News

POST TYPE

POPULAR POST

နှစ်လသာ နည်းပြလုပ်ဖူးပြီး ရုပ်သံဖန်သားပြင်တွင် ဆရာကြီးလုပ်နေသော ကစားသမားဟောင်းများ မန်ယူတွင်ရှိသည်ဟု မော်ရင်ညိုဝေဖန်
03-May-2019



မန်ချက်စတာ၊ မေ ၃

မန်ယူနည်းပြဟောင်း မော်ရင်ညိုသည် ၎င်း၏အလုပ်လုပ်ကိုင်ပုံနှင့် နည်းစနစ်များကို အမြဲတစေ ဝေဖန်ခဲ့သော မန်ယူကစားသမားဟောင်းများဖြစ်ကြသည့် ပေါလ်စခိုးနှင့် ဂယ်ရီနဗီးလ်တို့ကို တုံပြန်ထိုးနှက်လိုက်ပြီဖြစ်ပြီး နည်းပြဘဝသို့ ကူးပြောင်းဝင်ရောက်ရာတွင် အရှက်ရဖွယ်ရာ ကျရှုံးမှုများဖြင့် ရင်ဆိုင်ခဲ့ရသော ယင်းကစားသမားများ၏ဖြစ်အင်ကို အငေါ်တူး၍ မော်ရင်ညိုက တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဂယ်ရီနဗီးလ်သည် စပိန်ကလပ် ဗလင်စီယာအသင်းထံတွင် နည်းပြဘဝ ဖြတ်သန်းခွင့်ရရှိခဲ့ရာ၌ ရက်ပေါင်း ၁၁၉ ကြာ တာဝန်ထမ်းဆောင်အပြီးတွင် ရာထူးထုတ်ပယ်ခံခဲ့ရပြီး ပေါလ်စခိုးကမူ လိဂ်-၂ ကလပ် အိုးလ်ဟမ်းကို နည်းပြအဖြစ် ဦးဆောင်ရာ၌ ရက်ပေါင်း ၃၁ ရက်အကြာတွင် ရာထူးပြန်လည်နုတ်ထွက်လိုက်သည့် အခြေအနေဖြစ်ပေါ်ခဲ့ဖူးသည်။

မော်ရင်ညိုသည် ဂယ်ရီနဗီးလ်နှင့် ပေါလ်စခိုးတို့မှာ နောက်ဆုံးတွင်မူ နေရာဟောင်းဖြစ်သည့် ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ်သို့သာ ပြန်ရောက်ခဲ့ကြရပြီး ယင်းနေရာမှနေ၍ ၎င်းကို ဝေဖန်စကားများ ပြောကြားနေသည်မှာ လွန်စွာရယ်ရွှင်ဖွယ်ရာ ကောင်းလှသည်ဟု မှတ်ချက်ပေးသွားခဲ့ကာ ရုပ်သံဖန်သားပြင်ထက်မှနေ၍ ဆရာကြီးများစတိုင်ဖမ်းကာ နည်းစနစ်ပိုင်းဆိုင်ရာများကို သုံးသပ်ထောက်ပြနေသော ဂယ်ရီနဗီးလ်နှင့် ပေါလ်စခိုးတို့ကို မြင်တွေ့ရသည့်အချိန်တိုင်းတွင် ၎င်းအနေနှင့် လွန်စွာစိတ်ပျက်ရပါကြောင်းလည်း မော်ရင်ညိုက အသိပေးသွားခဲ့သေးသည်။

မော်ရင်ညိုသည် ဖာဂူဆန်၏လက်အောက်တွင် ကစားခဲ့သော မန်ယူကစားသမားဟောင်းများအနက်မှနေ၍ မည်သူပင်ဖြစ်စေ နည်းပြလောကသို့ ကူးပြောင်းဝင်ရောက်ပါက ၎င်း၏အောင်မြင်မှုကို လိုက်မီနိုင်လိမ့်မည်မဟုတ်ဟု အသိပေးထားပြီး လာမည့်နွေဈေးကွက်တွင် နည်းပြ ဆိုးလ်ရှား၏ဦးဆောင်မှုဖြင့် ကစားသမားများ ခေါ်ယူအားဖြည့်မည့် မန်ယူထံသို့ မည်သည့် ထိပ်တန်းကစားသမားကမျှ ပြောင်းရွှေ့လိမ့်မည် မဟုတ်ကြောင်းလည်း မော်ရင်ညိုက ဟောကိန်းထုတ်ထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် မော်ရင်ညိုက “မန်ယူကစားသမားဟောင်းတွေထဲက တစ်ချို့ကို ကြည့်လိုက်ရင် ဆရာကြီးပုံစံဖမ်းနေသူတွေ များပါတယ်။ ရုပ်သံဖန်သားပြင်ထက်မှာ စကားကြီး စကားကျယ်တွေ ပြောနေပေမယ့် နည်းပြလောကထဲ တကယ်တမ်း ဝင်ကြည့်ကြတော့ နှစ်လလောက်သာ ခံခဲ့သူတွေချည်းပါပဲ။ အဲ့ဒါပြီးတာနဲ့ ကိုယ့်အိမ် ကိုယ်ပြန်ခဲ့ရပြီး အရင်အတိုင်း ရုပ်သံအစီအစဉ်တင်ဆက်သူပဲ ပြန်လုပ်နေရပါတော့တယ်။ ကျွန်တော် စိန်ခေါ်ပါတယ်။ မန်ယူကစားသမားဟောင်းတွေထဲက ဘယ်သူပဲဖြစ်ဖြစ် သတ္တိရှိရင် နည်းပြလောကထဲကို ဝင်ကြည့်လိုက်ပါ။ ကျွန်တော့်လိုအောင်မြင်မှုမျိုးကို မရစေရပါဘူး။ အခု နည်းပြဆိုးလ်ရှားဆိုရင်လည်း နွေဈေးကွက်မှာ ကစားသမားကောင်းတွေကို အသင်းအတွက် ခေါ်ယူပေးနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဘယ်ကစားသမားကမှ နည်းပြတစ်ယောက်အပေါ် ယုံကြည်မှုမရှိဘဲ အဲ့ဒီအသင်းဆီကို မပြောင်းရွှေ့ပါဘူး။ ကျွန်တော်ဟာ မန်ယူကို စတင်တာဝန်ယူခဲ့စဉ်က အသင်းဟာ ယူရိုပါလိဂ်ပဲ ဝင်ခွင့်ရထားတာပါ။ ဒါပေမဲ့ ပေါ့ဂ်ဘာ၊ မစ်ခီတာယန်နဲ့ ဘေလ်လီတို့လို အဲ့ဒီအချိန်က ဒိတ်ဒိတ်ကြဲကစားသမားတွေကို အသင်းဆီရောက်လာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

E-11