POST TYPE

POPULAR POST

အင်းလျားကန်ဘောင်တွင် အလှဆင်ထားသည့် ပုသိမ်ထီးများကို ဖြုတ်ယူခဲ့သည့် လူ ၃၀ကို ဖမ်းဆီးပြီး ခံဝန်ဖြင့်ပြန်လွှတ်
15-Apr-2019


ဓာတ်ပုံ - မြို့တော်ဝန်
ရန်ကုန်၊ဧပြီ -၁၅

ပြည်လမ်းမပေါ်ရှိ အင်းလျားကန်ဘောင်လမ်းလျှောက်သင်္ကြန်တွင် အလှဆင်ထားသည့်ပုသိမ်ထီးများကို ဖြုတ်ယူခဲ့သည့် လူအယောက် ၃၀ကို ဖမ်းဆီးခဲ့ပြီး ယနေ့ညပိုင်းတွင် ခံဝန်ဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောကြားသည်။

အဆိုပါ အင်းလျားကန်ဘောင်တွင် ပုသိမ်ထီး အလက် ၆၀၀ ကျော် အလှတပ်ဆင်ထားပြီး ဧပြီ ၁၅ ရက်နေ့၊ နေ့လည်ပိုင်းက ပုသိမ်ထီးအလက်ပေါင်း ၄၀၀ ကျော် ဖြုတ်ယူခံခဲ့ရပြီး ဖြုတ်ယူခံရသည့် ပုသိမ်ထီး ၂၀၇ လက် ပြန်လည်ရရှိခဲ့ကြောင်းနှင့် ဧပြီ ၁၅ ရက်နေ့ ညတွင် ဖြုတ်ယူခံခဲ့ရသည့် ထီးအလက် ၄၀၀ ကျော်ကို ပြန်လည် တပ်ဆင်နေကြောင်း ၎င်းကဆိုသည်။

“ထီးတွေဖြုတ်တဲ့ လူအယောက် ၃၀ ကို သက်ဆိုင်ရာရဲစခန်းကို ခေါ်သွားပြီးတော့ ခံဝန်နဲ့ပြန်လွှတ်ပေးလိုက်တယ်။ ဒါကတော့ ခံဝန်နဲ့ပြန်လွှတ်ပေးရတယ်။ဖမ်းထားလို့လဲမရဘူး။ ထီးတွေ အကုန်လုံးတော့ ပြန်မရဘူး။ ထီးအလက်က ခြောက်ရာကျော်လောက်ရှိတာ။ အလက် ၄၀၀ ကျော်လောက် ပြန်တပ်ရမယ်။ အသစ် ၂၄၀ နဲ့ အဟောင်း ၂၀၇ လက် စုစုပေါင်း ၄၅၀ ပြန်တပ်ရမယ်။ ဒီနေ့ည ပြန်တပ်မယ်။ဒါက လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအပိုင်းက အရေးယူတဲ့အပိုင်းပါ”ဟု ဦးသန်းကဆိုသည်။

သင်္ကြန်အကြတ်နေ့၊ နေ့လည်ပိုင်းက အင်းလျားကန်ဘောင်တွင် အလှဆင်ထားသည့် ပုသိမ်ထီးများ ဖြုတ်ယူခံရသည့် ဗီဒီယိုဖိုင်များနှင့်ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ယင်းပုသိမ်ထီးများ ဖြုတ်ယူခဲ့သည့် လူအချို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ပြည်သူများက ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ အင်းလျားကန်လောင်တွင် ထားရှိထားသည့် ထီးများပျက်စီးမှုအခြေအနေကို ရန်ကုန်မြို့တော်ဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဧပြီ ၁၅ ရက်နေ့ ညပိုင်းတွင် သွားရောက်ကြည့်ရှုပြီး ပုသိမ်ထီးများ အမြန်ဆုံး ပြန်လည်တပ်ဆင်ရန်နှင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခုနှစ်သင်္ကြန်တွင် ပြည်လမ်းမ အပါအဝင် အခြားလမ်းမကြီးများ၌ သင်္ကြန်မဏ္ဍပ်အကြီးနှင့် အလတ် ၃၅ ခုနှင့် ကို ခွင့်ပြုပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ကို ရန်ကုန်မြို့တွင် ယခုနှစ်၌ မဟာဗန္ဓုလပန်းခြံ၊ကန် တော်ကြီးဥယျာဉ်၊ ဦးဥတ္တမပန်းခြံ(ကန်တော်မင်ပန်းခြံ)၊မြကျွန်းသာပန်းခြံနှင့် အင်းလျားလမ်းတို့တွင် ကျင်းပပြုလုပ်ခွင့်ပေး ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

J-10