News

POST TYPE

POPULAR POST

ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်နှင့် တွေ့ဆုံခြင်း
10-May-2019
“အကျဉ်းထောင်ဆူပူမှုက ကူးစက်ရောဂါလိုပါပဲ၊ အစိုးရ အချိန်မီမထိန်းသိမ်းနိုင်ရင် ကြီးမားတဲ့ပြဿနာဖြစ်လာနိုင်မယ်”



သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် တန်းတူအခွင့်အရေးမရခဲ့ဟူ၍ နှစ်ရက်အတွင်း အကျဉ်းထောင် ၆ ခုမှာ အခွင့်အရေးတောင်းဆိုမှု ဆူပူမှုများ ဖြစ်ပွားလာခဲ့သည်။ အချို့အကျဉ်းထောင်များတွင် ဆူပူမှုများကြောင့် ထိန်းသိမ်းရာမှ သေနတ်ဒဏ်ရာရ သေဆုံးသူများရှိသလို ဒဏ်ရာရရှိသူများလည်း ရှိလာခဲ့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ အကျဉ်းဦးစီးတွင် လုပ်သက် ၂၅ နှစ်ရှိပြီး ထောင်မှူးကြီးဟောင်း၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်နှင့် The Voice Daily က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : လက်ရှိ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကျေနပ်မှုမရှိလို့ ဥပဒေအရ တောင်းဆိုခွင့်ရှိလား။
UKMM : ကျွန်တော်ပြောချင်တာက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုတာကို ဘယ်အကျဉ်းသားမှ တောင်းဆိုခွင့်မရှိဘူး။ ဒါပေမဲ့ နိုင်ငံသား အခွင့်အရေး တန်းတူညီမျှအခွင့်အရေးအရတော့ တောင်းဆိုခွင့်တော့ရှိတယ်။ အခုက သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်မပေးတဲ့ အကျဉ်းသားတွေက လွှတ်ပေးဖို့ တောင်းဆိုခွင့်မရှိဘူး။ ပေးခဲ့ရင်တော့ တောင်းဆိုခွင့်ရှိတယ်။ 


Voice : လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျန်ခဲ့တဲ့သူတွေ ကရော အစိုးရလုပ်ရပ်အပေါ် သူတို့ ဘယ်လိုထင်မြင် ယူဆလို့ ထောင်ဆူပူမှု ဖြစ်လာတာလဲ။
UKMM : လက်ရှိ ၂၃,၀၀၀ ကျော် လွှတ်ပေးလိုက်တယ်။ အစိုးရက ရှင်းပြဖို့လိုနေပြီ၊ ဘယ်လိုအမှုတွေ ဘာကြောင့်ပေးတယ်။ ဘယ်လိုပုံစံနဲ့ လွတ်ငြိမ်းချမ်း သာခွင့်ပေးတယ်ပေါ့။ အခုတောင်းဆိုတာက လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျန်သူတွေက ဘာကြောင့်ကျန်ခဲ့တာကို အစိုးရက ရှင်းပြရမယ်။ ရှင်းပြတဲ့နေရာမှာ အကျဉ်းသားလွှတ်ပေးဖို့ ဘာလို့ စိစစ်ပြီး လွှတ်တာကို တိတိကျကျ ရှင်းပြရမယ်။ ပွင့်လင်းမြင်သာမှု မရှိလို့ အခုလို ထောင်ဆူပူမှုဖြစ်တာပါ။

Voice : ဆရာအတွေ့အကြုံအရ ထောင်ဆူပူမှုကို အစိုးရအချိန်မီကိုင်တွယ် မဖြေရှင်းနိုင်ရင် ဘာဆက်ဖြစ်နိုင်မလဲ။
UKMM : ထောင်ဆူပူမှုက ကူးစက်ရောဂါလိုပါပဲ၊ မဖြစ်ရင် မဖြစ်ဘူး၊ ဖြစ်ပြီဆို ဆက်တိုက်ဖြစ်တတ်တယ်၊ ကျွန်တော့်အတွေ့အကြုံအရကတော့ ဘားအံထောင်မှာ ထွက်ပြေးတဲ့ ဖြစ်စဉ်အခြေအနေမရောက်ခင် ကျွန်တော်ပြောခဲ့ပါသေးတယ်။
လူအုပ်စုလိုက် ထောင်ဖောက်ရင်ဖောက် မဖောက်ရင် ထွက်ပြေးတာတွေ ဖြစ်လာလိမ့်မယ်လို့ အခုလည်း ကူးစက်ရောဂါဖြစ်နေတာ အချိန်မီ အစိုးရက ရှင်းပြရမယ်။ ဒီခေတ်ကပိုဆိုးတယ်။ အရမ်းမြန်တယ်၊ ထောင်ထဲမှာတောင် ဖုန်းနဲ့ Live လွှင့်တာ အရမ်းကိုမြန်လွန်းတယ်။ တစ်ပြည်လုံးက ထောင်တွေဖြစ်လာရင် ထိန်းသိမ်းရခက်လိမ့်မယ်။

Voice : အခုဆို ထောင်ထဲမှာ ဆူပူနေတာကို ဖုန်းနဲ့ Live လွှင့်တာ အကျဉ်းထောင်ဥပဒေအရ လုပ်ခွင့်ရှိလား။
UKMM : ထောင်မှာ ဥပဒေရှိတယ်။ ထောင်ဝန်ထမ်းကအစ အရာရှိ အကျဉ်းသားအားလုံး ကန့်သတ်ပစ္စည်းကို ထောင်အဝင်ဝမှာ အပ်ခဲ့ရတာ။ အခုက အကျဉ်းသားက ဖုန်းကိုင်ပြီး Live လွှင့်တာလား၊ ဝန်ထမ်းက လုပ်တာလား ဒါမှမဟုတ် ထောင်လာစစ်ခွင့်ရတဲ့အဖွဲ့က Live လွှင့်နေတာလား မသဲကွဲဘူး။ ဒီထောင်ကတော့ စည်းကမ်းယိုယွင်းနေတယ်။ နောက်တစ်ချက် ထောင်ထဲမှာရှိရမယ့် အကျဉ်းသားက နှစ်ဆလောက်ဖြစ်နေတယ်။ ထောင်ဝန်ထမ်းက ဦးရေနည်းနေတော့ ကြပ်မတ်နိုင်မှုမရှိတော့ ဖုန်းခိုးကိုင်တာလည်း ဖြစ်နိုင်တယ်။

Voice : လက်ရှိ အခြေအနေကို အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်သင့်လဲ။
UKMM : လက်ရှိဆူပူနေတဲ့ အကျဉ်းထောင်တွေကို အချိန်မီ ဖြေလျှော့မှုလုပ်ရမယ်။ အစိုးရမလုပ်နိုင်ရင် ကြီးမားတဲ့ အခက်အခဲဖြစ်လိမ့်မယ်။ အကျဉ်းသား ၂၃,၀၀၀ ကျော် ဘာကြောင့် လွှတ်ပေးလိုက်တဲ့ မူဝါဒ တိတိကျကျ ချပြသင့်တယ်။ ကျန်ခဲ့တဲ့ အကျဉ်းသားတွေကို လွှတ်မပေးနိုင်ရင်တောင် ပြစ်ဒဏ်လျှော့ချတာမျိုးတို့နဲ့ အချိန်မီ ထိန်းသိမ်းနိုင်ရင်တော့ အဆင်ပြေမယ်။ ထောင်ဆူပူတာကို အချိန်မီ မကိုင်တွယ်နိုင်ရင် တစ်ညအိပ်လိုက်ရင် နောက်ထပ် သုံးလေးထောင် ထပ်ဆူပူလိမ့်မယ်။ မနေ့က ထောင် ၃ ထောင်စပြီး ဆူပူလာတယ်။ ကလေးမော်လိုက်၊ မြစ်ကြီးနား တစ်ညအိပ်လိုက်တာ ရွှေဘို၊ မြစ်ကြီးနား၊ သာယာဝတီ ၊ ပုသိမ်ထောင် ဆူပူလာတယ်။ ကူးစက်တာ မြန်တယ်၊ အချိန်မီမထိန်းသိမ်းနိုင်ရင် အခြားထောင်တွေလည်း အဲလိုဖြစ်နိုင်တယ်။

Voice : ရွှေဘိုထောင်မှာ ထောင်တွင်းဆူပူမှုကတစ်ဆင့် သေနတ်ပစ်ခတ်မှုတွေလည်းရှိတော့ ဥပဒေအရ ဘယ်လို့ ပြဋ္ဌာန်းထားလဲ။ 
UKMM : အကျဉ်းထောင် ဥပဒေမှာ ၁၈၉၄ ခုနှစ်မှ ပြဋ္ဌာန်းချက်အရ အပိုဒ် ၃၁၇ အရ ဘယ်အချိန်မှာ လုပ်ရမယ် လုပ်ပိုင်ခွင့် အပ်နှင်းထားတယ်။ အကျဉ်းထောင် လက်စွဲဥပဒေအရ အကျဉ်းထောင် တံခါးမကြီးကို လူစုလူဝေးနဲ့ဖြိုရင် ပစ်မိန့်တောင်းစရာမလိုဘဲ ပစ်ခွင့်ရှိတယ်။ လူစုလူဝေးနဲ့ ထောင်အရာရှိ၊ ဝန်ထမ်း ဒါမှမဟုတ် အကျဉ်းသားတွေကို အသက်အန္တရာယ် ရန်ပြုတဲ့အချိန်ကို သေနတ်နဲ့ပစ်ခွင့်ရှိတယ်။ ထောင် တံခါးကျော်ပြီး ထွက်ပြေးရင် ပစ်ခွင့်ရှိတယ်။ အကျဉ်းထောင်တံခါးကို တွယ်ကပ်ပြီး ထွက်ပြေးတာမျိုး အခြေအနေလေးရပ်မှာ တားမြစ်ခွင့်ရှိတယ်။ 
ဒါပေမဲ့ သေနတ်နဲ့ပစ်ဖို့ကို သုံးကြိမ် နှုတ်နဲ့သတိပေးရမယ်။ မလိုက်နာဘူးဆိုရင် သေနတ်က ခြောက်လန့်တဲ့အနေနဲ့ မိုးပေါ်ထောင်ပြီး ခြောက်လှန့်ရမယ်၊ နောက်တစ်ချက်က လူစုလူဝေး ဘယ်သူမှမထိဘဲ ခေါင်းပေါ်ဖြတ်ပြီး သေနတ်တစ်ချက် ခြောက်လှန့်ရမယ်။ နောက်ဆုံး ဆူပူမှုက မငြိမ်ဘူးဆိုရင် တကယ်ဆူပူမှုလုပ်နေတာဘယ်သူလဲ အဲ့ဒီလူကို ခါးအောက်ပိုင်းကို ပစ်ရမယ်။ အဲ့လို အခြေအနေမျိုးမှာ ပစ်မိန့်တောင်းစရာမလိုဘူး။ ရွှေဘိုထောင် ဘယ်လိုအခြေအနေဖြစ်လဲ တရားဝင်လည်း မထုတ်ပြန်ထားတော့ ဥပဒေနဲ့ ညီမညီ မသိနိုင်ဘူး။ ဥပဒေနဲ့အညီ လုံခြုံရေးအင်အား မလုံလောက်ဘူး၊ ဖိဖိစီးစီး မထိန်းသိမ်းနိုင်ဘူး ဖြစ်နေတယ်။

ခင်မြတ်မြတ်ဝေ