News

POST TYPE

POPULAR POST

ဆန်တစ်အိတ်၊ ဆီတစ်ပုံး
07-Apr-2019


ကျော်စိုးအိမ်ကို မရောက်ဖြစ်တာကြာပြီ။

အိမ်ဆိုတာကလည်း ကျော်စိုးအမတ်ဖြစ်ပြီးမှ ဝယ်ထားတဲ့ အိမ်ရယ်ပါ။

အမတ်လခတွေစုပြီး ဝယ်သည်ဟုဆို၏။ ဟုတ်မဟုတ်တော့ မသိပါ။

အခုတော့ မရောက်တာလည်း ကြာတာနဲ့ ကျော်စိုးအိမ်ကို အလည်ရောက်ပြီပေါ့....။

အိမ်ဝရောက်တော့ လန့်သွား၏။

ဆန်အိတ်တွေ တပုံတပင်။ ဆီပုံးတွေပင်ပါသေး၏။

ဆန်အိတ်တွေက အိမ်ထဲမှာပြည့်နေလို့ လမ်းမပေါ်တောင် ရောက်နေသည်။

ဘယ်လိုဖြစ်တာတုန်း။ ကျော်စိုးဆန်ကုန်သည်များ လုပ်နေပြီလားဟု တွေးလိုက်မိသည်။

ဒီကောင်လည်းအဲ့လို ဟိုစပ်စပ် ဒီစပ်စပ် ပေါက်ကလုပ်သည့် ကောင်
ကိုး။

ကျော်စိုးဆိုတာ ကျွန်တော့်သူငယ်ချင်းပါ။

အရင်က ဆိုးမိုက်ပေတေပေါ့။ အခုတော့လည်း အကပ်ကောင်း၍ အမတ်ဖြစ်နေသည်။

အရင်က မွဲခဲ့သမျှ အိမ်ပိုင်ယာပိုင် ဖြစ်လာသည့် ကျော်စိုး။ အမတ်ဖြစ်လို့သာပေါ့။

နို့မို့ဆို ကျွန်တော်ပဲ အရက်တိုက်နေရမှာ။

အခုတော့ သူပြန်တိုက်ရှာပါသည်။ လက်ဆောင်ရသည့် အရက်တွေကိုပေါ့။

အမြဲ လုပ်ချင်ရာလုပ်သည့် ကျော်စိုး။ အခုလည်း ဘာတွေ လုပ်ပြန်ပြီလဲ မသိ။

အဲ့အချိန်မှာပင် ကျော်စိုးက ဆန်အိမ်ပုံပေါ် ခုန်ချလာသည်။

“ဟရောင်ဆိုးပေ ... ဘာလာလုပ်သတုန်း ...။ အပြန် ဆန်အိတ်နိုင်သလောက်ထမ်းသွား”ဟုကျော်စိုးက ဆိုလာ၏။

“အေး ... ယူတာပေါ့ ...။ ဒါနဲ့ မင်း ဒီဆန်အိတ်တွေက ဘယ်ကရသတုန်း ...” ဟုပြန်မေးလိုက်တော့ ...။

“အမေစု ကျေးဇူးပေါ့ကွာ ... ဟဟဟဟဟ”

“ဟင်....မင်းကို အမေစုက ဆန်တွေ ပေးလိုက်တာလား...”

“အော်... မင်းမသိသေးဘူးကို ... ဒီလိုလေကွာ...”ဟု ဆိုကာ ကျော်စိုးလည်း ဖြစ်ပုံကို ရှင်းပြတော့သည်။

ဟိုတစ်နေ့ကပေါ့။

တွေ့ဆုံပွဲတစ်ခုတွင်ဖြစ်သည်။

အမေစုက ရဲတွေ လုပ်ပုံကိုင်ပုံကို မကြိုက်ပါက ကိုယ်တိုင်ရဲဝင်ပြီး
လုပ်သင့်ကြောင်း ဆိုလိုက်ရာ ... လူအများ တွေဝေသွားတော့သည်။

ပြီးတော့ အမေစု စကားကို မြေဝယ်မကျ နားထောင်ကြသည်။

လူငယ်များ ရဲစခန်းထဲသို့ ဝင်သွားကြသည်။

ပြီးတော့ “ဦးရဲကြီး ကျွန်တော်တို့ ရဲထဲဝင်ချင်လို့” ဆိုပြီး ဝိုင်းဝန်း တောင်းဆိုကြရာ ... စခန်းမှူးများပင် စိတ်ညစ်သွားလေ၏။

တပ်ဖွဲ့ဝင်အင်အားတော့ တိုးခြေပြီဟု အချို့က တွေးသလို...။ အချို့
ရဲသားကြီးများကတော့....။

ငါတို့ဂွင်တွေ ဝင်လုမယ့်ကောင်တွေလားဟု တွေးလေ၏။

ဘာပဲဖြစ်ဖြစ် လူငယ်များ ရဲထဲသို့ဝင်ကုန်ရာ မကြာခင် ရဲသင်တန်းများကို တိုးချဲ့ဖွင့်လှစ်တော့မည်ထင်သည်။

ထိုအခြေအကို ကျော်စိုးလည်း သိ၏။

အမေစု ပြောစကားကိုလည်း သဘောကျမိ၏။

ရဲကို မကြိုက်ရင် ကိုယ်တိုင်ရဲထဲဝင်ပြီး ပြောင်းလဲပါ။

ဒါဆို ... လဝကကို မကြိုက်ရင် လဝကထဲဝင်ပြီး ပြောင်းလဲ။

စစ်တပ်ကို မကြိုက်ရင်ရော ...။ ဒါဆို စစ်တပ်ထဲဝင်ပြီး စစ်တပ်ကို
ပြောင်းလဲရမှာပေါ့ဟု ကျော်စိုးတွေးမိလေသည်။

“ဟုတ်တယ်လေကွာ ...။ အမေစုတောင် အာဏာရှင်ကို မကြိုက်လို့ ဖြုတ်ချပြီး ... သူကိုယ်တိုင် လုပ်နေတာမဟုတ်လား”ဟု ကျော်စိုးက
ကျွန်တော့်ကို ပြောပြသည်။

ထို့နောက် ကျော်စိုးလည်း ပါတီရုံးသို့သွားသည်။

အမတ်မင်းလာသည်ဆိုတော့ လေးလေးစားစား ရှိကြပါ၏။

တွေ့ဆုံပွဲ အသေးစားလေးပင်ဖြစ်သွားသည်။

ဒါကို ကျော်စိုးက အားမရပါ။ ရပ်ကွက်ထဲက ပါတီဝင်လူငယ်များကို
ထပ်ခေါ်လိုက်သေးသည်။

ပြီးတော့ အမေစု ပြောစကားကိုပင် ပြန်ပြော၏။

“ငါ့ညီတို့ပဲ စဉ်းစားကြည့်။ အမေစုကတော့ ဒဲ့ပဲပြောလိုက်ပြီ။
ရဲတွေကို မကြိုက်ရင် ... ရဲထဲဝင်ပြီး ရဲတပ်ဖွဲ့ကို ပြောင်းလဲပစ်ဆိုတဲ့စကား။
အဲ့စကားက အရမ်းအဓိပ္ပါယ်ရှိတယ်။

ဒါဟာ အမေစုက ပညာရှိနည်းနဲ့ပြောသွားတာပဲ။ ရဲဆိုတာ ပြည်ထဲရေးအောက်က။ ဒီတော့ ပြည်ထဲရေးကို ပြောင်းလဲဖို့ လုပ်နေတာနေမှာ။

ပြည်ထဲရေးကို အဓိက ကိုင်တာက စစ်တပ်ပဲ။ ဒီတော့ ငါ့ညီတို့ အမေစုစကားကို နားထောင်တယ်ဆိုရင် အကုန်လုံး စစ်ထဲဝင်ကြ။

ပြီးရင် စစ်တပ်ကြီးကို ပြောင်းလဲပစ် ...။ ဒါမှ တိုင်းပြည်တိုးတက်မှာ”ဟု ဆိုလိုက်ရာ...။

လူငယ်များ ခဏ တွေဝေသွားသည်။

ပြီးမှ ...။ ဟုတ်ပေသားပဲဟု တွေးမိပုံရသည်။

အချင်းချင်း တိုင်ပင်ကြ၏။

ခေါင်းညိတ်ကြ၏။

ပြီးတော့ မျက်နှာတွင် အားမာန်အပြည့်ဖြင့် ...။

“ဟုတ်တယ် ကိုကျော်စိုးရေ ...။ စစ်တပ်ကြီးကို ပြောင်းလဲပစ်ဖို့ဆိုရင်
ဒီနည်းပဲ ရှိတော့တယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်ထဲဝင်တော့မယ်” ဆိုကြ၏။

“ကောင်းတယ်ငါ့ညီတို့ ...။ မင်းတို့စိတ်ဓာတ်ကို သဘောကျသကွာ ...။ 

ငါတောင် အသက်ငယ်ရင် ဝင်ချင်သေးတယ်။ ကြီးသွားလို့ကွ ...။

ဒီအတိုင်းတော့ ရမ်းမဝင်နဲ့ကွ ...။ မင်းတို့တွေ တကွဲတပြားဖြစ်သွားရင် မကောင်းဘူး။ ဒီတော့ ငါကိုယ်တိုင် ဘယ်တပ်ကိုဝင်ရမလဲ
စုံစမ်းပေးမယ်။ မင်းတို့လည်း ရပ်ကွက်ထဲမှာ လူစုထားလိုက်ဦး ...။ ပြီးရင်
ဘယ်နှစ်ယောက်ရှိလဲဆိုတာ စာရင်းလေးပေး”ဟုဆိုကာ တွေ့ဆုံပွဲလည်း
ပြီးသွား၏။

မကြာမီလူစာရင်းလည်းရ၏။

စုစုပေါင်း ၉၉ ယောက်။ အားလုံးက အရွယ်ကောင်း။

ကျော်စိုးလည်း စစ်တပ်များကို ဆက်သွယ်တော့သည်။

ဘယ်တပ်က လူလိုလဲ။

လူလိုတာတော့ တပ်တိုင်းပင်။

ဒီတော့ လူလိုသည့် တပ်များက သုံးလေးယောက်၊ ငါးယောက်
ခြောက်ယောက် စသည်ဖြင့် ခွဲယူကြသည်။စာရင်းထဲမှာပေါ့။

အပြင်မှာတော့ ၉၉ ယောက်က တစုတစည်းထဲသာ ...။

အဲ့လိုနဲ့ ဒီဆန်အိတ်တွေရလာတာပဲကွာ ...။ တရားဝင်ပေးတာတော့
ဘယ်ဟုတ်မလဲ...။အပြန်အလှန် ကူညီတဲ့အနေနဲ့ ပေးတာပေါ့ကွာ ...။

လူကလည်း ၉၉ ယောက်ဆိုတော့ ဆန်ကလည်း ၉၉ အိတ်။ အချို့တွေက ဆီတွေပါ ပေးတော့ ဆီပုံးတွေရောပေါ့”ဟု ကျော်စိုးက ဆိုလေသည်။

“ပိုက်ဆံကော မရဘူးလား။ အရင်က ငါးသောင်းပေးတယ်ဆို” ကျွန်တော်ကလည်း မေးလိုက်သည်။

“မရပါဘူးကွာ ...။ ကောလာဟလတွေနေမှာပါ”ဟု ကျော်စိုးက
ပြန်ပြော၏။

အင်းလေ သူမရဘူးဆိုတော့လည်း မရဘူးပေါ့။

“ဒါနဲ့ မင်းတို့တွေ စစ်တပ်ကို ပြောင်းလဲဖို့ တပ်ထဲဝင်တာက ၉၉
ယောက်ထဲလား”ဟုကျွန်တော်က မေးလိုက်ရာ ...။

“ဘယ်ဟုတ်မလဲကွ....။ ၉၉ ယောက်ဆိုတာ ငါ့ဆီကပဲ သွားသေးတာ ...။ အခြားလူတွေဆီက သွားတာတွေလည်းရှိသေးသကွ ...။

ပြီးတော့ ကိုယ်တိုင် ဝင်ကြသူတွေလည်း နည်းတာမဟုတ်ဘူး။ ငါ့စိတ်ထင် သိန်းကျော်မယ်ကွ” တဲ့။

“သူတို့တွေရော မင်းလို ဆန်အိတ်တွေရသလား”

“ဒါတော့သိမလဲကွ ...ငါက အရင်ကတည်းက လမ်းကြောင်း သိလို့ရတာ”ဟု ကျော်စိုးက ဆိုသည်။

ဟုတ်တော့လည်း ဟုတ်ပါသည်။ လွန်ခဲ့သည့် ၁၀ ကျော်ကလည်း
ကျွန်တော့်ကို စစ်တပ်ထဲသွင်းဖို့ ကျော်စိုးလုပ်လိုက်သေးသည်။

ဒါပေမဲ့ နှစ်ယောက်သား တပ်ကြပ်ကြီးဆီက မုန့်တွေပဲ စားပြီး
ထွက်ပြေးလာခဲ့ကြောင့် တပ်ထဲမရောက်တာ။

“ဒါနဲ့ ဒီဆန်အိတ်တွေကို မင်းက ဘာလုပ်မှာတုန်း။ ရောင်းစားမှာ
လား”ဟု ကျွန်တော်က မေးလိုက်သည်။

“ဘယ်ရောင်းစားမလဲကွ.....။ နောက်ရွေးကောက်ပွဲက လာတော့မှာ။
ဒီတော့ ရပ်ကွက်မှာ ဒီဆန်တွေကို ဝေမှာပေါ့...” ဟု ကျော်စိုးက ဖြေ၏။

အင်း ကျော်စိုးတောင် နိုင်ငံရေးသမား ဖြစ်လာပြီပဲ တွေးမိတော့သည်။

ဘာပဲပဲဖြစ် စစ်တပ်ကြီးကို ပြောင်းလဲဖို့ လူငယ်တွေကတော့ တပ်ထဲဝင်သွားပြီ။

ကျော်စိုးကတော့ ဆန်အိတ်တွေ ရလိုက်သည်။ အာမီရမ်တွေပါ ပါသေးသတဲ့ ...။ အာမီရမ်ကိုတော့ ရပ်ကွက်ထဲ ပြန်မဝေဘူးဟု ဆိုသည်။

ကျွန်တော်လည်း ဆန်နှစ်အိတ်ကို စက်ဘီးပေါ်တင်ပြီး တွန်းကာ
ပြန်လာခဲ့တော့သည်။

အာမီရမ်ပုလင်းကို ခါးထိုးပြီးတော့ပေါ့။

မကြာမီ စစ်တပ်ကြီးတော့ ပြောင်းလဲတော့မည်ထင်၏။

စိုပြေ