News

POST TYPE

POPULAR POST

ထိပ်တန်းအဆင့် ကစားသမားများကို ငွေကုန်ကြေးကျခံ၍ ခေါ်ယူရန် ကြိုးပမ်းလာခြင်းကြောင့် အာစင်ဝင်းဂါးနှင့်လမ်းခွဲရန် အာဆင်နယ်တာဝန်ရှိသူများ ဆုံးဖြတ်ခဲ့ခြင်းဖြစ်
01-May-2019


လန်ဒန်၊ မေ ၁

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် နည်းပြ အာစင်ဝင်းဂါးနှင့်လမ်းခွဲရန် ဆုံးဖြတ်လိုက်သည်မှာ အာစင်ဝင်းဂါးက ၎င်းကျင့်သုံးနေသော မူဝါဒများကို အပြောင်းအလဲလုပ်၍ ထိပ်တန်းအဆင့်ကစားသမားများကို ငွေကုန်ကြေးကျခံ၍ ခေါ်ယူရန် ကြိုးပမ်းလာခြင်းကြောင့်ဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။

အာစင်ဝင်းဂါးသည် ၎င်း၏အာဆင်နယ်နည်းပြဘဝဖြတ်သန်းမှု နောက်ဆုံးနှစ်အပိုင်းအခြားများတွင် လာကာဇက်နှင့် အူဘာမီယန်တို့ကဲ့သို့သော ကစားသမားများကို ထိပ်တန်းအဆင့်ပြောင်းရွှေ့ကြေးများ အသုံးပြု၍ ခေါ်ယူခဲ့ပြီး ယင်းအချက်ကို အသင်းပိုင်ရှင် ခရွန်ကီနှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များက မနှစ်မျို့သည့်အတွက် အဆုံးသတ်တွင် အာစင်ဝင်းဂါးကို ရာထူးနုတ်ထွက်ရန် ဝိုင်းဝန်းဖိအားပေးလိုက်ကြခြင်းဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

အာစင်ဝင်းဂါးသည် ပရီးမီးယားလိဂ်နှင့် ဥရောပအဆင့်ပြိုင်ပွဲများတွင် အသင်းပုံရိပ် လျော့ကျလာခြင်းကြောင့် ထိပ်တန်းအဆင့်ကစားသမားများဖြင့် အသင်းကို ပြန်လည်စုဖွဲ့ကာ ပုံရိပ်မြှင့်တင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး အာစင်ဝင်းဂါးမှာ အူဘာမီယန်နှင့် လာကာဇက်တို့ကို ခေါ်ယူရန်အတွက် လိုအပ်သောပြောင်းရွှေ့ကြေးပမာဏကို ရရှိရန် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အချို့နှင့် ထိပ်တိုက်တွေ့၍ အတိုက်အခံပြုခဲ့ရသည်များလည်းရှိကြောင်း ၎င်းနှင့်ရင်းနှီးသူများက ထုတ်ဖော်ပြောကြားထားသည်။

အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီသည် အသင်းပရိသတ်များက အာစင်ဝင်းဂါးကို ရာထူးထုတ်ပယ်ပေးပါရန် တောင်းဆိုသည်များကို အစဉ်တစိုက် လျစ်လျူရှု၍ အာစင်ဝင်းဂါးဘက်က ရပ်တည်ကာကွယ်ပေးခဲ့သော်လည်း ကမ္ဘာ့အဆင့်ကစားသမားများခေါ်ယူရန်အတွက် ငွေအလုံးအရင်း သုံးစွဲပေးရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့အပြီးတွင်မူ ဒါရိုက်တာဘုတ်အဖွဲ့များနှင့်ပူးပေါင်းလိုက်ကာ အဆုံးသတ်တွင် အာစင်ဝင်းဂါးကို ရာထူးနုတ်ထွက်ပေးရန် ၎င်းကိုယ်တိုင်က ဖိအားပေးလိုက်ခြင်းဖြစ်သည်။

ခရွန်ကီသည် လူငယ်ကစားများ၊ သာမန်အဆင့်ကစားသမားများနှင့်သာ အသင်းကို လည်ပတ်လိုသူဖြစ်ပြီး အာဆင်နယ်အသင်းနှင့်ပတ်သက်၍ ခရွန်ကီ ချမှတ်ထားသည့်မူဝါဒမှာ အားကစားစီးပွားရေးနယ်ပယ်ကတစ်ဆင့် အသင်းပုံရိပ်ကို အသုံးပြု၍ စီးပွားရှာရန်သာဖြစ်သည်။




  • VIA