News

POST TYPE

POPULAR POST

တရားမဝင် သွားသည့် မြန်မာလုပ်သား သုံးထောင်ကျော်ကို တရုတ်ကလွှဲပေး
10-Mar-2019
ရန်ကုန်၊ မတ် ၁၀ 

တရုတ်နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများသို့ တရားမဝင် လာရောက်လုပ်ကိုင်သည့် မြန်မာလုပ်သား လုပ်သား ၃၃၀၀ ကျော်ကို တရုတ်အစိုးရက ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကျော်ညွန့်က ပြောကြားသည်။

အဆိုပါ လုပ်သားများသည် ယခုနှစ် ဇန်နဝါရီလမှ မတ် ၉ ရက်အထိ လွှဲပြောင်းပေးထားသောစာရင်း ဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

“နေ့တိုင်း ဖမ်းမိနေတာ။ ဒီမှာက နယ်စပ်မြို့လည်းဖြစ်နေတော့ တစ်ပတ်နေထိုင်ခွင့်လက်မှတ်နဲ့ သွားကြတယ်။ မြန်မာပြည်ထဲ ပြန်မဝင်လာတော့ဘူး။ အလုပ်ကိုင်ကလည်းရှားတော့ ဟိုဘက်ကို တရားမဝင် သွားကြတာပေါ့”ဟု ရဲမှူးက ရှင်းပြသည်။

တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်သူများအနက် မကွေးနှင့် စစ်ကိုင်းတိုင်းမှ လုပ်သားများ အများဆုံးဖြစ်ပြီး မူဆယ်၊ ပန်ဆိုင်း၊ ကြူကုတ်၊ လွယ်ဂျယ်၊ လောက်ကိုင်နှင့် ကန်ပိုက်တီးနယ်စပ် စစ်ဆေးရေးဂိတ်များနှင့် ခိုးဝင်ပေါက်များမှနေ၍ တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ခြင်းဖြစ်သည်ဟု မူဆယ်မြို့ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

မြန်မာလုပ်သားများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ ရင်ကတ်၊ မန်စီမြို့တိုရှိ သံစက်ရုံ၊ ဖုန်းပစ္စည်း ထုတ်လုပ်သည့် စက်ရုံ၊ အထပ်သားစက်ရုံတို့အပြင် စိုက်ပျိုးရေး လုပ်ငန်းခွင်များနှင့် ထမင်းဆိုင်၊ အထည်ဆိုင်နှင့် ပန်းရံလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ တရုတ်ဘက်က လွှဲပြောင်းပေးခဲ့သည့် မြန်မာလုပ်သားများအနက် အမျိုးသား ၂၆၀၀ နှင့် အမျိုးသမီး ၅၀၀ ခန့် ပါဝင်ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်သည့် မြန်မာလုပ်သားများ ဖမ်းဆီးလွှဲပြောင်းပေးခြင်းနှင့်ပတ်သက်၍ အလုပ်သမား ဝန်ကြီးဌာန မူဆယ်မြို့နယ် ဦးစီးမှူး ဦးလှမြင့်သိန်းကို The Voice သတင်းစာမှ ဆက်သွယ်မေးမြန်းရာတွင် “တရုတ်ပြည်ကို တရားဝင် မြန်မာလုပ်သား ပို့ဆောင်ခွင့်လည်း မရှိဘူး။ နှစ်နိုင်ငံ MoU ထိုးထားတာလည်းမရှိဘူး။ ကျွန်တော် ဒါပဲပြောနိုင်မယ်။ ဒီကိုပြောင်းလာတာ လပိုင်းပဲရှိသေးတယ်”ဟု ၎င်းကပြောဆိုသည်။ 

တရုတ်နိုင်ငံရှိ ကြံစိုက်ပျိုးရေးလုပ်ငန်းသို့ တရားမဝင် သွားရောက်လုပ်ကိုင်ခဲ့သည့် စစ်ကိုင်းတိုင်းမှ မြန်မာလုပ်သားများ လုပ်ခလစာ မရရှိခြင်း၊ အစားရေစာ ဖြတ်တောက်ခံရခြင်းများ ယခုနှစ်ဆန်းပိုင်းက ကြုံခဲ့ရသေးသည်။

J-18