News

POST TYPE

POPULAR POST

ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခြင်း ၁၄ နှစ်ပြည့်ပွဲစဉ်တွင် လီဗာပူးက အေစီမီလန်ကို အနိုင်ရ
24-Mar-2019

လီဗာပူး၊ မတ် ၂၄

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လီဗာပူးအသင်း ချန်ပီယံဖြစ်ခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ်ပွဲစဉ်အဖြစ် လီဗာပူးကစားသမားဟောင်းများအသင်းနှင့် အေစီမီလန်ကစားသမားဟောင်းများအသင်းတို့ အမှတ်တရ ယှဉ်ပြိုင်ခဲ့သည့် ရန်ပုံငွေပွဲစဉ်တွင် လီဗာပူးက အေစီမီလန်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

လီဗာပူးသည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အေစီမီလန်ကို သုံးဂိုးပြတ် ရှုံးနိမ့်နေသည့် အနေအထားမှနေ၍ နောက်ကလိုက်ကစားကာ အဆုံးသတ်တွင် ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရသွားခဲ့ပြီး ယခု လီဗာပူးအသင်းပိုင် အန်ဖီးလ်ဘောလုံးကွင်းတွင်ယှဉ်ပြိုင်သည့် ယင်းချန်ပီယံလိဂ်ဗိုလ်လုပွဲ ၁၄ နှစ်ပြည့်ပွဲစဉ်တွင်လည်း လီဗာပူးက ဂျာရတ်၏နောက်ကျသွင်းဂိုးဖြင့် အေစီမီလန်ကို အနိုင်ယူသွားခဲ့သည်။

လီဗာပူးသည် ယခုပွဲစဉ်တွင် ရော်ဘီဖောင်လာနှင့် ဆစ်ဆီတို့၏သွင်းဂိုးများနှင့်အတူ အေစီမီလန်ကို နှစ်ဂိုး ဂိုးမရှိ ဦးဆောင်ကစားနိုင်ခဲ့ပြီး ယင်းသွင်းဂိုးများကို ပီယာလိုနှင့် ပန်ကာရိုတို့က ချေဖျက်၍ အေစီမီလန်အတွက် ချေပဂိုးများ ရယူပေးသွားခဲ့ကြသည်။

သရေရလဒ်ဖြင့် ပွဲပြီးဆုံးသွားတော့မည်ဟု ထင်မှတ်နေချိန်တွင် ဂျာရတ်က လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးကို ၎င်း၏အမှတ်အသားဖြစ်သော အပြင်းကန်ချက်ဖြင့် သွင်းယူပေးလိုက်ပြီး ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးကစားသမားဟောင်းများနှင့် အသင်းအားပေးသူပရိသတ်များအတွက် အမှတ်တရများစွာဖြင့် ပြည့်နှက်နေသော ဗိုလ်လုပွဲတစ်ပွဲဖြစ်ကြောင်းလည်း ပွဲအပြီးတွင် ဂျာရတ်က ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ဂျာရတ်သည် လက်ရှိအချိန်တွင် စကော့တလန်ကလပ် ရိန်းဂျားအသင်းကို နည်းပြအဖြစ် တာဝန်ယူဦးဆောင်နေပြီး ၎င်း၏အသင်းမှာ စကော့တလန်ချန်ပီယံရှစ်တွင် အမှတ်ပေးဇယား၏ဒုတိယနေရာ၌ ရပ်တည်နေသော်လည်း ဦးဆောင်သူ ဆဲလ်တစ်နှင့် ရမှတ် ၁၀ မှတ်အထိ ကွာဟနေ၍ ချန်ပီယံဖြစ်ခွင့်ရရန် အခွင့်အလမ်း နည်းပါးမှုများရှိနေပြီဖြစ်သည်။



  • VIA