News

POST TYPE

POPULAR POST

နှိုင်းယှဉ်မြင့်မိုရ်နဲ့ တွေ့ဆုံခြင်း
02-May-2019


“ကားတိုက်ခံရလို့ ဖေ့စ်ဘွတ်ခ်ပေါ်တင်ရင်တောင် ပရိသတ်တွေက ကောင်းတယ် ပရိသတ်ကို စော်ကားတဲ့ ကောင်မဆိုပြီး ပြောကြတယ်။ ဟုတ်ပါတယ်၊ကျွန်မ ပရိသတ်ကို စော်ကားမိတဲ့အတွက် အခု ဒုက္ခရောက်နေပါတယ်”

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်နဲ့ တွေ့ဆုံပြီး ဖွေးဖွေးနဲ့ မက်ဆင်ဂျာမှာ စကားပြောရင်း ပရိသတ်ကို စော်ကားခဲ့တဲ့ စခရင်ရှော့တွေ ထွက်ပေါ်လာတဲ့ကိစ္စနဲ့ လက်ရှိအနုပညာ လုပ်ငန်းတွေ ရပ်တန့်နေလို့ ဒုက္ခရောက်နေတဲ့အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။ 

Voice : အစ်မရဲ့ အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။
NSMM : အစ်မ ၁ လပိုင်းအထိကို ဒါရိုက်တာ ကိုဝိုင်းနဲ့ ပပဝတီ စီရင်ခန်းဆိုပြီး နောက်ဆုံးရိုက်ခဲ့တယ်၊ အဲ့ဒါပြီးတော့ ကားရိုက်တွေ တော်တော်ကို ပါးသွားခဲ့တယ်၊ မရှိသလောက်ပေါ့၊ အဲ့ဒါကြောင့် သီချင်းဆိုတယ်၊ နယ်မှာတွေ၊ အဲ့ဒါပဲရှိတယ်၊ ဒီငါးလပိုင်း ၁၅ ရက်ကျမှ ပုပ္ပားမှာ ကားရိုက်ရှိတယ်၊

Voice : အခု ကားရိုက်မရှိတော့ ဘဝကို သီချင်းဆိုတာနဲ့ ရပ်တည်နေရတယ်လို့ ပြောလို့ရလား။ 
NSMM : အစ်မက ဘာမှ မလုပ်တတ်တော့ ဘဝကို သီချင်းဆိုတာနဲ့ပဲ ရပ်တည်နေရတာ၊ အစ်မတို့ သရုပ်ဆောင်တွေက ကားရိုက်မရှိဘူးဆိုရင် ဘာမှ မလုပ်တတ်ကြတော့ဘူး၊ ငယ်ငယ်လေးကတည်းက ပညာကိုလည်း ဆုံးခန်းတိုင်အောင် သင်ခဲ့တာမှ မဟုတ်တာ၊ အခုကျမှ ကလေးတွေနဲ့ ကွန်ပျူတာသင်ဖို့၊ စကားပြောသင်ဖို့ဆိုတာ မဖြစ်ဘူး၊ ဦးနှောက်တွေက အဲ့လောက်လည်း မကောင်းဘူး၊ အဲ့တော့ ဘာမှလုပ်လို့မရဘူး၊ နောက်ဆုံး ဈေးရောင်းမယ်။ အဲ့လောက်ပဲ လုပ်လို့ရမှာလေ၊ အစ်မတို့က အနုပညာပဲ တတ်ကျွမ်းတော့ ဒါပဲလုပ်ရတော့မှာပဲ။ 

Voice : အစ်မ တစ်လောက ဖေ့စ်ဘွတ်ခ်မသုံးတော့ဘူးလို့ ကြားတယ်၊ ဘာကြောင့်လဲ။ 
NSMM : အစ်မ ဖေ့စ်ဘွတ်ခ်ကို လုံးဝမသုံးတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောက်လျှောက်ကို အဖဲ့ခံနေရတာလေ၊ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ကို စိတ်တော့ မပျက်ဘူးလေ၊ ဂရုလည်းမစိုက်ဘူးပေါ့။ ဘယ်သူဘာပြောပြော ပြန်မဖြေရှင်းဘူးလေ၊ ဒီအတိုင်းပဲ လွှတ်ထားတာ၊ သြင်္ကန်မတိုင်ခင်တုန်းကလည်း ဒေါင်းကိစ္စတစ်ခုပေါ့၊ စခရင်ရှော့ ရိုက်ထားတာတွေရှိတယ်လေ။ ဒေါင်းပုံ မရှဲလ်ဖူးတဲ့သူရှိလားတို့၊ ကလပ်မတက်ဖူးတဲ့ မိန်းကလေးတွေရှိလား၊ live မလွှင့််ဘူးတဲ့ မိန်းကလေးရှိလားဆိုပြီး ရေးကြတယ်၊ အဲဒီခါကျရင် အစ်မက နောက်တယ်၊ ငါရှိတယ်၊ ငါဘာမှ မလုပ်ဖူးဘူးဆိုပြီးတော့ပေါ့၊ အဲဒီမှာ တက်လာတာက ဒေါင်းပုံ မရှဲလ်ဖူးတဲ့သူ ရှိလားဆိုပြီးလေ၊ အဲ့မှာ အစ်မက ရှိတယ် ငါရှိတယ်ဆိုပြီး နောက်လိုက်တာ၊ လျှာရှည်ပြီး တင်လိုက်မိတာ၊ အဲ့ဒါကို Page တစ်ခုက ဒေါင်းကိုကြည့်မရတဲ့ နှိုင်းယှဉ်မြင့်မိုရ်ဆိုပြီး တက်လာတယ်၊ အစ်မ တော်တော် စိတ်ပျက်သွားတယ်၊ အဲ့ဒါက အနုပညာသည်အချင်းချင်း ရန်တိုက်တာပေါ့နော်၊ အစ်မမောင်လေးတွေကလည်း ပြောတယ်၊ အစ်မရယ် ဖေ့စ်ဘွတ်ခ် မသုံးပါနဲ့ပေါ့နော်၊ အမှန်တော့ ဖေ့စ်ဘွတ်ခ်ဆိုတာက အစ်မတို့ အနုပညာရှင်အတွက် ပရိသတ်နဲ့ တိုက်ရိုက်ပဲလေ ထိတွေ့ရတာဆိုတော့ သံယောဇဉ်တော့ ဖြစ်မိတယ်၊ ဖေ့စ်ဘွတ်ခ်သုံးထားတာ အစ်မ ပရိသတ်တွေလည်း အများကြီးဆိုတော့လေ စဉ်းစားတာပေါ့နော်၊ ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့အချိန်မှာပဲ သြင်္ကန်မှာ စဖြစ်တော့တာပဲ၊ အစ်မပုံကိုယူပြီးတော့ စခရင်ရှော့တွေနဲ့ ပေါကားကို မကြည့်ချင် မကြည့်ပါနဲ့လားဆိုပြီး ဆဲထားတဲ့အထိတောင် ရေးထားတာ တွေ့ခဲ့ရပါတယ်၊ ပရိသတ်တစ်ယောက်က အစ်မကို မန်းရှင်းခေါ်လိုက်တော့ အစ်မကဟာ ငါလည်း မရေးထားဘဲနဲ့ ပုံကြီးကလည်း ငါ့ပုံကြီးပေါ့၊ အစ်မက ဖေ့စ်ဘွတ်ခ်ကို ပုံတင်မယ်၊ စာရေးမယ်၊ စာပြန်မယ် အဲ့လောက်ပဲ သိထားတာ၊ အစ်မက သိပ်ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဘူး၊ အစ်မ ယောကျာ်းကသာ သေသေချာချာ သုံးတတ်တာ၊ အဲ့မှာ ပရိသတ်တစ်ယောက်က နင်ရေးတာလေတဲ့၊ ဟာ အစ်မ သမီးမရေးဘူး။ သိတောင် မသိဘူးဆိုပြီး ရှင်းပြရတာပေါ့၊ စိတ်မကောင်းဖြစ်တာ မျက်ရည်တောင်ဝဲတယ်၊ အစ်မ တစ်ညလုံး စဉ်းစားတယ်၊ အစ်မကို ဘာလို့ အဲ့လိုလုပ်နေတာလဲပေါ့။ 

Voice : ဖွေးဖွေးနဲ့ စကားပြောထားတဲ့အကြောင်း စခရင်ရှော့နဲ့ တက်လာတဲ့အကြောင်းလေး ရှင်းပြပေးပါဦး။ 
NSMM : အဲ့လို ဒေါင်းကိစ္စနဲ့ ပြဿနာတက်ပြီး မကြာဘူး၊ နောက်ရက်ကျတော့ ထပ်တက်လာတယ်၊ နှိုင်းယှဉ်မြင့်မိုရ်အကောင့်ကို ဟက်ကာမှ ယာယီထိန်းသိမ်းထားတယ်ဆိုပြီးလေ၊ အဲ့မှာ နှိုင်းယှဉ်နဲ့ ဖွေးဖွေးနဲ့ စကားပြောထားတာတွေ ပေါက်ကြားသွားပါတယ်ဆိုပြီးပေါ့၊ ဖွေးဖွေးနဲ့ အစ်မနဲ့က လုံးဝ ဖရန့်မဟုတ်ပါဘူး၊ ဖွေးဖွေးနဲ့ ကားရိုက်မှာ တွေ့တဲ့အခါ အစ်မ ဖွေးဖွေး မအပ်ဘူးနော်၊ ဖွေးအကောင့်က တခြားဆယ်လီတွေလို လှလှပပ တင်တာမဟုတ်ဘူး၊ စားတဲ့ပုံတွေ၊ အစားအသောက်ပုံတွေတင်တာဆိုတော့ အရမ်းစိတ်ညစ်ကြလိမ့်မယ်၊ ကြည့်တဲ့သူတွေလေ၊ ပြီးတော့ ဖွေးက အဲ့အကောင့်သုံးတာမဟုတ်ဘူး၊ ဒေါ်ရွှေရည်ကိုဦးနဲ့ သုံးတာတဲ့။ အစ်မ စသမျှ အစ်မပြောသမျှက အဲ့လိုအပြောခံနေရတော့ အစ်မ ဖေ့စ်ဘွတ်ခ်ကို လုံးဝမသုံးတော့ဘူးဆိုပြီး နှစ်ဆန်းတစ်ရက်နေ့ကစပြီး မသုံးတော့တာပါ၊ 

Voice : ပရိသတ်ကို ပြန်ပြောတယ်ဆိုပြီး တက်လာတာရော အစ်မဘာများပြောချင်သေးလဲ။ 
NSMM : ပရိသတ်တွေက သူတို့ကို ခံပြောတယ်ထင်တယ်၊ သူတို့က ထမင်းရှင်ဆိုပြီး ခံယူထားတယ်ပေါ့၊ အစ်မ ကားတိုက်ခံရလို့ ဖေ့စ်ဘွတ်ခ်ပေါ် တင်ရင်တောင် ပရိသတ်တွေကကောင်းတယ် ပရိသတ်ကို စော်ကားတဲ့ ကောင်မ၊ ဘာဖြစ်ဖြစ်တင်ရင် ပရိသတ်ကို စော်ကားတဲ့ကောင်မဆိုပြီး ပြောကြတယ်၊ ဟုတ်ပါတယ်၊ ကျွန်မ ပရိသတ်ကို စော်ကားမိတဲ့အတွက် အခု ဒုက္ခရောက်နေပါတယ်၊ ကျွန်မက သူတို့ကို စော်ကားတယ်လို့ စိတ်ထဲမှာ ထင်နေခဲ့မိရင် တောင်းပန်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။ 

နန္ဒာ


  • VIA