News

POST TYPE

POPULAR POST

ယုဇနအိမ်ယာ နှစ်လောင်းပြိုင် လူသတ်ထွက်ပြေးသူ မြိတ်တွင် လာရောက် အဖမ်းခံ
08-Mar-2019


မြိတ်၊ မတ် ၈

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား သတ်၍ ထွက်ပြေး တိမ်းရှောင်လာသူတစ်ဦး မတ်လ ၇ ရက်နေ့တွင် လာရောက် အဖမ်းခံခဲ့ကြောင်း မြိတ်မြို့နယ် တောင်ရှည်နယ်မြေ ရဲစခန်းနှင့် တညက် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လာရောက်အဖမ်းခံခဲ့သူ ကိုထက်ရှိုင်း (ခ) ကိုဖိုးထက် (အသက် ၂၂ နှစ်) သည် မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သည့် မမြမြဝင်းနှင့် ကိုဟိန်း(ခ) ဟိန်းမင်းအောင်တို့နှစ်ဦးအား မမြမြဝင်းနေသည့်အိမ်တွင် သတ်ဖြတ်ခဲ့ပြီး မြိတ်မြို့နယ်၊ တညက်ကျေးရွာ စားမြိန်တောင်ရပ်ကွက်သို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း တောင်ရှည်ကျေးရွာ ရဲစခန်းမှ သိရသည်။

အသတ်ခံရသူ မမြမြဝင်းနှင့် တရားခံဖြစ်သူမှာ သမီးရည်းစားများဖြစ်ပြီး မမြမြဝင်းကို ရုပ်ရှင်ကြည့်ရန် သွားရောက် ခေါ်ယူစဉ် ၎င်းက သူစိမ်းအမျိုးသားတစ်ဦးနှင့်အတူ တွေ့ရ၍ စိတ်မထိန်းနိုင်သည့်အတွက် မီးဖိုချောင်၌ အသင့်ရှိသည့် ကြက်သွန်လှီး ဓားဖြင့်ထိုးသတ်မိခဲ့သည်ဟု ကနဦးထွက်ဆိုထားကြောင်း တောင်ရှည်နယ်မြေ ရဲစခန်းနှင့် တညက်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

"ကောင်လေးက သူတည်းခိုတဲ့အိမ်မှာ အားလုံးကို ဖွင့်ပြောပြီး သူအဖမ်းခံချင်တဲ့အကြောင်း အိမ်ရှင်က ကျွန်တော်ကို ပြောလို့ တောင်ရှည်ရဲစခန်းကို သွားအပ်လိုက်တယ်"ဟု တညက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနောင်နီက ပြောသည်။

မမြမြဝင်းသည် အိမ်ဌားပြီး လာရောက်နေထိုင်သည်မှာ မကြာသေးဟုသိရှိရပြီး အလုပ်မဆင်းသည်မှာ ၃ ရက်ရှိပြီ ဖြစ်သောကြောင့် အလုပ်မှသူငယ်ချင်းများ လာရောက်စုံစမ်းစဉ် သေဆုံးနေသည်ကို တွေ့ရကြောင်း မတ်လ ၇ ရက်နေ့ထုတ် 7 Day သတင်းစာတွင် ဖော်ပြသည်။

လက်ရှိအချိန်တွင် အဆိုပါတရားခံအား အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေပြီး တရားခံအား ရန်ကုန်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း မြိတ်မြို့ မြို့မရဲစခန်းမှ သိရသည်။

Dawei Watch