၂၆ ရက်တွင် ၆၉၄၈ ဦး ၊ မေ ၇ ရက်တွင် ၆၅၂၀ ဦး စုစုပေါင်းအကျဉ်းသား ၂၃,ဝ၀၃ ဦးကို လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် လွှတ်ပေးခဲ့သည်။

ယနေ့ (မေလ ၉ ရက်နေ့) တွင်တော့ မြစ်ကြီးနား အကျဉ်းထောင်မှာ မနက်လေးနာရီတွင် ထောင်ဆူပူမှု စတင်ဖြစ်ပွားခဲ့ပြီး ပုသိမ်၊ သာယာဝတီတို့ကိုပါ ကူးစက်ခဲ့ပြီး ရွှေဘိုအကျဉ်းထောင် တစ်ကျော့ပြန် အခြေအနေ ပြန်ဆိုးဝါးလာခဲ့သည်။ နံနက်ပိုင်းတွင် ယမန်နေ့ညပိုင်းက သေနတ်မှန်သေဆုံးခဲ့သူ သုံးဦး ရုပ်အလောင်းကို အပြင်သို့ ထုတ်ယူခဲ့သည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က အကျဉ်းသားများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့သည်အပြင် အခြေအနေဆိုးရွားလာသည့်အတွက် တပ်မတော်ကပါ ဝင်ရောက်အားဖြည့်ခဲ့သည်။ မွန်းလွဲ ပိုင်းအချိန်တွင်တော့ မီးခိုးဗုံးပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ယင်းအကျဉ်းထောင်ရှေ့ ရောက်ရှိနေသော သတင်းထောက်များက ဆိုသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ခြောက်လှန့်ပစ်ခတ် ထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး အခြေအနေအားလုံး ငြိမ်သက်သွားပြီဖြစ်ကြောင်း ပြောကြားသည်။

လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် လွတ်မြောက်လာသူများမှာလည်း အများစုမှာ မူးယစ်ဆေး သုံးစွဲမှုနှင့် လက်ဝယ်တွေ့ရှိမှုတို့ အများဆုံးဖြစ်သည်။ သို့သော်လည်း ထိုအမှု အကျဉ်းသားအားလုံး ခံစားခွင့်ရှိခြင်းမဟုတ်။ ထို့ကြောင့် အကျဉ်းထောင်ထဲမှာ ကျန်ရစ်ခဲ့သူတို့အဖို့ မျှော်လင့်ချက်မဲ့စေသည်။


“မျှော်လင့်ချက်မဲ့တဲ့ထောင်ဟာ ပိုပြီးတော့ စိုးရိမ်ရပါတယ်။ ခုဆူပူမှုဖြစ်တဲ့ဟာတောင် သေဒဏ်နဲ့ နှစ်ကျွန်းကျတဲ့သူတွေ ဦးဆောင်တယ် ကြားတယ်။သူတို့ဆို မျှော်လင့်ချက်မရှိတော့ဘူးလေ။ လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အခါမှာ အကျဉ်းသားအားလုံး ခံစားခွင့်ရတဲ့ အခြေအနေကို ဖန်တီးပေးသင့်တယ်” ဟု အကျဉ်းဦးစီးဌာနဒု ညွှန်ချုပ်ကြီး (ငြိမ်း) စာရေးဆရာ နီမင်းညိုကဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော ထောင်ဆူပူမှုများကြောင့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အပေါ် ဝေဖန်မှုများ၊ အငြင်းပွားစရာများ ဖြစ်ပေါ်နေသည်။ တစ်လအတွင်း သုံးကြိမ်တိတိ ပေးခဲ့သည်။အဘယ်ကြောင့် ခဏခဏပေးသနည်း။ ထောင်ဆူပူ တောင်းဆို၍ ပေးခြင်းလောဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ရွှေဘိုမြို့ဒေသခံ ကိုထွန်းသန်းထွေးက “အခု လွတ်ငြိမ်းပေးတာမှာ စည်းကမ်းသတ်မှတ်ချက်တွေ မပါဘဲ ပေးတယ်ဆိုတာပါ။ အကျဉ်းသားဆိုတာ ပြစ်မှုတစ်မျိုးမျိုးကို ကျူးလွန်ခဲ့ကြလို့ ပြစ်ဒဏ်ကျနေတာ။ နောက်ထပ်ကျူးလွန်ဖို့ ဝန်မလေးကြသူ ရာနှုန်းက များပါတယ်။ ဒါကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွှတ်တယ်ဆိုတော့ ချိုပေါက်ပြီးသား မြင်းတွေကို ဇက်ကြိုးမတပ်ဘဲ လွှတ်ပေးလိုက်သလို ဖြစ်နေတယ်။ ဘယ်လိုပေါ်လစီတွေနဲ့ လွှတ်ပေးတယ်ဆိုတာကို မသိပေမယ့် ဒီလိုခဏခဏ လွှတ်ပေးတာကို လုံးဝမကြိုက်ပါဘူး”ဟု မှတ်ချက်ပေးသည်။

အကျဉ်းဦးစီးဝန်ထမ်းတို့၏ အဆိုအရမူ အကျဉ်းထောင်များတွင် လွတ်ငြိမ်းချမ်းသာမှုပေးသည့်အချိန်သည် လုံခြုံရေးသတိ ဂရုစိုက်ရဆုံးအချိန် ဖြစ်သည်။ အကျဉ်းသားများ၏ မျှော်လင့်ချက်အမြင့်ဆုံး လွတ်ငြိမ်း သက်သာခွင့်ထဲမပါသည့်အခါ စိတ်ခံစားမှု ပြင်းထန်ပြီးဆူပူတတ်ကြသည်။ ရဲဘက်စခန်းများတွင် လူအလုံးအရင်းဖြင့် ဆူးကြိုးခြံများကို တွန်းဖြိုကာ ထွက်ပြေးကြသည့် သာဓကများရှိခဲ့သည်။ 

ယခင်အစိုးရအဆက်ဆက်တွင် ထောင်ဆူပူမှုဖြစ်ပြီး လုံခြုံရေးအရ သေနတ်ဖြင့် ပစ်ခတ်ရခြင်း၊ ရိုက်နှက်ရခြင်းများရှိခဲ့လျှင် အကျဉ်းဦးစီး ဝန်ထမ်းများကို အပြစ်ပုံချတတ်ကြသည်။ ထို့ကြောင့် အကျဉ်းဦးစီးဝန်ထမ်းများက ထောင်ဆူပူဖြစ်မည်ကို စိုးရိမ်ကြရသည်။

အကျဉ်းဦးစီးအရာရှိထောင်းမှူးဟောင်းတစ်ဦးကမူ “နောက်ထပ် လွတ်ငြိမ်းတွေ အမှုစုံ မျှမျှတတ ပေးရင်ပေး မပေးရင် ပြဿနာများမယ့် အလားအလာ ရှိတယ်”ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အချို့ကလည်း ပြစ်ဒဏ်ကျ အကျဉ်းသား ဟူသည်မှာ ပြစ်မှုပြစ်ဒဏ်တစ်ခုခုကို ကျူးလွန်သဖြင့် တရားရုံးက ဥပဒေအတိုင်း ထိုက်သင့်သော ပြစ်ဒဏ်ကို ချမှတ်ပေးခဲ့ပြီး ယင်းပြစ်ဒဏ်ကျေအောင်၊ အကျဉ်းထောင်ထဲတွင် ပြစ်ဒဏ်ကျေအောင် ပေးဆပ်နေထိုင်ရခြင်းဖြစ်သည့်အတွက် လွတ်ငြိမ်းပေးရန် ဆန္ဒပြဆူပူ တောင်းဆိုခြင်းသည် အစိုးရကို အကျပ်ကိုင် တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုကြသည်။

အကျဉ်းဦးစီးဌာန၏ ၁၉၇၆ ခုနှစ်က ညွှန်ကြားရေးမှူးချုပ်က ထောင်ဆူပူ ဆန္ဒပြမှုများအတွက် ညွှန်ကြားချက်များတွင် အကျဉ်းသားကိုယ်စားလှယ်ဟုခေါ်သည့် မည်သည့်အကျဉ်းသားကိုမျှ အကျဉ်းသားများ၏ ကိစ္စပြဿနာများကို တင်ပြတောင်းဆိုခွင့်မပြုရန် ပါရှိထားသည်။

လက်ရှိအနေအထားတွင်တော့ ထိုခေတ်ကကဲ့သို့ မဟုတ်တော့။ ဝန်ကြီးချုပ်ကိုယ်တိုင် အကျဉ်းသားများ၏ လိုအပ်ချက် တောင်းဆိုချက်များကို တွေ့ဆုံဆွေးနွေးကာ နိုင်ငံတော်သမ္မတဆီ တင်ပြပေးမည်ဟု ဆိုလေသည်။

အစိုးရအမှုတော်ထမ်းများတွင် အလုပ်အကိုင်မှားလျှင် ဝန်ထမ်းအမှား၊ စီမံကွပ်ကဲတာမှားလျှင် အရာရှိအမှား၊ မူဝါဒလမ်းညွှန်တာမှားလျှင် နိုင်ငံတော် အကြီးအကဲအမှားဟု ဆိုကြသည်။

အကျဉ်းဦးစီးဌာနဒု ညွှန်ချုပ်ကြီး (ငြိမ်း) စာရေးဆရာနီမင်းညိုဆိုခဲ့သကဲ့သို့ ဆန္ဒပြဆူပူ တောင်းဆိုလျှင် လိုက်လျောသည်ဆိုသည့်အသိ အကျဉ်းသားစိတ်ထဲ အသိဝင်သွားလျှင် အကျဉ်းထောင်များတွင် စိုးရိမ်စရာအခြေအနေ ဖြစ်ပေါ်နိုင်သည် ဆိုသည့်အတိုင်း ဖြစ်လာချေပြီ။

ယနေ့ညနေပိုင်းအချိန်အထိ ထောင်ဆူပူမှု ဖြစ်ပွားနေသည်မှာ အကျဉ်းထောင် ၆ ခုထိ ဆက်တိုက် ဖြစ်လာနေပြီ။

မင်းထက်စံ


  • VIA