POST TYPE

POPULAR POST

ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ အနိုင်ရမည်ဟု ဒေါက်တာအေးမောင် ပြောကြား
နိုဝင်ဘာ ၅၊ စစ်တွေ

ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီ အနေဖြင့် နိုင်ကိုနိုင်ရမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲဆန္ဒနယ်တွင် လစ်လပ်လျက်ရှိသည့် ပြည်သူ့လွှတ်တော်နေရာတွင် ရခိုင်အမျိုးသားပါတီ (ANP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အဓိက ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း နိုင်ငံရေးသမားများက သုံးသပ်ပြောကြားသည်။

“အမ်းမဲဆန္ဒနယ်မှာ ပြိုင်ရမယ့် အချက်နှစ်ခု ရှိတယ်။ တစ်အချက်ကတော့ အမ်းမဲဆန္ဒ နယ်မြေဟာ ရခိုင်ပြည်နယ်ထဲက နေရာဖြစ်နေလို့။ ဒါကြောင့် မဖြစ်ဖြစ်အောင် ပြိုင်ရမယ့်ဆိုတဲ့ ခံယူချက်နဲ့ ပြိုင်ရမယ် နှစ်အချက်ကတော့ ရခိုင်အမျိုးသားပါတီဟာ နိုင်ကိုနိုင်ရမယ်။ နိုင်ဖို့အတွက်လည်း လူထုနည်းတွေနဲ့ စည်းရုံးလို့ နိုင်အောင်ပြိုင်ဖို့ ခံယူချက် အပြည့်ထားရမယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ANP နိုင်ဖို့အတွက် ပေါ်လစီ ချမှတ်ရမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အမ်းမဲဆန္ဒနယ် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရောင်ပြန်ဟပ်စေနိုင်လို့” ဟု ဒေါက်တာအေးမောင်က The voice သို့ ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အစည်းအဝေးကို နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်၍ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဆုံးဖြတ်မည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီထံမှ သိရသည်။

ဖိုးသီဟ