News

POST TYPE

POPULAR POST

တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့ကို အဂတိကော်မရှင် စစ်ဆေးမှု လူထု ယုံကြည်မှု လျော့ကျ
06-Mar-2019



ထားဝယ်၊ မတ် ၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် လာရောက်စခန်းချကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့၏ အဂတိလိုက်စားမှုကိစ္စ ဖေဖော်ဝါရီလဆန်းမှ စတင်စုံစမ်းစစ်ဆေးနေသည်မှာ မတ်လထဲသို့ ရောက်လာခဲ့ပြီဖြစ်ရာ စစ်ဆေးမှု အချိန်ကြာလာသည်နှင့်အမျှ တနင်္သာရီတိုင်းသားတို့၏ ယုံကြည်မှုတို့ လျော့ကျလာသည်။

ACC အပေါ် ယုံကြည်မှု လျော့ကျလာပြီး လက်ရှိအစိုးရအပေါ်၊ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပေါ်တွင်ပါ ယုံကြည်မှု လျော့ကျနေပြီဖြစ်ကြောင်း ACC ၏ ခေါ်ယူမေးမြန်းခြင်းခံရသူတို့က ပြောကြသည်။

ယခုကဲ့သို့ စစ်ဆေးမှုကြာမြင့်နေခြင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) ကိုယ်၌က အဂတိကင်းပါရဲ့လားဟု လူထုကြားသံသယပိုကြီးထွားစေကြောင်း ထားဝယ်ခရိုင်အတွင်းမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

“ကြာနေတာနဲ့အမျှ အဂတိအဖွဲ့ပေါ်မှာ လူထုတွေ သံသယဖြစ်သွားနိုင်တယ်။ ခုလည်း တချို့လည်း သံသယဖြစ်နေကြပြီ၊ အစိုးရနဲ့ ပါတီပေါ်မှာလည်း ယုံကြည်မှုပိုလျော့လာနိုင်တာပေါ့။ ဒါက စိတ်ပူစရာပါ”ဟု အဆိုပါ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

Dawei Watch ၏ စုံစမ်းမှုအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) သည် ဖေဖော်ဝါရီလကုန်အထိ ထားဝယ်ဒေသခံများကို ခေါ်ယူမေးမြန်းဆဲဖြစ်ပြီး မတ်လ ၂ ရက်နေ့အထိ ထားဝယ်မြို့တွင် ရှိနေဆဲဖြစ်သည်။

ACC သည် ကနဦးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို တိုင်ကြားထားသည့် ထားဝယ်နှင့် မြိတ်မှ ဒေသခံများကို ခေါ်ယူမေးမြန်းခဲ့သည်။

နောက်ပိုင်းတွင် ပတ်သက်ဆက်နွှယ်နေသည့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ အဂတိကိစ္စသိရှိနိုင်သည်ဟု ယူဆသူများကို ခေါ်ယူမေးမြန်းနေကြောင်း မေးမြန်းခံရသူများက ပြောကြသည်။

ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ကိစ္စ၊ GGS ကုမ္ပဏီ၏ လျှပ်စစ်ကိစ္စနှင့် တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့်များချပေးသည့်ကိစ္စ၊ ကိုယ်ရေးအရာရှိနှင့် GGS ကုမ္ပဏီ ၏ဆက်နွှယ်မှု၊ လေယာဉ်ကွင်းကိစ္စ ချုံရှင်းခသိန်း ၄၀၀၀ သုံးစွဲခဲ့သည့်ကိစ္စ၊ သရက်ချောင်းငါး လေလံဈေးနှင့် အခြားအဂတိမြောက်နိုင်သည့်ကိစ္စများကို မေးမြန်းခဲ့သည်ဟု ထားဝယ်ဒေသမှ မေးမြန်းခံရသူတို့က ပြောသည်။

ကော်မရှင် (ACC) မှ ခေါ်ယူ မေးမြန်းသည့် ထားဝယ်ဒေသခံတိုင်းကို အထက်ပါ အချက်များသာ မေးမြန်းနေသည်ဟု ကြားသိရပြီး ယင်းမှာ မလိုအပ်ဘဲ အချိန်ဆွဲနေသည့်သဘော သက်ရောက်နေသည်ဟု ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ACC မှ ခေါ်မေးခံရသည့် ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုသော်လွင်အောင်က ပြောသည်။

“သူတို့ သိသိကြီးနဲ့ လာစစ်တဲ့ပုံစံအပေါ်မှာ သိပ်ပြီးတော့ သဘောမကျဘူးပေါ့။ ကျွန်တော့်ကို မမေးခင်ကတည်းက တချို့လူတွေက Data (အချက်အလက်) တွေပေးထားပြီး ဖြေဆိုထားပြီးလို့ ဒီအချက်အလက်တွေက ပြည့်စုံနေပြီးသား။ ဒါကိုပဲ ထပ်ပြီးမေးနေဆိုတာကြီးက အချိန်ဆွဲနေတဲ့ပုံစံမျိုးပေါ့ဗျာ” ဟု ကိုသော်လွင်အောင်က ဆိုသည်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကိုလည်း အဂတိလိုက်စားမှုနှင့် ပတ်သက်၍ စစ်ဆေးဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ကိုယ်တိုင် Dawei Watch သို့ ဖေဖော်ဝါရီ ၂၀ ရက်က ဖြေဆိုထားသည်။

မြိတ်ဒေသခံအချို့ကိုလည်း ထားဝယ် မြို့သို့ ခေါ်ယူမေးမြန်ခဲ့ရာ ဝန်ကြီးချုပ်ကိစ္စအပြင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း၏ လုပ်ဆောင်ချက်များကိုပါ မေးမြန်းခဲ့ကြောင်း ဖေဖော်ဝါရီလဆန်းက ACC ၏ ခေါ်ယူမေးမြန်းမှုခံရသည့် မြိတ်ဒေသခံ တစ်ဦးက ပြောသည်။

မြိတ်တွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့ လုပ်ဆောင်ခဲ့သည့် အဂတိမြောက်နိုင်သည့် ကိစ္စများ၊ တင်ဒါနှင့် အခြားစီပွားရေးလုပ်ငန်း အပေးအယူများလုပ်ထားသည့်ကိစ္စများ၊ တင်ဒါကိစ္စ မရိုးသားမှုများနှင့် တင်ဒါမခေါ်မီ။ လုပ်ကိုင်ခွင့်မရသေးမီ ကြိုလုပ်ခွင့်ပေးထားသည့် ကိစ္စများ၊ ပိတ်ထားသည့် ငါးအမှုန့်ကြိတ်စက်ရုံကို နှုတ်မိန့်ဖြင့် ပြန်ဖွင့်ခိုင်းခြင်း စသည်တို့ကို အဓိကထားပြောခဲ့ကြောင်း ယင်းမြိတ်ဒေသခံက ပြောသည်။

“အဂတိအဖွဲ့ကို လုံးဝအားမရဘူး၊ ဒီလောက်ကြာအောင် စစ်ဆေးတာကို ကျွန်တော်တို့ အံ့ဩလို့တောင် မဆုံးဘူး။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်မှာ (ဝန်ကြီးချုပ်၊ ဝန်ကြီး) တွေကို အမြန်ဆုံးနည်းနဲ့ဖြုတ်နိုင်ပြီးတော့ တနင်္သာရီတိုင်းမှာ ဘာဖြစ်လို့ လချီကြာနေရလဲ ဆိုပြီးတော့”ဟု ၎င်းက ပြောသည်။

ကော့သောင်း၊ ဘုတ်ပြင်းတို့ကလည်း ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့၏ လုပ်ရပ်အားတင်ပြလိုကြောင်း အဂတိကော်မရှင်ထံ ပြောသည်ကိုပင် လာစရာမလိုတော့ကြောင်း၊ ထားဝယ်နှင့် မြိတ်ကိစ္စဖြင့်ပင် လုံလောက်နေပြီဖြစ်ကြောင်း အဂတိအဖွဲ့က ပြန်ပြောခဲ့သဖြင့် တစ်ပတ်ဆယ်ရက်အတွင်း(ဒေါ်စု ခရီးစဉ်ပြီးပြီးချင်း) ဆုံးဖြတ်ချက် ထွက်လာလိမ့်မည်ဟု ယုံကြည်မိခဲ့သည်ဟု ၎င်းက ဖွင့်ဟသည်။

“မြိတ်ဘက်မှာတော့ အခြေအနေ တော်တော်ဆိုးနေပြီဗျ၊ NLD ပါတီပုံရိပ် တအားထိုးကျသွားတယ်။ လူတွေရဲ့ စိတ်တွေထဲမှာလည်း NLD အစိုးရလက်ထက် ဘာမှမထူးပါလား ဖြစ်နေတာပေါ့၊ လူတွေ တော်တော်စိတ်ပျက်ကုန်ပြီ။ အရေးယူမှုမရှိရင်တော့ ပါတီပုံရိပ် လုံးဝကို ထိုးကျသွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ခေါ်ယူမေးမြန်းခံရသူအချို့ကမူ ACC ၏ မေးမြန်းစုံစမ်းမှုမှာ လာဘ်ပေးလာဘ်ယူမှု သက်သေအထောက်အထား ထင်ရှားပြနိုင်မှ အဂတိမြောက်သည်ဟု သတ်မှတ်သကဲ့သို့ ဖြစ်နေပြီး ဒေသခံများ လက်လှမ်းမမီနိုင်သည့်ကိစ္စများကို လာရောက်စစ်မေးနေသကဲ့သို့ ဖြစ်နေကြောင်း ပြောကြသည်။

“လာဘ်ယူမှ အဂတိမြောက်တယ်ဆိုတော့ အခုလို လာမေးနေတဲ့အပေါ်မှာ အားမရဘူး။ အဂတိမြောက်တဲ့ကိစ္စတစ်ခုကို မမြောက်တဲ့ပုံစံနဲ့ စစ်ချက်ယူနေတဲ့ သဘောမျိုးဖြစ်နေတယ်” ဟု ဖေဖော်ဝါရီ လလယ်တွင် ခေါ်မေးခံရသူတစ်ဦးက ပြောသည်။

အစိုးရအဖွဲ့နှင့် ပါတီတာဝန်ရှိသူများအား တာဝန်သိသိဖြင့် တိုင်ကြားခဲ့သူများကို ပါတီနှင့် ACC က ယခုကဲ့သို့ အထပ်ထပ်အကြိမ်ကြိမ် ခေါ်ယူမေးမြန်းနေမှုကို ဒေသခံအချို့က မနှစ်မြို့ကြပေ။

“ရန်ကုန်မှာအစစ်ခံလိုက်၊ ထားဝယ်မှာ အစစ်ခံလိုက် လုပ်နေရင်တော့ နောက်တစ်ခါ မတိုင်ကြားရဲလောက်အောင်ကို ဖြစ်လာနိုင်တဲ့ အနေအထားမျိုးဖြစ်လာ မယ်။ ဒါဆိုရင်ပြည်သူက အဂတိကော်မရှင် အပေါ် ယုံကြည်မှုရှိလာနိုင်ဦးမလား”ဟု မြိတ် ၈၈ ငြိမ်း/ပွင့် လူထုဆက်ဆံရေးတာဝန်ခံ ဦးလှမော်က မေးခွန်းထုတ်သည်။

မြိတ်နှင့် ထားဝယ်မှ ဒေသခံတို့သည် ဝန်ကြီးချုပ်၊ ဝန်ကြီး ဦးဖြိုးဝင်းထွန်း နှင့် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးတို့ကို အဂတိလိုက်စားမှု၊ တာဝန်မကျေပွန်မှုတို့ဖြင့် အရေးယူပေးရန် ဇန်နဝါရီလကတည်းက တိုင်ကြားထားရာ တိုင်ကြားသူအချို့ကို ပါတီက ရန်ကုန်သို့ ခေါ်မေးခဲ့သေးသည်။

NLD ပါတီဗဟိုက ဝန်ကြီးချုပ်ကိစ္စ အဂတိသို့ လွှဲထားပြီး အဂတိ၏ စစ်ဆေးပေါ်ပေါက်မှုရလဒ်ကို စောင့်ဆိုင်းနေကြောင်း မီဒီယာများသို့ ပြောဆိုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့၏ကိစ္စကို အဂတိကော်မရှင်က စစ်ဆေးနေပြီး အဖြေပေါ်လာပါက ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းတင်ပြမည်ဟု ပြောဆိုထားသည်။ စစ်ဆေးမှုမည်မျှကြာမြင့်မည်ကို မည်သူမျှ ထုတ်မပြောကြပေ။

Dawei Watch မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) ၏ ပြောရေး ဆိုခွင့်ရှိသူအား ဖေဖော်ဝါရီလအတွင်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့တိုင်း ယင်းကိစ္စကော်မရှင်အနေနှင့် ပြောစရာမရှိပါဟုသာ အကြိမ်ကြိမ် ပြန်လည်ဖြေဆိုခဲ့သည်။

စစ်ဆေးမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ အဂတိကော်မရှင်အနေနှင့်လည်းကောင်း၊ ပါတီအနေနှင့်လည်းကောင်း၊ သမ္မတအနေနှင့်လည်းကောင်း တစ်စုံတစ်ရာ အရေးယူလိမ့်မည်ဟူသော တိုင်းရင်းသားအချို့၏ မျှော်လင့်ချက်များ ယုတ်လျော့လာကြပြီဖြစ်သည်။

အချို့ကလည်း အရေးမယူလို၍ အချိန်ဆွဲကာ တိုင်းတွင်းသားများ မည်မျှသိထားသည်ကို ကော်မရှင် (ACC) မှ သတင်းလာနှိုက်နေခြင်းသာ ဖြစ်သည်ဟု စကားနာထိုးလာကြသည်။

ယခုကဲ့သို့ အထပ်ထပ်စစ်ဆေးပြီးမှ အဂတိမမြောက်ဟုဆိုကာ အရေးမယူခဲ့ပါက တိုင်းဒေသကြီးလွှတ်တော်မှ တိုင်းအစိုးရအား အယုံအကြည်မရှိအဆို တင်သွင်းလာလိမ့်မည်ဟု မြိတ် ၈၈ မှ ဦးလှမော်က ယုံကြည်နေသည်။

“လွှတ်တော်တစ်ရပ်အနေနဲ့ အစိုးရကိုအယုံအကြည်မရှိ အဆိုတင်သွင်းရမယ့် အချိန်ရောက်လာလိမ့်မယ်။ စွပ်စွဲအပြစ်တင်မှုလုပ်လိမ့်မယ်လို့ ယုံတယ်” ဟု ဦးလှမော်က ဆိုသည်။

ထားဝယ်ခရိုင်အတွင်းမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကမူ ကော်မရှင်(ACC) အနေနှင့် ဆုံးဖြတ်ချက် မကြာသင့်ဘဲ ကြာနေပြီး အချက်အလက် အသေးစိတ်ကို တိတိကျကျ လိုချင်သဖြင့် စစ်ဆေးနေသည်ဟု ထင်ရကြောင်း ပြောသည်။

“သူတို့ရဲ့ ရလဒ်ပေါ်မှာ မူတည်ပြီး အခြေအနေကြည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့” ဟု ယင်းလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ကော်မရှင် (ACC) မှ ခေါ်မေးခံရသည့် အထက်ဖော်ပြပါ မြိတ်ဒေသခံကမူ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းမှ ပြန်သွားသည့် တစ်လပြည့်ချိန် မတ်လ ၁၅ ရက်နေ့အထိ စောင့်ကြည့်ဦးမည်ဟု ဆိုလာသည်။

ထိရောက်စွာ အရေးယူလိမ့်မည်ဟု မျှော်လင့်ပြီး မျှော်လင့်သည်အတိုင်း ဖြစ်မလာပါက ဆက်လျှောက်ရန်လမ်းကြောင်းများ စဉ်းစားထားပြီးဖြစ်ကြောင်း၊ မြိတ်လူထုနှင့် တိုင်ပင်ဆုံးဖြတ်ထားခြင်းမျိုး မဟုတ်သဖြင့် စဉ်းစားထားချက်ကို ထုတ်မပြောလိုသေးကြောင်း ယင်းမြိတ်ဒေသခံက ပြောသည်။

“ကျွန်တော်တို့ ထပ်လုပ်မှာပါ။ လွယ်လွယ်နဲ့ အလျှော့မပေးပါဘူး။ ဒီလိုမျိုးလုပ်လို့ရရင် နောင်လာနောက်သား နိုင်ငံရေးသမားအားလုံးက ဒီလိုပဲ လုပ်စားကုန်မှာ ကြောက်တယ်”ဟု ၎င်းက ဆိုသည်။

Dawei Watch